"သရဏဂုံတည်ခြင်းအကျိုး" •••••••••••••••••••••••••••
ပဒုမုတ္တရ မြတ်စွာဘုရားရှင်ပွင့်တော်မူစဉ်ကာလက ဖြစ်သည်။
ရှေးလွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်၌ဆန္ဒ၀တီပြည်တွင် မိအို၊ ဖအိုတို့ကို ပြုစုလုပ်ကျွေးနေသော အမျိုးကောင်းသား တစ်ဦးရှိသည်။
ထိုအမျိုးကောင်းသားသည် တစ် နေ့သောအခါ ပဒုမုတ္တရ မြတ်စွာဘုရား၏လက်ယာတော်ရံအဂ္ဂသာဝက အရှင်နိဿာမထေရ်ထံသို့ ရိုသေစွာ သွားရောက်ကာ .. ..
"ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ဓမံ္မသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ "ဟု ရွတ်ဆို၍သရဏဂုံဆောက်တည်၏။
ထိုအမျိုးသားကောင်းသည် အနှစ်တစ်သိန်းကာလပတ်လုံး သရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။
ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ ရောက်၍(၈)ပါးသော အကျိုးတို့ကိုခံစားရ၏။
ထိုအကျိုး(၈)ပါးတို့မှာ-
(၁)နေရာမရွေးအပူဇော်ခံရခြင်း။
(၂)ဥာဏ်ပညာ လွန်စွာထက်မြက်ခြင်း။
(၃)များစွာသော စည်းစိမ်းချမ်းသာရှိခြင်း။
(၄)အားလုံး၏ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။
(၅)အသားအရောင် ရွှေအဆင်းကဲ့သို့ တောက်ပခြင်း။
(၆)အရာရာ မိမိအလိုကျဖြစ်ခြင်း။
(၇)မိတ်ပျက်ခြင်းမရှိ၊မိတ်ဆွေပေါခြင်း။
(၈)ဂုဏ်သတင်း မွှေးပျံ့ကျော်စောခြင်းတို့ဖြစ်သည်။
ထိုဘဝမှ စုတေပြီးသောအခါသိကြားမင်းအဖြစ် အကြိမ်(၈၀)၊
စကြာမင်းအဖြစ်(၇၅)ကြိမ်၊
ပဒေသရာဇ်မင်းအဖြစ်မရေမတွက်နိုင်အောင် ဖြစ်ခဲ့သည်။
နောက်ဆုံးဂေါတမ မြတ်စွာဘုရားလက်ထက်တွင် သာဝတ္တိပြည်၌ ချမ်းသာကြွယ်ဝသောသူဌေးအိမ်တွင် လူအဖြစ် ရရှိခဲ့သည်။
ထို့နောက် (၇)နှစ်သားအရွယ်၌ရဟန္တာတစ်ပါးထံ သရဏဂုံ ဆောက်တည်စဉ် မိမိကမ္ဘာတစ်သိန်းက ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီး ပီတိသဒ္ဓါဖြစ်ကာ ၀ိပဿနာဥာဏ်စဉ်ရ၍ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။
ဂေါတမမြတ်စွာဘုရားသည်ထိုသူငယ်ကို ခေါ်၍ ရဟန်းပြုပေးတော်မူသည်။
သရဏဂုံတည်ခြင်း အကျိုးကြောင့် ရဟန္တာဖြစ်ခြင်းက အကြောင်းပြု၍ထိုရဟန္တာအရှင်ကု "တိသရဏဂမနိယထေရ်"ဟု ဘွဲ့မည်ပေးခဲ့သည်။
(အပဒါနပါဠိ၊ ပ-၃၊ သုဘူတိဝဂ်။)
No comments:
Post a Comment