Monday, November 11, 2013

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ

"ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ တရားတော်မှ---"


ဒီဒေသနာတော်မှာ မြတ်စွာဘုရားက ဘာကို အကြောင်းပြုပြီး ဟောခဲ့တာလဲလို့ဆိုတော့ လူမိုက်နက္ခတ်ပွဲကို အကြောင်းပြုတာ။ မြတ်စွာဘုရား လက်ထက်မှာလည်း အလွန်ဆိုးတဲ့ အခြေအနေတွေ၊ လူမိုက်တွေ ရှိတာပဲ။ ဘယ်ခေတ်မှာမဆို ပညာရှိတဲ့လူနဲ့ ပညာမဲ့တဲ့လူ အမြဲတမ်းရှိတာပဲ။ ပညာမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်က တစ်မျိုး၊ ပညာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်ကတစ်မျိုး၊ ပညာမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ အတွေးက တစ်မျိုး၊ ပညာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အတွေးက တစ်မျိုး၊ ဒီနှစ်မျိုးဟာ ပေါင်းစပ်လို့ရနိင်တဲ့ အနေအထားမရှိဘူး။ မြတ်စွာဘုရား ၂၅-နှစ် သီတင်းသုံးခဲ့တဲ့နေရာ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်း၊ သာဝတ္ထိမြို့ကို အမှီပြုပြီး ဘုရားက ၂၅-နှစ်တောင် နေခဲ့တာ။ ဘယ်နေရာမှ ဒီလောက်အကြာကြီး မနေဘူး။ ဆွေတော် မျိုးတော်တွေ ဆောက်လုပ်ထားတဲ့ နိဂြောဓာရုံကျောင်းတောင်မှ ဒီလောက်အကြာကြီးနေတာ မရှိဘူး။ အဲဒီ သာဝတ္ထိမှာတော့ မြတ်စွာဘုရားက အကြာကြီး သီတင်းသုံးတယ်။ အဲဒီလို ဘုရားအကြာကြီး သီတင်းသုံးတဲ့ သာဝတ္ထိကလူတွေဟာ အကုန်လုံး ပညာရှိတွေချည်းပဲ ဖြစ်သလား၊ လူ့ယဉ်ကျေးတွေချည်းပဲ ဖြစ်သလားဆိုတော့ မဖြစ်ဘူး။ လူဆိုးလူမိုက်တွေ အများကြီးပဲ။ "ဗာလ နက္ခတ္တ" ဆိုတဲ့ သူတို့မှာ လ,အလိုက် နက္ခတ်ပွဲတွေ ရှိတယ်ပေါ့။ ဘယ်နက္ခတ်နဲ့တွေ့ ရင် ဘာလုပ်၊ ဘယ်နက္ခတ်နဲ့တွေ့ရင် ဘာလုပ်၊ နက္ခတ်အလိုက် ဆိုပါစို့၊ လပြည့် လကွယ် ကောင်းကင်က moon. ဆိုတဲ့ လ, ကြီးရဲ့ အနေအထားကို ကြ့်ပြီးတော့ လူတွေ ရက်တွက်ကြတယ်။


......အဲဒီလို နက္ခတ်တွေရဲ့ နာမည်နဲ့ ဟော သွား၊ အဲဒီထဲမယ် ဗမာမှာတောင် ရှိတယ်ထင်တယ်။ တန်ဆောင်မုန်းလပြည့်ဟာ စောရနက္ခတ်ဆိုပြီးတော့ လပြည့်နေ့မှာ မဟုတ်တရုတ်လုပ်တာတွေ အများကြီးရှိတယ်။ ဆိုင်းဘုတ်တွေ ဟိုရွှေ့ ဒီရွှေ့၊ ဗမာပြည်မှာလည်း လုပ်ကြတာတွေ ရှိတယ်ပေါ့။ အဲဒီ တန်ဆောင်မုန်းလြ ပည့်နေ့လည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ စာထဲမှာတော့ ဘယ်လလို့တော့ မပြောဘူး။ ဗာလနက္ခတ်က လူမိုက်တွေရဲ့ ပွဲလမ်းသဘင်ကျင်းပတဲ့ နက္ခတ်ပွဲသဘင်ရှိ တယ်တဲ့။ သူတို့ဆီမှာဆိုရင် တစ်လတစ်ခါ နက္ခတ်ပွဲတွေလုပ်ကြတယ်ပေါ့။ ပူဇော်ပွဲတွေ လုပ်ကြတယ်။ အဲဒီထဲမယ် သူတို့ကိုးကွယ်တာကလည်း အမျိုးမျိုးရှိတယ်။ ကောင်းတဲ့ဟာ ရှိသလို မကောင်းတာလည်းရှိတယ်။ အဲဒီ တချို့ နက္ခတ် ဗာလ နက္ခတ်ကျတော့ သူတို့စာဆိုအရ အဲဒီနေ့မှာ ဘာလုပ်တုန်းဆို ပါးစပ်က ယုတ်ယုတ်မာမာစကားတွေ ပြောကြတယ်။ အိမ်တိုင်းအိမ်တိုင်း လိုက်ပြီးတော့ ယုတ်ယုတ်မာမာ စကားတွေ မကြားဝံ့ မနာသာ စကားတွေ ပြောကြတယ်။ ဟဲ့ တော်ကြပါတော့ဆို ပိုက်ဆံလေးပေးလိုက်ရင် ထွက်သွားကြတယ်။ ပိုက်ဆံမပေးမချင်းတော့ မဟုတ်တရုတ်တွေ ပြောကြတာပဲ။ စာထဲမှာတော့ "အသဗ္ဘီဝါစာ" ဆိုတာ လူကြားထဲမှာ ကြားမကောင်းတဲ့စ ကားလို့ပြောတာ။ ကိုယ့်ဘာကိုယ်သာ တွေးကြည့်တော့။ လူကြားထဲမှာ နားထောင်လို့မကောင်းတဲ့ စကားမျိုးတွေ ပြောကြတယ်။ ယုတ်ယုတ်မာမာ စကားတွေ ပြောတယ်။ အဲဒီတော့ အိမ်တိုင်းအိမ်တိုင်းက ပိုက်ဆံပေးလိုက်တဲ့အခါကျတော့ အဲဒီပိုက်ဆံယူပြီးတော့ သောက်စားပျော်ပါးကြတယ်။ ဘယ်နှစ်ရက်ကြာတုန်းဆိုရင် ခုနစ်ရက်ကြာတယ်။ ဘုရားလက်ထက်က မြတ်စွာဘုရားတောင်မှပဲ ဘုရားကို ကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေက "အရှင်ဘုရားတို့ ဆွမ်းခံမကြွပါနဲ့၊ ဒီခုနစ်ရက်တော့ ကျောင်းမှာပဲ သီတင်းသုံးပါ ဆိုပြီးတော့ ဆွမ်းချက်ပြီး ကျောင်းပို့ကြတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ခုနက လူမိုက်တွေက မကြားဝံ့ မနာသာစကားတွေ ဆဲဆိုပြီးတော့ တစ်မြို့လုံးဟာ အုန်းအုန်းကျက်ကျက် ဖြစ်နေတယ်။ အဲဒီနေ့မှာ ဆဲလည်း ကိစ္စမရှိဘူး။ ဗမာပြည်မှာတော့ တခြားအချိန်မှာ ရေပက်ရင်တော့ ရန်ဖြစ်မှာပေါ့၊ သင်္ကြန်တွင်းမှာတော့ ပက်ရင် ခံနေကြရတာပဲ၊ ပွဲကိုး။ အဲဒီ ဗာလနက္ခတ်ပွဲမှာဆိုလို့ရှိရင် ဆဲချင်တိုင်းဆဲ နားဂွမ်းဆို့ထားမှပဲရမယ်။ ဆဲချင်တိုင်းဆဲ၊ ပြောချင်တာတွေပြော၊ မကြားဝံ့မနာသာတွေပြော၊ ဘာမှ ပြန်ပြောလို့မရဘူး၊ အခါကာလကိုး။ အဲဒီလိုပွဲမျိုးဟာ ဘုရားလက်ထက် သာဝတ္ထိမြို့မှာ ဒီလိုပွဲမျိုး ဖြစ်ခဲ့တယ်။ ခုနစ်ရက်တိတိ လူတွေဟာ ဒုက္ခရောက်ကြတယ်။ လူတော်လူကောင်းတွေ ဒုက္ခရောက်ကြတယ်ပေါ့။ ခုနက လူမိုက်တွေကတော့ ပျော်ကြတယ်ပေါ့။ အဲဒီပွဲကြီး သတ်မှတ်ထားတဲ့ရက ကုန်ဆုံးသွားတော့မှ အားလုံးဟာ နားချမ်းသာပြီးတော့ ဘုရားအမှူရှိတဲ့ သံဃာတွေ မြို့တွင်း ဆွမ်းခံပြန်ဝင်ကြရတယ်၊ ဒီလိုဆိုတယ်။ .....ရွှေကျင်ဆရာတော်ကြီးရေးတဲ့ "တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ" "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" စာတမ်း။ ဘာဖြစ်လို့တုန်းဆို သူ့ခေတ်မှာ ခုနက ဘုရားပွဲတွေက ၀က်သတ်၊ ကြက်သတ်နဲ့ အသားတွေ သတ်ပြီးတော့ ၊ သံဃာတွေ ပင့်ပြီးတော့ ဆွမ်းကျွေးကြတယ်၊ ဧည့်သည်တွေ ဧည့်ခံကြတယ်။ ဒီလိုတွေ ဖြစ်တာကို။ သားကောင်တွေ သတ်ပြီး ဒါန ကောင်းမှုလုပ်တယ်ဆိုလို့ရှိရင် နှစ်ပိုင်းရှိတယ်။ သတ်တဲ့ အပိုင်းက တစ်ပိုင်း၊ ဒါန ကောင်းမှုလုပ်တာက တစ်ပိုင်း၊ သတ်တဲ့အပိုင်းက အကုသိုလ်ဖြစ်တယ်၊ ဒါနကောင်းမှုလုပ်တာ ကုသိုလ်ဖြစ်တယ်။ အဲဒီနှစ်ခုကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ဒါနရလိုက်တာက နည်းနည်း၊ ငရဲကြီးလိုက်တာက များများ။ အဲဒါကို ရည်ရွယ်ပြီးတော့ သူက "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" လို့ ပြောတာ။ ကြားဖူးကြပါလိမ့်မယ်။ အမျိုးသမီးတစ်ယောက်ဟာ အိမ်ကို ဧည့်သည်ရောက်လာတယ်။ အဲဒီနေ့မှာလည်းပဲ အသားမပေါ်ရ ဥပဒေအရ အသားဘယ်မှ ၀ယ်မရဘူး။ အိမ်ရောက်လာတဲ့ ဧည့်သည်ကို သူက ဟင်းကောင်းနဲ့ ဧည့်ခံချင်တယ်။ အိမ်မှာမွေးထားတ ဆိတ်ကလေးကို လည်လှီးပြီး ချက်တယ်။ အဲဒီအမျိုးသမီးဟာ ဘ၀တိုင်း ဘ၀တိုင်းမှာ သူက လည်လှီးပြီးတော့ ချက်လိုက်လို့ သူက ငရဲကျသွားတယ်။ ငရဲကလွတ်တဲ့အခါကျတော့ ဇက်ပြတ်ပြီးတော့ သေရတဲ့ဘ၀က မနည်းဘူးတဲ့။ ဒါကြောင့်မို့ တချို့ကပြောတယ်။ ဆိတ်မွေးအမျှ ခံရတယ်တဲ့။ တချို့က ထင်ကောင်း ထင်လိမ့်မယ်။ ကိုယ်က တစ်ခါတည်း သတ်တာ၊ ဘာဖြစ်လို့ ဒီလောက် ခံရတုန်းဆို လူ့ရဲ့ သန္တာန်မှာဖြစ်တဲ့ စေတနာက နည်းတာမှ မဟုတ်တာ။ အဲဒါမေးလို့ရှိရင် ကိုယ်က ပြန်မေးရလိမ့်မယ်။ သရက်ပင်စိုက်တဲ့ အခါမှာ တစ်စေ့တည်းစိုက်တာ။ အပင်ကသီးတော့ တစ်လုံးတည်း သီးသလား (သို့မဟုတ်) အများကြီး သီးသလား။ တစ်ခုတည်း လုပ်ပေမယ်လို့ အများကြီးရတယ်ဆိုတာ ထင်ရှားတယ်။ လူ့ရဲ့သန္တာန်မှာ စိတ်စေတနာတွေက မြောက်များစွာ ဖြစ်တယ်။ လက်ဖျစ်တစ်ချက်အ တွင်းမှာ စေတနာပေါင်းက ကုဋေတစ်သိန်းလောက် ဖြစ်သွားတယ်။ အဲဒီထဲမှာ အကျိုးပေးနိုင်တဲ့ စေတနာတွေ မြောက်များစွာ ပါတယ်တဲ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာလည်းပဲ တိရစ္ဆာန်ကို လှူလို့ရှိရင် အဆတစ်ရာ၊ ကိုယ်ကျင့်တရား မကောင်းတဲ့ လူကိုလှူရင် အဆတစ်ထောင်တဲ့။ ဒီလိုပြောတာ။ ခုနက အကုသိုလ်အလုပ်တွေလုပ်လို့ အကုသိုလ်တွေ ဖြစ်လာပြီ ဆိုလို့ရှိရင်လည်း ဒီလိုပဲ ခံရတယ်။ အဲဒီ အမျိုးသမီးက ဧည့်သည်ကို ကျွေးမွေး ဧည့်ခံချင်တာ ဒါ ကုသိုလ်ပဲ။ ကျွေးချင် မွေးချင်တယ်၊ မှန်တယ်၊ ဒါ ကုသိုလ်။ သို့သော် ဆိတ်ကလေးကို သတ်လိုက်တာကတော့ အကုသိုလ်ပေါ့။ အဲဒီ အကုသိုလ်ကို ခံရတယ်။ ကုသိုလ်ရဲ့အကျိုးကို ခံရတာ ဒီလောက် မထင်ရှားဘဲနဲ့ လူ့ဘ၀ရလာတိုင်း ရလာတိုင်း (သို့မဟုတ်) ဘ၀တစ်ခု ရတိုင်းရတိုင်း ဇက်ပြတ်ပြီးတော့ သေရတယ်တဲ့။ အဲဒီအကုသိုလ်က ခံလိုက်ရတာ အများကြီးခံရတယ်။ အဲဒါမျိုးကို ရည်ရွယ်ပြောတာ။ "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" တဲ့။ ဒီလိုခံရရင် တော်တော်လေး ကြောက်စရာကောင်းတဲ့ဟာပဲ။


အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝ သ(Ph.D)။


ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာတရားတော်မှ ကူးယူ ပူဇော်ပါတယ်


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT