ကောင်းသလား၊ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ်
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။ ဘုရင်ကြီးမှာ အကြံကောင်းဥာဏ်ကောင်းတွေ ပေးတတ်တဲ့ ဘုရင်ကြီးဘယ်သွားသွားသွားလေရာ လိုက်ရလေ့ရှိတဲ့ အပါးတော်မြဲ အမတ်ကြီးတစ်ယောက်လည်းရှိသတဲ့။
တစ်နေ့သောအချိန်အခါမှာ ရှင်ဘုရင်မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။ ဒီလို ခွေးကိုက်လိုက်တဲ့ဒဏ်ရာကြောင့်လက်ညိုးဟာ တစ်နေ့ထက် တစ်နေ့ရောင်ကိုင်းလာသတဲ့။ အနာကလည်းရင်းသထက် ရင်းလာတော့တာပေါ့။
ဒါနဲ့ဘုရင်ကြီးက သူ့အပါးတော်မြဲ အမတ်ကြီးကို "မောင်မင်း၊ငါကိုယ်တော်မြတ်မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့ ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" လို့ခေါ်မေးတယ်။
"ကောင်းသလား၊ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ အပါးတော်မြဲအမတ်ကြီးကပြန်ဖြေတယ်။
ကြာလာတော့ လက်ညိုးရဲ့ အနာအခြေအနေက အတော်လေးဆိုးလာတယ်။ နောက်ဆုံးမှာတော့ဘုရင်ကြီးဟာ သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရပါတော့တယ်။
"ဟယ် ငါ့ကိုယ်တော်ရဲ့လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့ လက္ခဏာပဲ မောင်မင်း။ ဘယ်လို အဆိုးတွေများကြုံလာဦးမလဲ မသိဘူး။ လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲအမတ်ကြီးကို အကြံဉာဏ်တောင်းပြန်သတဲ့။
ဒါကိုလဲ အပါးတော်မြဲအမတ်ကြီးက "ကောင်းသလား၊ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ ပြန်ပြောလိုက်ပြန်သတဲ့။
လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ ဒီကောင်ကအခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက အတော်လေးတင်းသွားတယ်။ ဒါနဲ့အဲ့ဒီ အပါးတော်မြဲအမတ်ကြီးကို ထောင်သွင်း အကျဉ်းချထားလိုက်ဖို့ အမိန့်ပေးလိုက်ပါတော့တယ်။
တစ်နေ့တော့ရှင်ဘုရင်ကြီးဟာ တစ်ကိုယ်တည်း တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို တောကစားထွက်တာပေါ့လေ။ သမင်ကို သဲကြီးမဲကြီးလိုက်ဖို့ပဲ အားသန်နေတဲ့ ရှင်ဘုရင်ကြီးဟာ လိုက်ရင်းလိုက်ရင်းနဲ့ တောနက်ထဲမှာ မျက်စိလည် လမ်းပျောက်သွားပါတော့တယ်။ ဆက်သွားလေ တောနက်ထဲရောက်လေဖြစ်နေတယ်တဲ့။
ကံများဆိုးချင်တော့ တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ ရှင်ဘုရင်ကြီးကိုတွေ့ပြီး ဖမ်းသွားတယ်။ လူရိုင်းတွေကတော့သူတို့ဖမ်းလာတဲ့သူကို ရှင်ဘုရင်မှန်း ဘယ်သိမှာလဲ။
သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက်ဖမ်းမိရင် သတ်ဖြတ်ပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်တဲ့။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့ ကြံရွယ်နေတုန်းမှာပဲ လူရိုင်းတွေရဲ့အကြီးအကဲက ဘုရင်ကြီးမှာ လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာ သတိထားမိသွားတယ်။
အင်္ဂါမစုံတဲ့ လူတစ်ယောက်ကိုယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီးရှင်ဘုရင်ကြီးကိ ပြန်လွှတ်ပေးလိုက်တယ်။
ရှင်ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့ သူ့အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ဆိုသလားပြောဖို့ခက်ပါတယ်"ဆိုတဲ့စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ ယဇ်ပူဇော်ခံရလို့သေပြီလေ။
ဒါနဲ့ပညာရှိအပါးတော်မြဲအမတ်ကြီးကို ထောင်သွင်းအကျဉ်းချထားရာကနေ ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။ နောက်ပြီးဘုရင်ကြီးကစိတ်လိုက်မာန်ပါ လုပ်လိုက်မိတဲ့အ တွက်လည်း အပါးတော်မြဲအမတ်ကြီးကို တောင်းပန်စကားပြောတော့တယ်။
စိတ်မကောင်းတဲ့ မျက်နှာနဲ့ တောင်းပန်စကားပြောနေတဲ့ ရှင်ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီးအခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စမဟုတ်ပါဘူးဘုရား"လို့ လျှောက်တင်လိုက်တယ်။
ဒီစကားကို ကြားရတော့ ဘုရင်ကြီးအတော်လေး အံ့အားသင့်သွားတယ်။ ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေးစဉ်းစားရခက်သွားတယ်။ ဒါနဲ့ရှင်ဘုရင်ကြီးက “အမတ်ကြီး၊ သင့်ကို ဖမ်းဆီးအကျဉ်းချထားတာကို အကျိုးယုတ်တဲ့ကိစ္စ မဟုတ်ပါဘူးလို့ ဘာလို့ ပြောရတာပါလဲ” လို့ မေးပါတယ်။
ဒီတော့ အပါးတော်မြဲအမတ်ကြီးက “ဒါကဒီလိုပါ အရှင်မင်းကြီး၊အကယ်၍သာ အရှင်မင်းကြီးက ကျွန်တော်မျိုးကိုချုပ်နှောင်မထားဘူးဆိုရင် အခုလို တောကစားထွက်တဲ့အခါ ကျွန်တော်မျိုးအရှင်မင်းကြီးနဲ့ အတူ ထပ်ကြပ်မကွာ လိုက်ပါရမှာပါ။ ဆိုတော့ကားအရှင်မင်းကြီးကိုယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့ လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ ကျွန်တော်မျိုးကိုခေါ်ပြီးမုချသတ်ပြီးသကာလ ယဇ်ပူဇော်မှာ အမှန်ပါပဲ။ အခုလို အသက်ရှင် ကျန်ရစ်မှာ မဟုတ်တော့ပါဘူး” လို့ ပြန်ဖြေလိုက်ပါတယ်။
ပုံပြင်လေးကတော့ ဒါပါပဲ ။ —
No comments:
Post a Comment