Monday, November 18, 2013

သောတာပန်၏ ထူးခြားချက်(၇)ရပ်

"သောတာပန်၏ ထူးခြားချက်(၇)ရပ်":


ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။


သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွ န့်တယ်။ ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။ စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ "၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ"ပဲ။


ဉာဏ်နဲ့ကြည့်လိုက်တော့ဝိပရိဏာမလ က္ခဏာတွေချည်းပဲ၊ ဖောက်ပြန်တာချည်းပဲ။အထည်မကျန်ဘူး။ ဝေဒနာပေါ်ရင် ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။


ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလား လို့ ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်။ မြင်ပြီးတော့ မိမိခန္ဓာကြီးသည် ဖောက်ပြန်ပျက်စီးမှုမှတစ်ပါး ဘာမှမရှိ၊ တကယ့်ကို ရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ ဉာဏ်တက်လာမယ်။ ဉာဏ်တက်ပြီးနောက် ရွံစရာမုန်းစရာခ န္ဓာကြီးတော့ သိမ်းမှတော်မယ်၊ သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်။ ဒီဉာဏ်တက်လာခဲ့ရ င် ရှေ့ဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ ၀ိပရိဏာမဒုက္ခတွေ ချုပ်သွားလိမ့်မယ်။


♦ အ၀ိပရိဏာမ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှု ၀ိပရိဏာမတွေ မရှိတော့ဘူး၊ အခုမှပဲ ဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်းသွားတာ တွေ့ရတော့တယ် ဆိုတဲ့ ဉာဏ်လာတယ်။ ဒါဖြင့် ဖောက်ပြန်ပျက်စီးမှုဇာတ်သိမ်းတာက နိရောဓသစ္စာ၊ တွေ့တဲ့ဉာဏ်က မဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော။ မဂ်ရ ဖိုလ်ရတာပဲ။ မဂ်ဖိုလ်ရရင် ပစ္စဝေက္ခဏာ ရတာပဲ။ ပစ္စဝေက္ခဏာရတာ အထူးပြောဖို့မလိုဘူး၊ ၀ီထိနိယာမသဘောအတိုင်း မဂ်ဖိုလ်ရရင် သူရမှာပဲ။ မဂ်ရဖို့သာ အဓိကဖြစ်တယ်။


♦ ၀ိပရိဏာမဒုက္ခသစ္စာမြင်နေတုန်း ကိစ္စဉာဏ်။ ၀ိပရိဏာမဆုံးသွားတာမြင်လိုက်တော ကတဉာဏ်။ ကတဉာဏ်ဆိုတာ ငါသောတာပန်တည်ပြီလို့ သိလိုက်ရတဲ့ဉာဏ်။ မဂ်ဉာဏ်ကတက်ပြီး သောတာပန်တည်ပြီလိ့သိလိုက်ရတဲ့ဉာဏ်၊ ဖောက်ပြန်တဲ့ကိစ္စတွေ မမြင်တော့ဘဲ ဖောက်ပြန်တဲ့ကိစ္စတွေ ရှာမတွေ့တော့ဘဲ ဖောက်ပြန်ခြင်းကင်းတာကို မြင်တဲ့ဉာဏ်ဟာ ကတဉာဏ်။


ဒါဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့ သိတဲ့ဉာဏ်က သစ္စဉာဏ်၊ ပေါ်တာဟူသရွေ့ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုသိတော့ ကိစ္စဉာဏ်၊ ပေါ်လာတာလေးတွေက ပေါ်လာတဲ့သဘောတွေ အကုန်စွန့်ပြီး ဖောက်ပြန်ပျက်စီးသွားတာလေးတွေပဲ ဆက်တိုက်မြင်နေရင် ဒါကို ကိစ္စဉာဏ်။


ဖောက်ပြန်ပျက်စီးတဲ့ကိစ္စ မမြင်ပြန်တော့ ကတဉာဏ်။ ဖောက်ပြန်ပျက်စီးတာတွေတော့မမြင်ရတော့ဘူး၊ မဖောက်ပြန်မပျက်စီးတဲ့ ချမ်းသာလေးတစ်ခု တည်းပဲ မြင်နေတယ်ဆိုရင် ဒါ ကတဉာဏ်ပဲ။ ဒီဉာဏ်သုံးဉာဏ်နဲ့ပဲ တက်လိုက်ပါ။


♦ အကျဉ်းအားဖြင့် သစ္စာသိရင် သစ္စဉာဏ်၊ ဖောက်ပြန်တာသိရင် ကိစ္စဉာဏ်၊ ဖောက်ပြန်တာတွေ မတွေ့တော့ဘူးဆိုရင် ကတဉာဏ်။


♦ ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။ သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့ မတူတာ ခုနှစ်မျိုးရှိတယ်။


♦သောတာပန်လဲ လောဘ ဖြစ်သေးတယ်၊ ဒေါသလဲ ဖြစ်သေးတယ်၊ မောဟလဲ ဖြစ်သေးတယ်။ ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလဲ ဖြစ်သေးတယ်။ ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလဲ ဖြစ်သေးတယ်။ ကုက္ကုစ္စလဲ ဖြစ်သေးတာပဲ။ ဒီတရားတွေက ပုထုဇဉ်မှာလဲ ဖြစ်တယ်၊ သောတာပန်မှာလဲ ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ ကတဉာဏ်ရလို့ သောတာပန်တည်ပြီး သားပုဂ္ဂိုလ်က ဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။


