Friday, April 5, 2013

ဝါယာကို ရှော့တိုက် ကစားခြင်း(၂)

ဝါယာကို ရှော့တိုက် ကစားခြင်း(၂)

အန္တရယ်များတဲ့ မီးအားမြှင့်စက်

မြန်မာနိုင်ငံရဲ့လျှပ်စစ်မီးအသုံးပြုတဲ့ နေရာအတော်များများမှာ မီးအားမြှင့်စက်တွေကို အသုံးပြုကြရပါတယ်။ဝန်နဲ့အားမမျှတဲ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးစနစ်မှာဆိုရင် ဓါတ်အားဆုံးရှုံး မှုလို့ခေါ်တဲ့ ဓါတ်အားလေလွင့်မှုများတဲ့ Line Lossဖြစ်တဲ့ ဓါတ်ကြိုးတွေအပေါ်မှာ ဖြစ်နေတဲ့ Voltage Drop တွေကြောင့်မီးအားတွေကျတာ ဖြစ်ပါတယ်။မီးအားကျလို့ ဘယ်လိုဓါတ်အားဆုံးရှုံးတယ် ဆိုတာတော့ အရင်နုတ်ရေးဖူးပါတယ်။ https://www.facebook.com/notes/ကို-သာ-ပို/ထုတ်တဲ့-လျှပ်စစ်-ဆည်တဲ့-ဇော်မင်း/317496598271306

ဒီလိုမီးအားကျတာတွေကြောင့်အတော်များများသော အိမ်တွေဟာ လျှပ်စစ်ပစ္စည်းတွေ မီးအားကျလို့ ပျက်စီးမှု မရှိရအောင် မီးအားမြှင့်စက်တွေ တပ်ဆင် အသုံးပြုကြပါတယ်။ များသောအားဖြင့် မီးအားမြှင့်စက်တွေကို အော်တို့ (Automatic Voltage Regulator) နဲ့ လက်လှည့် (Manual Voltage Regulator)ဆိုပြီးတော့ ခွဲနိုင်ပါတယ်။ များသောအားဖြင့် သူ့ဆီမယ် အဝင်ဗို့အား၊အထွက်ဗို့အားတွေ ကြည့်နိုင်တဲ့ ဒိုင်ခွက်ရယ် မီးမြင့်အချက်ပေးရယ်၊ လက်လှည့်မီးတင်တဲ့ခလုပ်ရယ်ပါလေ့ရှိပါတယ်။ဘာလို့ မီးမြှင့်စက်တွေကအန္တရယ်များသလဲလို့ဆိုရရင်တော့

(၁) အရည်အသွေးညံဖျင်းမှု များသောအားဖြင့် ဈေးပေါပေါ ခပ်လွယ်လွယ် ဝယ်ယူရရှိတဲ့ မီးအားမြှင့်စက်တွေက အရည်အသွေးညံဖျင်းကြတာ များပါတယ်။သတ်မှတ်ထားတဲ့ စံစနစ်မရှိတာကြောင့် ဝေးသက်သာဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ မီးအားမြှင့်စက် တွေက အန္တရယ် အလွန်ကို များပါတယ်။အထဲက ကြေးကြိုးတွေက လောင်ထားပြီးသားကွိုင်ထုတ်ထဲက ပြန်ထုတ်ပြီးတော့ချည်နဲ့ပြန်ပတ်ထားတဲ့ Cotton Coated Wire တွေသုံးထားတာ၊အထဲက Iron Core ဆိုတာကို ဝေးပေါတဲ့ အရည်အသွေးမမီတဲ့ သံပြားတွေနဲ့ လုပ်ထားတာ။ ပြီးတော့ ဒီသံပြားတွေကို ပြန်တုပ်နှောင်ဖို့သစ်သားတွေနဲ့ အသုံးပြုတာတွေပါ။ကုန်ကျစားရိတ် လျှော့ချဖို့အတွက် အသုံးပြုမယ့် ဝန်ကိုခံနိုင်မယ့်ဝါယာဆိုဒ်ထက် သေးတဲ့ဝါယာတွေကိုသုံးတာလဲပါပါတယ်။ဒီတော့ အသုံးပြုတာ ကြာလာလေလေ မီးအားမြှင့်စက်ကအပူချိန်က တဖြည်းဖြည်းတိုးလာသလို အထဲက သစ်သားနဲ့ ချည်ကြီုးတွေက လောင်စာတွေဖြစ်ပြီးတော့မီးလောင်နိုင်ပါ တယ်။

(၂) မီးအားတက်တာကို ဂရုမပြုမိခြင်း အော်တို မီးစက်တွေမှာ ပြဿနာ သိပ်မရှိလှပေမယ် လက်လှည့် မီးစက်တွေမှာ ဗို့အားက ၂၃၀ထက်ကျော်တဲ့အခါ အချက်ပေးသံ တပ်ထားလေ့ ရှိပါတယ်။ အကြောင်းကြောင်း ကြောင့် အချက်ပေးတဲ့ ကိရိယာ ပျက်နေတာ၊ပုံမှန်အလုပ်မလု ပ်တာနဲ့ မကြားမိတာ (အိမ်မှာ လူမရှိချိန် မီးအားတင်ထားခဲ့ ခြင်း)၊ မီးပျက်သွားချိန်မီးအားပြန်မချမိတာ စတာတွေကြောင့် ပုံမှန်သုံးနေကြ မီးအားထက် ပိုတဲ့မီးအားတွေ ဖြစ်လာတတ်ပါတယ်။

ဒီအခါမှာ လျှပ်စစ်အသုံးအဆောင်တွေ ပျက်စီးပြီးတော့ ဝန်ပိုဆွဲတာမျိုး၊မီးကြိုးအဆက်တွေကနေ မီးပန်းထကူးတာမျိုးတွေ ဖြစ်ပြီးတော့မီးလောင်တတ်ပါတယ်။အထဲက အရည်အသွေးမမီတဲ့ ချည်ပတ် ဝါယာတွေဖြစ်ပါကလ အထဲကနေ မီးစလောင်တတ်ပါတယ်။ များသောအားဖြင့် အိမ်သုံးဝါယာတွေကဗို့အား ၆၀၀ လောက်ကို ခံနိုင်ရည်ရှိတဲ မီးကြိုးတွေဖြစ်ပေမယ့် သက်တမ်းလွန် ကြွပ်ဆတ်နေ (ဝါယာအကြောင်းမှာအသေးစိတ် ရေးပါ့မယ်) တတ်တာကြောင့်မြင့်လာတဲ့ ဗို့အားကို ခံနိုင်ရည်မရှိပဲနဲ့ မီးထလောင်တာ၊ ဝါယာရှော့ဖြစ်တာတွေ ကြုံရတတ်ပါတယ်။

(၃) မီးအားမြှင့်ခြင်းကြောင့် ဝါယာတွင် ဝန်ပိုဆွဲခြင်း ဒါကတော့ ဖြစ်နေကြ အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီအပိုင်းကို အထောက်အကူဖြစ်အောင် ပုံကြမ်းလေး ခြစ်ထားပါတယ်။ပထမဆုံးသိရမှာက မီးအားမြှင့်စက်ရဲ့ အဝင်ဖက်က ဗို့တွေ၊အမ်ပီယာတွေနဲ့အထွက်ဘက်က ဗို့နဲ့ အမ်ပီယာပါ။မီးအားမြှင့်စက်ဆိုတဲ့ ထရန်စဖော်မာရဲ့ ပါဝါအဝင်ဟာ အထွက်ပါဝါနဲ့ မီးအားမြှင့်စက်ကနေ ဆုံးရှုံးသွားတဲ့(အပူ) ဆုံးရှုံးမှု ပေါင်းခြင်းနဲ့ မူတည်ပါတယ်။ ဆုံးရှုံးတာကို ခဏဖယ်စဉ်းစားမှ လွယ်မှမို့ ခပ်လွယ်လွယ် တွက်ကြည့်ရအောင်။

ပထမဆုံးသိထားရမှာကတော့ လျှပ်စစ်ရဲ့ပါဝါ (Watt) တွက်တဲ့ ပုံသေနည်းပါ။ " Power (P) = Voltage (V) x Ampere (A) " ဖြစ်ပါတယ်။ အဝင်နဲ့ အထွက်နဲ့ ပါဝါတူတယ်လို့ ယူဆတဲ့အတွက် အဝင် Power(P1) ဟာ အထွက် Power(P2)နဲ့ ညီတယ်လို့ ယူဆပါတယ်။ဒီကနေမှ

" P1 = P2 V1 x I1 = V2 x I2 (P = V x I) I1 = (V2 x I2) ÷ V1 "

ဒီနေရာမှာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အသုံးပြုတဲ့ အမ်ပီယာက ပုံသေဖြစ်ပါတယ်။ ဒါပေမယ့် မီးအားကျလို့ ဗို့အားမြှင့်တဲ့အခါ မီးအားမြှင့်စက်ရဲ့ အဝင်ပိုင်းရဲ့ ဆွဲတဲ့ အမ်ပီယာက တက်လာမှာပါ။ဥပမာ ၃၀ အမ်ပီယာ ဆွဲတဲ့ ဝန်ရှိတဲ့ အိမ်တစ်အိမ်မှာ အဝင် ၁၄၀ ဗို့ကို မီးအားမြှင့်စက် နဲ့ မြှင့်သုံးတယ် ဆိုကြပါစို့။ ဒီတော့ ဒီနေရာမှာ V1=၁၄၀ ဗို့၊ V2 =၂၂၀ ဗို့ (၂၂၀ ဗို့ရအောင် မြှင့်မှာကိုး)၊ I2 = ၃၀ အမ်ပီယာ (ဒါတွေက မီးအားမြှင့်စက် အထွက်ကနေဆွဲမှာဆိုတော့ I2ပေါ့)။ ဒီကနေမှ မီးအားမြှင့်စက် အဝင်ကနေဆွဲမယ့် အမိပီယာကို တွက်ကြည့်ရအောင်။

" I1 = (V2 x I2)÷ V1>> I1 = (၂၂၀ x၃၀) ÷ ၁ ၄၀= ၄၇ အမ်ပီယာ " ဖြစ်ပါတယ်။

မီးအားသာ ၁၂၀ဗို့ပဲ ရှိခဲ့ရင် ၅၀အမ်ပီယာကျော် ဆွဲမှာပါ။ ဒါတွေဟာ မီးအားမြှင့်စက် အဝင်ပိုင်းက မီးကြိုးတွေမှာ ဖြတ်စီးနေမှာ ဖြစ်ပါတယ်။အိမ်တစ်လုံးကို မိးဆင်ဖို့ ဒီဇိုင်လုပ်တဲ့နေရာမှာ ၃၀အမ်ပီယာ ဆွဲမယ့်နေရာမှာ ဘယ်လောက်ပိုပြီးတော့ တွက်ချက်သွယ်တန်းမယ် ယူဆပါသလဲ။စံစနစ်မရှိတဲ့ တိုင်းပြည်မှာ လိုအပ်တာလောက်တောင် မသွယ်တန်းကြတာ အများစုပါ။ ဒီတော့အခါ၃၀ အမ်ပီယာလောက်သာ ဒီဇိုင်လုပ်ထားတ မီးကြိုးဟာ ၅၀ အမ်ပီယာလောက်မှာ အတော်ကို ပူချစ်နေပါပြီ။ မယုံရင် စမ်းသပ်နိုင်ပါတယ်။ မီးအားကျလေလေ ကြိုးက ပိုပူပူလေပါပဲ။(မီးကြိုး ခံနိုင်ရည်အားကိုတစ်ပိုင်းရေးပါ့မယ်) ဒီလိုမျိုး အသုံးပြုတဲ့အတွက်သက်တမ်းမပြည့်မီ မီးကြိုးတွေ ပျက်စီးပါတယ်။ဒါကို လဲလှယ်ခြင်းမပြုပဲ ဆက်သုံးနေကြရင် အကြောင်းတိုက်ဆိုင်တဲ့ ပုံသေတွက်ဆလို့ မရနိုင်တဲ့ တစ်ချိန်ချိန်မှာဝါယာကနေမီးထလောင်နိုင်ပါတယ်။

မီးအားမြှင့်စက်အကြောင်းနိဂုံးချုပ်ရရင် အရည်အသွေးပြည့်မီတဲ့ မီးအားမြှင့်စက်ကို ရွေးချယ်အသုံးပြုပါ။အော်တိုမီးအားမြ င့်စက်ကို အသုံးပြုနိုင်က ပိုကောင်းပါတယ်။ မီးပျက်လျင်၊ အပြင်သွားလျင် မီးမြှင့်စက်ကို ဂိတ်ဆုံးချရန်သတိပြုပါ။ ဖြစ်နိုင်ပါက မိန်းပိတ်သွားပါ။မီးအားမြှင့်စက်မှ အချက်ပေးသံထွက်မထွက်ကို အမြဲစစ်ဆေးနေပါ။ မီးအားမြှင့်စက်ဆိုတာက အမြဲပူနေတဲ့ ပစ္စည်းဖြစ်တာကြောင့် လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ တပ်ဆင်ပါ။ လေဝင်လေထွက်ကောင်းအောင် ပန်ကာတပ်ထားသော စက်များကို ရွေးချယ်အသုံးပြုပါ။

ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီးတော့ဓါတ်တိုင်မှ မီတာသို့ အဝင်ကြိုး၊ မီတာမှ မိန်းသို့ အဝင်ကြိုးနှင့် မိန်းမှမီးအားမြှင့်စက် သို့ ဆက်ထားသော ကြိုးများ၏ခံနိုင်ရည်နှင့် အမှန်တကယ် မီးအားကျပါက ဆွဲနိုင်သည့် အမ်ပီယာတို့ကိုတွက်ချက်ပြီး ကြိုးဆိုဒ်မမှန် (သေးနေပါက) ဆိုဒ်အမှန်ဖြင့် လဲလှယ်သင့်ကြောင်းအကြံပြုလိုပါတယ်။

လျှပ်စစ်အကြောင်းတိတိပပ မသိသေးသူများအတွက် ဦးတည်းရေးပါသည်။

Don't Monkey with Electricity...!!! (ဆက်ရန်)

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT