Sunday, April 21, 2013

အလှူဒါနပြုပြီးအမျှဝေပါ

အလှူဒါနပြုပြီးအမျှဝေပါ (www.infinitydhamma.com)

ပြိတ္တာမ၏ကိုယ်ခန္ဓာသည် အဝတ်အစားဟူ၍တလက်မမျှ မရှိပါ။နံရိုးများအပြိုင်း ပြိုင်းပေါ်လျက်ရှိပါသည်။ အကြောများမှာ သစ်ခြောက်ပင်တွင်တွယ်ကပ်နေသော နွယ်ပင်များနှင့်တူလှသည်။အစားအသောက် အဝတ်အစား ချို့တဲ့လျက်ရှိသည်။အစားအစာကို စိုးစဉ်းမျှ စားရဟန် မတူ။

သင်သည် ဘယ်ဒေသ၊ ဘယ်အမျိုးအနွယ်ဖြစ် ၍ ငါ၏ရှေ့မှောက်တွင် လာရောက်၍ကိုယ်ထင်ရှားပြေ လသနည်း? အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ပြိတ္တာမကို မေးမြန်းလိုက်သည်။

အရှင်ဘုရားတပည့်တော်မသည် ရှေးလွန်လေပြီးသော ၅-ဘဝက အရှင်ဘုရား၏မိခင် ဖြစ်ခဲ့ပါတယ်ဘုရား၊ သို့ပေမယ့်ယခုတော့ အရှင်ဘုရားမြင်တော်မူတဲ့အတိုင်း နံရိုးပြိုင်းပြိုင်းနဲ့ အဝတ်အစားလည်းမပါ၊ ငတ်ပြတ်၍နေပါသည်ဘုရား။

ပြိတ္တာမကြီးက သူမ၏ဘဝဖြစ်ကြောင်းကုန်စင်ကို မထေရ်မြတ်အား ဆက်လက်လျှောက်ထားလေတော့သည်။ ဆက်လက်ပြီးနားဆင်တော်မူပါဘုရား... လွန်သော ၅-ဘဝက အရှင်ဘုရား၏မယ်တော်ကြီး(အမေ) ဖြစ်ခဲ့သော်လည်း တပည့်တော်မ ပြုမိခဲ့သည့် အကုသိုလ်ကံတရားကြောင့် ယခုဘဝမှာ အချိန်မလပ် ဆင်းရဲဒုက္ခကြီးစွာခံစားရကာ ငတ်ပြတ်နေရပါသည်ဘုရား။ လူသူအများစွန့်ပစ်ထားတဲ့ တံတွေး၊နှပ်၊ချွဲသလိပ်ပုပ်များ၊ လူသေကောင်များကိုမီးရှို့တဲ့အခါ စီးကျလာတဲ့အဆီတွေ၊ သားဖွားမိခင်များထံမှထွက်ကျလာတဲ့ သွေးပုပ်၊ ပြည်ပုပ်၊ အညစ်အကြေးများကိုသာ ဆာလောင်ပြင်းပြမှုကြောင့် မရွံမရှာ စားသောက်နေရပါတယ်ဘုရား။ နေစရာလည်းမရှိ၍ သုဿာန်မှာ နေရပါတယ်ဘုရား။ ဆက်လက်၍လျှောက်ထားပါရစေဘုရား ရွှေနားဆင်တော်မူ ပါဘုရား၊

သားတော်ကြီး အရှင်မြတ်ဘုရား...တပည့်တော်မအတွက် ရည်စူးပြီးလှူဒါန်းပေးကမ်းမှုများပြုပေးတော်မူပါ။ အလှူဒါနပြုပြီးနောက်တွင်လည်း အလှူဒါန၏အဖို့ဘာဂကို တပည့်တော်မအားအမျှဝေပေးပါဘုရား။ဤသို့ အရှင်မြတ်ကြီးကပြုလုပ်ပေးပါလျှင် တပည့်တော်မသည် သွေးပုပ်၊ ပြည်ပုပ်နဲ့ အညစ်အကြေးမှန်သမျှကို စားသောက်နေရသောဘဝမှ ကင်းလွတ်ပါလိမ့်မည်ဘုရား။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည မယ်တော်ကြီးဖြစ်ခဲ့ဖူးသော ပြိတ္တာမ၏ဆင်းရဲဒုက္ခကို ကယ်တင်ရန် စီစဉ်လေတော့သည်။ နောက်တနေ့တွင် မထေရ်မြတ်ကြီးသည်အရှင်မောဂ္ဂလာန် စတဲ့မထေရ်သုံးပါးကို ခေါ်ဆောင်ပြီးရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရထံ အကူအညီတောင်းခံရလေသည်။ အကူအညီမှာ အဆောက်အအုံဒါန၊သင်္ကန်းဒါန၊ ဆွမ်းဒါန စသည်များအတွက် စီစဉ်ပေးရန်ဖြစ်သည်။