♦ ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲ ဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့ နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေ ဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိ ချက်ချင်းလိုက်တ ယ်။ ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊ မပယ်နိုင်သေးလို့ ဖြစ်တာ။


♦ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။


လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လဲ ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်က ဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။ သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ ဒါပေမယ့် နောက်က အသိနဲ့ ပြန်လိုက်ပေးလို က်တယ်။ ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။


♦ နံပါတ်(၂)က လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲ ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။ သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။ လောဘ ဒေါသ မောဟတွေကတော့ ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။ သို့သော် ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှ မကျေဘူး ဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ ကိလေသာတွေ လာသော်လဲ ငြိမ်းအေးအောင်လ ပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့် မှားရင် မှားမှန်း ချက်ချင်းသိတယ်၊ ငြိမ်းအောင်လုပ် ပစ်တယ်။ လောဘ ဒေါသတွေနဲ့ မှားတာကိုပြောတာ။


♦ (၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။


♦ (၄)နံပါတ်က ရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့ သိက္ခာပုဒ်တစ်ခုခု ချိုးဖောက်မိရင် အပြစ်သင့်တယ်။ အာပတ်သင့်တယ်။ အဲဒီအပြစ်ကို သိလိုက်တာနဲ့ ပျောက်သွားအောင် ချက်ချင်း ဒေသနာကြားတယ်။ အာပတ်ကုစားတာခေါ် တယ်။ လူတွေမှာတော့ တစ်ခုခု မှားလို့ရှိရင် ၀န်ချတောင်းပန်ပြီး ပြေလည်အောင်လုပ် လိုစိတ်ပေါ်လာတယ်။ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင်လုပ်ချင်စိတ်ပေါ်လာတာ။ မှားမိတာ သိလိုက်တာနဲ့ ချက်ချင်း ဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းထိုင်ပစ်လိုက်ပြီး မှားတဲ့အပြစ်တွေ ပြေပြောက်အောင် လုပ်လိုက်တယ်။ ဒါသောတာပန်ရဲ့စိတ်ထားပဲ။


♦ နံပါတ်(၅)က အမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလဲ လိုက်တော့လိုက်တယ်။ ဒါပေမယ့် သူ့ သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် အကူအညီတော့ ပေးတာပဲ၊ ဒါပေမယ့် သူ့သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလဲ သူမပြောဘူ၊ အလိမ်ခိုင်းလဲ မလိမ်ဘူး၊ မတရား ထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။ အမှန်ပြောရင် ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေကာမူ သူကတော့ အမှန်အတိုင်းပဲ ထွက်ဆိုတယ်။ ဒီလိုပြောပေးရင် ငွေပေးမယ်၊ ဘာပေးမယ်ပြောလဲ သူကတော့ မဟုတ်မမှန်တာကို အဟုတ်အမှန်လုပ်ပြီး ပြောမပေးတော့ဘူး။


♦ နံပါတ်(၆)က တရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကို သိပြီး စိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။ မြတ်စွာဘုရား တရားတော်တွေ နာကြားရတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ စူးစူးစိုက်စိုက် နာနိုင်ခြင်းသည် သောတာပန်ရဲ့ သဘောပဲ။


♦ နံပါတ်(၇)က တရားတော်တွေ နာကြားပြီးတဲ့နောက် ပြောလို့လဲ မပြီးနိုင်၊ ၀မ်းမြောက်လို့လဲ မဆုံးနိုင်ဘူးတဲ့။ သိပ်ပြီး သဘောကျလွန်းလို့ ပီတိသောမနဿတွေဖြ စ်ပြီး တော်တော်နဲ့ မပျောက်နိုင်ဘူး။


♦♦♦ အကျဉ်းပြန်ချုပ်လိုက်ရင်- ♦♦♦


၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။


၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လ ပ်နိုင်ခြင်းသည် သောတာပန်ရဲ့ အသိ။


၃။ ဤသာသနာမှတစ်ပါး အခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ယ ကြည်မှုဟာလဲ သောတာပန်ရဲ့ သဒ္ဓါ။


၎။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလဲ သောတာပန်ရဲ့ သဘော။


၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လဲ သီလ သမာဓိ ပညာ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။


၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။


၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ၀မ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန်။


ပုထုဇဉ်နဲ့ သောတာပန် ဒီ(၇)ချက်မှာ ထူးခြားတယ်တဲ့။ ကောသမ္ဘီရဟန်းတွေ အကြောင်းပြုပြီး ဟောတာ။ ဥပမာ သောတာပန်လဲ ရန်တော့ ဖြစ်တာပဲ။ ဒါပေမယ့် ဖြစ်ရင် ဖြစ်မှန်းနောက်က သိတယ်။ သိလိုက်တော့ ငြိမ်းအောင်လုပ် လိုက်တယ်။ သိလို့ ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလ၊ သမာဓိ၊ ပညာကိုသာ ငဲ့လေ့ရှိတယ်။ တရားနာတဲ့အခါမှာ အခြားစိတ်တွေ အ၀င်မခံဘူး။ တရားနာရတော့ ၀မ်းသာလို့မဆုံး ပီတိသောမနဿတွေလဲ ဖြစ်လို့မဆုံးဘူးတဲ့။ ဒါ ပုထုဇဉ်နဲ့ မတူတဲ့အချက် (၇)ချက်။ ဒီ(၇)ချက်နဲ့ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။


(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ ကောက်နုတ်တင်ပြ ခင်းသာဖြစ်သည်။)


[ဒေါက်တာ အရှင်ပါရမီ]


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT