ကုန်းဘောင်ခေတ် ဗန်းမော်ဆရာတော်ဘုရားကြီးမိန့်တော်မူသော အခြေခံကောင်းဖို့လိုကြောင်းပုံပြင် ***************************************
တစ်နေ့တွင် မင်းတုန်းမင်းတရာကြီးသည် ဗန်းမော်ဆရာတော်အား နန်းတော်သို့ပင့်ကာ ဆွမ်းလုပ်ကျွေးပြီးတရားဒေသနာ နာကြား၍အပြီးတွင် လျှောက်ထားသည်မှာ--“မြတ်စွာဘုရားသည် သတ္တ၀ါများအား ကျောသားရင်သားမခွဲခြားပဲ တရားရေ အေး တိုက်ကျွေးပါလျက် အချို့ပုဂ္ဂိုလ်တို့သည် သရဏဂုံသာ တည်၍အချို့မှာ သောတာပန်၊ အချို့မှာ အနာဂါမ်တည်ကြသည်မှာ အဘယ်ကြောင့်နည်းဘုရား” ဗန်းမော်ဆရာတော် ကပြုံးရယ်တော်မူပြီးနောက်---
ဒကာတော် သိလိုသည့်အချက် အချက်ကျကျဥပမာပြောရလျှင် ရှေးအခါက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ဗေဒင် ပညာကို အထူးဝါသနာပါ၍ဒိသာပါမောက္ခဆရာထံဗေဒင်ပညာကို ဆည်းပူးရန် တိုင်ပင် ၍အတူသွားကြလေသည်။ ဒိသာပါမောက္ခကြီးကဗေဒင်ပညာကို အသားပေးပြီး သင်ကြားပေးလေသည်။ တစ်နှစ်ကျော်မျှ သင်ယူမိကြသော အခါဒိသာပါမောက္ခဆရာကြီးအား ခွင့်ပန်ြီ့း မိမိတို့ရွာသို့ပြန်လာခဲ့ကြသည်။ သူငယ်ချင်းနှစ်ယောက်တို့သည် မိမိရွာသို့ မရောက်မီ လမ်းခုလပ်အကြား ရွာ တစ်ရွာသို့နေ၀င်ဖြိုးဖျ ရောက်ရှိသွားကြသည်။ထိုရွာတွင် မိတ်ဆွေတစ်ယောက် အသိရှိသည်နှင့် ၀င်ရောက်တည်းခိုကြသည်။ ၄င်းမိတ်ဆွေ အသိအိမ်တွင် မိန်းမဧည့်သည်တစ်ယောက်ရောက်ရှိနေသည်။
သူငယ်ချင်းနှစ်ယောက်တို့သည် အိမ်ခံမိတ်ဆွေနှင့် စပ်မိစပ်ရာပြောကြရင်းက မိမိတို့သင်ယူလာသည့်ဗေဒင်ပညာအကြောင်းရောက်ရှိသွားကြသည်။ “နေပါဦး၊ဆရာလေးတို့ရဲ့ ကျွန်မမေးပါရဦး” “ဟုတ်ကဲံ့မေးပါ..အလိုရှိတာကိုသာ မေးနိုင်ပါတယ်” “ကျွန်မခင်ပွန်း တစ်ရပ်တစ်ပါးသို့ စီးပွားရှာသွားတာ နှစ်ခါလည်ကျော်သွားပြီ ဆရာလေးတို့ရဲ့၊အဲဒါစာလည်းမလာ လူလည်းမရောက်ဖြစ်နေလို့ ဆရာလေးတို့တွက်ပေးစမ်းပါ”ဟုပြောဆိုကြသည်။ ခုနှစ် သက္ကရာဇ်၊မွေးနေ့များမေးပြီး ပထမသူငယ်ချင်းကတွက်ချက်ပြီး “ခင်ဗျား ခင်ပွန်းသေပြီ”ဟုပြောလိုက်လေသည်။ ဒုတိယ သူငယ်ချင်းကလည်း သူ့နည်းသူ့ဟန်နှင့်တွက်ချက်ပြီး “ခင်ဗျားခင်ပွန်းသေတာမှ ကမ်းနားမှာကျားဆွဲလို့သေပြီ” ဟု တစ်တစ်ခွခွတိတိကျကျဟောလိုက်လေသည်။ ထိုမိန်းမသည် နောက်တစ်နေ့နံနက်တွင် ဗေဒင်ဟောကိန်းအရကမ်းနားသို့ သွားရှာရာ တကယ်ပင် မိမိခင်ပွန်းကို ကျားစားထားသည်ကို ကမ်းနားစပ်တွင် တွေ့ရတော့သည်။္က္က္ကဤတွင် ပထမသူငယ်ချင်းသည် သူ၏ဟောချက် မတိမကျမရောရာ၍ များစွာ မကျေမနပ်ဖြစ်သွားသည်။ “ဟေ့ သူငယ်ချင်း ..ဆရာကြီး ဗေဒင်ပညာကို မင်းကို ပိုပြီးသင်ပေးတယ် ငါ့ကျတော့မရေရာဘူး”ဟု ပြောလိုက် လေသည်။ “ဟ သင်ပေးတာတော့ အတူတူရှိမှာပဲကွ၊ ငါ့ကို ပိုပြီးသင်ပေးမယ်မဟုတ်ပါဘူး”ဟု ဒုတိယသူငယ်ချင်းက ပြောလေရာ “သင်ပေးတဲ့အချိန် အတူတူ၊လက်ဆောင်အသပြာပေးရတာလည်းအတူတူ ငါတော့မကျေနပ်ဘူးကွာ ဆရာကြီးထံပြန်ပြီး မေးကြမယ်ပြောပြီး သူငယ်ချင်း နှစ်ယောက်တို့သည် ဒီသာပါမောက္ခဆရာကြီးထံပြန်သွားကြလေသည်။
ဒီသာပါမောက္ခကြီးဆရာကြီးသည် တပည့်နှစ်ယောက် ပြန်လည်ရောက်ရှိလာသည်ကို အကဲခတ်မိလေသည်။ ဆရာကြီးက တပည့် တို့အား“ မင်းတို့ ခရီးလည်းပန်းလာကြတယ် နားနားနေနေပေါ့ကွာ မနက်လင်းမှပဲ စကားစမြည်ပြောကြတာပေါ့.. ကဲ...အိပ်ကြဦး၊အိပ်ကြဦး”ဟုပြောလေသည်။ နံနက်ဝေလီဝေလင်းအချိန်တွင် ဆရကြီးက“ရော့ ဟောဒီ အရွယ်တူသည့် အိုးနှင့်မြေပေါ် မကျသေးတဲ့ နှင်းရည်ကို ပြည့်အောင်ခပ်ခဲ့ကြ” ဟုပြောပြီး အရွယ်တူသည့် အိုးကလေးနှစ်လုံးကိုတစ်လုံးစီပေးလိုက်လေသည်။
တပည့်နှစ်ယောက်တို့သည် ရေးကြီးသုတ်ပျာ အိုးကိုယ်စီယူပြီး နှင်းရည်များသွားခံကြသည်။ပထမ တပည့်က နှင်းရည်အမြန်ရလိုဇောဖြင့် သစ်ပင်တစ်ပင်မှတစ်ပင်ကူးပြီး အိုးကို အောက်ကခံကာ သစ်ကိုင်းများကို လှုပ်ချလေသည်။
ဒုတိယတပည့်ကမူ ခေါင်းမှ ပ၀ါကိုချွတ်၍၄င်းပ၀ါနှင့်ပင် မြက်၊ သစ်ပင်များပေါ်မှ နှင်းရည်များကို စိုစွတ်စေပြီးအိုးထဲသို့ ညှစ်ထည့်လေသည်။ နေခြည်ရောက်၍ နှင်းပျောက်လာသည့်အခါ နှင်းရည်များကို တစ်ဦးအား တစ်ဦး အသိမပေးဘဲ ဆရာကြီးထံပြန်၍ နှင်းရည်အိုးများ ပေးအပ်ကြသည်အိုးနှစ်လုံးထဲတွင် ပထမလူ၏နှင်းရည်က နည်း၍ ဒုတိယတပည့်၏နှင်းရည်အိုးက ပြည့်လုမတတ်ရလာလေသည်။
ဤတွင်ဆရာကြီးက“မင်းတို့ကို ပညာပေးတဲ့နေရာမှာတော့အတူတူပဲပေးတာ ပါ၊ပညာခံယူတဲ့ တပည့်ရဲ့ ဥာဏ်အပေါ်မှာသာ အဓိကပဲ”ဟု ပြောပြီး တပည့်နှစ်ယောက်အား ပြန်လွှတ်လိုက်လေသည်။ “ဒီဥပမာအတိုင်းပဲ ဒကာတော်ရေမြေ့ရှင်ရဲ့၊ဟောကြားတဲ့ တရားကတော့ အတူတူပါပဲ၊နာယူမှတ်သားတဲ့ ပုဂ္ဂိုလ်ရဲ့ အဇ္ဈသယကသာ အဓိကပဲ”ဟု ဗန်းမော်ဆရာတော်က မင်းတုန်းမင်းအား မိန့်ကြားလိုက်ရာ ဘုရင်မင်းမြတ် များစွာကျေနပ်နှစ်သိမ့်သွားလေသည်။
ကိုးကား : ဦးသိန်းထွန်းမြင့် ဗန်းမော်ဆရာတော် ဥပမာပုံပြင်ဝတ္တုများ
No comments:
Post a Comment