မင်းကြီးသည် ကျွမ်းကျင်သောအမတ်တဦးကို ဦးဆောင်စေပြီးမြို့တွင်းမြို့ပြင် နှစ်ဌာန၌ ကျောင်းငယ်လေးဆောင်စီ (အာဝါသဒါန)ဆောက် လုပ်ခိုင်းသည်။မင်းကြီးကိုယ်တိုင်လည်းကြွရောက်ကာ လိုအပ်သည်များကိုညွှန်ကြားပြုလုပ်စေခဲ့သည်။ ကျောင်းဆောင် ရှစ်ဆောင် ဆောက်လုပ်ပြီးသောအခါ စားဖွယ်သောက်ဖွယ်ခဲဘွယ်ဘောဇဉ်နှင့်သင်္ကန်းစသော ပရိက္ခရာများလှူရန် အဆင်သင့်စီမံထားလေသည်။ အလုံးစုံပြီးစီးသောအခါ ဗိမ္ဗိသာရမင်းကြီးသည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးထံ လွှဲပြေားအပ်နှံလိုက်သည်။

မထေရ်မြတ်ကြီးသည်စတုဒ္ဒိသာ အရပ်လေးမျက်နှာမ ကြွလာကြကုန်သော ဘုရားအမှူးရှိတဲ့ရဟန်းသံဃာတို့အား မိခင်ဖြစ်ခဲ့ဖူးသော ပြိတ္တာမကြီးအားရည်စူး၍ လှူဒါန်းလေတော့သည်။မိခင်ဟောင်း ပြိတ္တာမကြီးကိုလည်း ကောင်းစွာဖိတ်ကြားပြီးအမျှပေးဝေသည်။ ပြိတ္တာမကြီးကလည်းသာဓုသုံးကြိမ်ခေါ်သည်။အလှူဒါန အဖို့ဘာဂကို သာဓုခေါ်၍ အမျှရရှိသဖြင့် ပြိတ္တာမကြီးဘဝမှ လွတ်မြောက်ပြီး နတ်သမီးဖြစ်သွားသည်။

ပြိတ္တာမကြီးသည်အလှူဒါန၏အဖို့ဘာဂကိုရရှိသဖြင့် နတ်သမီးဖြစ်ကာ နတ်ဝတ်နတ်စားတို့၏အသုံးအဆောင်၊ ဥယျာဉ်၊ရေကန်၊ဘုံဗိမာန်တို့ကိုပြည့်စုံစွာဖြင့် ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ နေရလေတော့သည်။

မယ်တော်ကြီး၏ပြိတ္တာမဖြစ်ရခြင်းမှာ ရှေးအတိတ်အကုသိုလ်ကံကြောင့်ဖြစ်သည်။ ရှေးအတိတ်ဘဝက ဗာရာဏသီပြည်မှ သူဌေးတဦး၏ ဇနီးမယား ဖြစ်ခဲ့သည်။ သူဌေးသည် သာသနာကို ကြည်ညိုသူဖြစ်၍ရဟန်းသံဃာ၊အလှူခံပုဂ္ဂိုလ်များအား အလှူဒါနပြုလေ့ရှိသည်။ဇနီးကတော့ အလှူဒါနပြုရန် ဝါသနာမပါ။တနေ့မှာ သူဌေးခရီးသွားစရာရှိသဖြင့် မယားအားအလှူဝတ်များပြုလုပ်ရန် မှာကြားထားခဲ့သည်။

သို့ရာတွင် ဇနီးဖြစ်သူသည် အလှူဒါနပြုရန် ဝါသနာမပါသူဖြစ်၍ ဒါနဝတ်များကို ဖျက်ဆီးပစ်လေ၏။ ခရီးသွားဧည့်သည်များ ရောက်လာလျှင်ဇရပ်ကောင်းမှာ မထားဘဲဇရပ်ပျက်မှာသာ ထားသည်။ ရောက်လာသမျှသော အလှူခံပုဂ္ဂိုလ်များကိုလည်း “သင်တို့ ကျင်ကြီးကျင်ငယ်ကိုသာ စားသောက်ကြ၊ သွေးပုပ်၊ ပြည်ပုပ်၊ နှပ်၊ တံတွေးတို့ကိုသာ စားသောက်ကြ။ သင်တို့မိခင်၏ ဦးနှောက်ကိုသာ ဖောက်စားကြ”စသော မဖွယ်မရာ စကားများကို ပြောဆိုကာ ကျိန်ဆဲလွှတ်သည်။ ဇနီး၏ဝစီကံကားကြောက်မက်ဖွယ်ကောင်းလေစွ။ ထို့ကြောင့် “ဝစီဘေဒထိတိုင်းရှ”ဆိုကြခြင်း ဖြစ်သည်။

ယင်းသည့် အကုသိုလ်ကံတွေကြောင့် သေလွန်သောအခါ စားရမဲ့၊သောက်ရမဲ့၊ အဝတ်မဲ့၊ နေစရာမဲ့သော ပြိတ္တာမကြီး ဖြစ်ရလေတော့သည်။ သို့ဖြင့်၅-ဘဝက သားတော်စပ်ခဲ့သောအရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးထံ ချဉ်းကပ် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။

မုံရွာ-နေဇာ (ကျမ်းကိုး- သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု)

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT