Thursday, December 26, 2013

အရှင်ဒေ၀ဒတ် (သို့)ပစ္စေကဗုဒ္ဓါအလောင်းတော်

အရှင်ဒေ၀ဒတ် (သို့)ပစ္စေကဗုဒ္ဓါအလောင်းတော်

လူတို့၏ မတူကွဲပြားခြားနားခြင်းတွင် အသွင်သဏ္ဍာန်ပိုင်းအရ ခြားနားခြင်းနှင အနှစ်သာရပိုင်းအရ ခြားနားခြင်းဟူ၍ နှစ်မျိုးရှိသည်။ အသွင်သဏ္ဍာန်ပိုင်းအရ ခြားနားခြင်းဟူသည်မှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ငွေကြေး၊ ရာထူးဂုဏ်သိန်၊ အခြံအရံ၊ သြဇာအာဏာ စသည်တို့အရ ခြားနားခြင်းမျိုးဖြစ်သည်။ အနှစ်သာရပိုင်းအရ ခြားနားခြင်းမှာမူ စိတ်နေစိတ်ထားနှင့် ကိုယ်ကျင့်တရားအရာတွင် ခြားနားခြင်း ဖြစ်သည်။

ကိုယ်ကျင့်တရားကို အနှစ်သာရပိုင်းဟူ၍ ဆိုရသော်လည်းမိမိ၏မကောင်းသော ကိုယ်ကျင့်တရားကို ကောင်းသယောင်ဟန်ဆောင် ဖုံးကွယ်တတ်သော၊ မိမိ၏ မရှိသောဂုဏ်သိက္ခာကို အရှိလုပ်တတ်သောပုဂ္ဂိုလ်မျိုးလည်းရှိပါသည်။ ထိုပုဂ္ဂိုလ်တွင် ကိုယ်ကျင့်သိက္ခာနှင့်ပတ်သက်၍ လေးစားချီးကျူးအပ်ဖွယ်တစ်စုံတစ်ရာသည် မရှိသော်လည်း ထိုသူနှင့် စရိုက်၊ ညဉ်တူသော ပတ်ဝန်းကျင်တွင်မူ ထိုသူတို့ဆောင်ရွက်ချက်အားလုံးကို "မှန်သည်"ဟူ၍ထင်မြင်တတ်သည်။ ဤအဖြစ်မျိုးကို "ပါရိဘာသိကသစ္စာ" ဟူ၍ ခေါ်ဆိုရ၏။သူ့အရပ်သူ့ဇာတ်"လက်ဝါးချင်းကို က်"သော၊ သူ့လူနှင့်သူ"ဟုတ်"သောတရားမျိုး ဟု အနက်အဓိပ္ပါယ် ရနိုင်ကောင်းပါသ ည်။ ဤသည်မှာ ရှင်ဒေ၀ဒတ်ကို ၀ဇ္ဇီတိုင်းသားများကမှန်သည်ဟူ၍ ထင်မြင်တတ်သည့် အတိုင်းပင်ဖြစ်ပါ၏။

ရှင်ဒေ၀ဒတ်ကဤသို့ထုတ်ပြန်ကြေညာဖူးသည်။

(၁)ရဟန်းအားလုံး တောကျောင်း၌သာနေကြရန်။ (၂)ရဟန်းအားလုံး ပင့်ဆွမ်းကို လက်မခံဘဲ ဆွမ်းခံ၍သာဘုဉ်းပေးရန်။ (၃)ပံသကူသင်္ကန်းကိုသာ သုံးကြရန်။ (၄)သစ်ပင်ရင်း၌သာသီတင်းသုံးကြရန်။ (၅)သတ်သတ်လွတ်သာဘုဉ်းပေးကြရန်။

ဤထုတ်ပြန်ချက်များသည်ကား အသွင်သဏ္ဍာန်အရ ကြည့်လျှင် ကြည်ညိုဖွယ်ရာရှိသော်လည်း အနှစ်သာရပိုင်းအရကြည့်လျှင်မူ တန်ဘိုးမဲ့လေ၏။ အဘယ့်ကြောင့်တန်ဘိုးမဲ့ရသနည်းဟူမူ ထုတ်ပြန်ကြေညာသူ၏ ကိုယ်ကျင့်တရား မကောင်းမွန်မှုကြောင့် တန်ဘိုးမဲ့ရလေသည်။ ဤကြေညာချက်သည်ကားမရိုးမသားကြံစည်မှု သက်သက်သာဖြစ်သည်။မှန်၏။

ရှင်ဒေ၀ဒတ်၏ နောက်ခံသမိုင်းကို သိကြသူများက ရှင်ဒေ၀ဒတ်၏ နောက်ကွယ်ကအကြံအစည်ကို ထွင်းဖောက်၍ မြင်ကြသည်။မြင်ကြသဖြင့် ကရုဏာသက်ကြသည်။ပုထုဇဉ်ပညာရှိများကမူ သရော်ပြုံးပြုံးကြသည်။ရှင်ဒေ၀ဒတ်၏ အကြောင်းကိုလည်း မိမိတို့နီးစပ်ရာပုဂ္ဂိုလ်များအား ဤသို့အကျဉ်းချုပ်ပြောပြကြကုန်သည်။

ရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရားကို အနားယူရန်လျှောက်ကြားပြီး သူ့ကို ဘုရား ရာထူးလွှဲအပ်ပေးရ န် တောင်းဆိုခဲ့ဖူးသည်။ ဤတောင်းဆိုချက်ကို ကြည့်လျှင်ရှင်ဒေ၀ဒတ်သည် ပုထုဇဉ်စစ်စစ်ကြီးဖြစ်မှန်းသိသာ၏။စင်စစ် သဗ္ဗညုတဥာဏ်သည်ပေးအပ်၍ရသော တရားမဟုတ်။ပါရမီဖြည့်မှရသောတရားဖြစ်၏။ အရိယာပုဂ္ဂိုလ်သာဖြစ်လျှင် ဤကဲ့သို့ မအပ်သော အတွေးအကြံများကို တွေးမိမည်မဟုတ်။ မဂ်ဥာဏ်ရအောင်အားထုတ်ရသကဲ့သို သဗ္ဗညုတဥာဏ်ရရှိအောင် အားထုတ်ရမည်ဟူ၍သာ နားလည်နိုင်မည် ဖြစ်သည်။

ရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်တော်ကို မယုံကြည်သူ၊ နားမလည်သူလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူ၏ဈာန်အဘိဥာဉ်များကို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဥာဏ်နှင့် နှိုင်းယှဉ်ခဲ့သူ ဖြစ်ကောင်းဖြစ်မ ည်။ အတိုင်းအရှည်ကို မသိခြင်းကားမိုက်မဲသူတို့၏ ဗီဇ ဖြစ်ပါသည်။

ရှင်ဒေ၀ဒတ်သည်ဈာန်အဘိဥာဉ်များရခဲ့ဖူးသည် မှန်၏။ သို့ရာတွင် ထိုဈာန်အဘိဥာဉ် များသည် မြတ်စွာဘုရားကိုသတ်၍ ဘုရားရာထူးကို ယူမည်ဟူသောစိတ်ရိုင်းအကြံအစည် ၀င်သည်မှစ၍ ပျောက်ကွယ်ခဲ့ပါသည်။ ကိလေသာဆင်ရိုင်းများကို ဈာန်တရားက ခေတ္တမျှ ချွန်းအုပ်ထားနိုင်သဖြင့် ပညာမရှိသောပုဂ္ဂိုလ်သည် မိမိသန္တန်တွင် အလုံးစုံသောကိလေသာကင်းပြီဟု ထင်တတ်သည်။ အကြောင်းတိုက်ဆိုင်၍ကိလေသာများ ပြန်လည်ပေါ်ပေါက်ထကြွလာမှ မိမိ၏အခြေအနေကို အမှန်အတိုင်း သိတတ်သည်။နောက်မကျခင် သိရှိရမှကောင်းပါသည်။နောက်ကျခြင်းသည် အ၀ီစိငရဲတွင်ကမ္ဘာပေါင်းများစွာ ခံနေရစေရန်အတွက် လုံလောက်သော "အမှားလုပ်ချိန်"ကို ဖြည့်ဆည်းပေးတတ်ပါသည်။

ရှင်ဒေ၀ဒတ်သည်ဘုရားရာထူးကို ရယူရန်အတွက် မြတ်စွာဘုရားကို သတ်ရန်ကြံစည်အားထုတ်သည်။ ဤကြံစည်အားထုတ်မှုသည်ပင်လျှင်ရှင်ဒေ၀ဒတ်၏ ယုတ်မာမှုကို ဖော်ပြနေခြင်းဖြ စ်၏။ရှင်ဒေ၀ဒတ်သည် ဥာဏ်ကြီးသူဖြစ်သည်။ ဈာန်အဘိဥာဉ်ရှင်ဖြစ်သည်။ အမျိုးဇာတ်ကောင်းသူ ဖြစ်၏။အခြံအရံပေါသူ ဖြစ်သည်။သြဇာရှိသူဖြစ်သည်။သို့ရာတွင် ဤအရာများသည်ကား အသွင်သဏ္ဍာန်များတ ည်း။ တကယ့်အနှစ်သာရအပိုင်းမဟုတ်။ တကယ့်အနှစ်သာရပိုင်းသည်အခြံအရံ၊ ဗဟုသုတ ဥာဏ်ပညာနှင့် ကြောင်းကျိုး ညီညွတ်သည်ဟု ထင်ရသောဟန်ဆောင်ပန်ဆောင်စကားလုံးများမဟု တ်။ သီလဟုခေါ်ရသောကိုယ်ကျင့်တရား သာလျှင် ဖြစ်သည်။

ဤကြံစည်မှုကို ကြံစည်သည်ဟု ကြားသိရသည်နှင့် ပင် ရှင်ဒေ၀ဒတ်သည်အနှစ်ကင်းမဲ့သူ ဖြစ်ကြောင်း ပညာရှိများကသိကြသည်။ အမြစ်အခြေမရှိတော့သောအကိုင်းအဖျားသက်သက်နှင့် ကိုယ်သာဖြစ်ကြောင်းသိကြသည်။ ပညာရှိများအတွက် ကိုယ်ကျင့်တရားမရှိတော့သော ရှင်ဒေ၀ဒတ်သည်ကြည်ညိုဖွယ်ရာလျ ဉ်းမရှိတော့ပေ။

ရှင်ဒေ၀ဒတ်၏ ဘုရားရာထူးလွှဲအပ်ရန် တောင်းဆိုသံကို မြတ်စွာဘုရားကသုံးကြိမ်တိုင်တိုင် တားမြစ်သည်။တားမြစ်၍ မရသဖြင့် မြတ်စွာဘုရားက "ဒေ၀ဒတ်...ငါသည် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလ္လန် တို့ကိုသော်မှ သံဃာအား လွှဲအပ်မည်မဟုတ်။ တံတွေးနှင့်တူသောပစ္စည်းများကို သုံးစွဲနေသူ သင့်အား အဘယ်ကြောင့် လွှဲအပ်ရမည်နည်း"ဟု သံဝေဂရဖွယ်မိန့်ကြားသည်။

မှန်၏။ မိမိနှင့်မထိုက် တန်သောပစ္စည်းများကို ကိုယ်ကျင့်တရားအားအပွန်းပဲ့ခံ၍သုံးစွဲနေခြင်းကား တံတွေးနှင့်တူသောပစ္စည်းများကို သုံးစွဲနေခြင်းေ ပတည်း။တနည်းအားဖြင့် ကိုယ်ကျင့်တရားက အပွန်းပဲ့ခံ၍ရလာသောပစ္စည်းများသည်ကား တံတွေးမစင်ကဲ့သို့ရွံရှာစက်ဆုပ်ဖွယ်ရာဖြစ်ပေသည်။

ရှင်ဒေ၀ဒတ်ကား သံဝေဂရလောက်အောင်ပညာမရှိ။ တလွဲမာနသာရှိသည်။တလွဲမာနကြောင့် ဆုံးမခံရခြင်းကို ၀မ်းမသာတတ်။ ၀မ်းမသာတတ်သဖြင့်ပရိတ်သတ်အလယ်မှ ထွက်သွားသည်။မြတ်စွာဘုရားက ရှင်ဒေ၀ဒတ်နှင့် ပတ်သက်၍"ပကာသနိယကံ" ကို ပြုစေ၏။ ပကာသနိယကံ၏သဘောကားရှင်ဒေ၀ဒတ်ကို သာသနာမှ ကြဉ်လိုက်ခြင်းဖြစ်ပါသည်။ ရှင်ဒေ၀ဒတ်သည်သာသနာနှင့် မပတ်သက်ဟူ၍ သဘောရသည်။ထို့ကြောင့်ရှင်ဒေ၀ဒတ်အနေနှ င့် အားကိုးရာသည် မရှိတော့ပေ။အခြံအရံကို အငတ်မွတ်ဆုံးသူဖြစ်ပါမှအခြံအရံ ပရိသတ်သည်လည်းမရှိတော့ပေ။လာဘ်လာဘကို အမြတ်နိုးဆုံးသူဖြစ်နေပါမှ လာဘ်လာဘသည်လည်း မရှိတော့ပေ။

ရှင်ဒေ၀ဒတ်သည်မာယာ၊သာဋ္ဌေယျ အတတ်၌ အလွန်ကျွမ်းကျင်ဟန်တူ၏။ကောက်ကျစ်သော အရာတွင်လည်းထိုခေတ်က အတော်ဆုံးဖြစ်ဟန်တူ၏။ပရိသတ်စုဆောင်းရ န်အတွက်စဉ်းစားပုံကို ကြည့်ပါ။လူတို့သည် ရုပ်ကိုအကြောင်း ပြု၍ ကြည်ညိုသူသုံးပုံနှစ်ပုံရှိ၏။ကျော်စောသံကို အကြောင်းပြု၍ကြည်ညိုသူက ငါးပုံလေးပုံရှိ ၏။ ခေါင်းပါးသောအကျင့်ကို ကြည်ညိုသူကဆယ်ပုံတွင် ကိုးပုံရှိ၏။ထို့ကြောင့်ခေါင်းပါးသောအကျင့်ကို အကြောင်းပြု၍ဆွဲဆောင်စည်းရုံးရလျှင် ငါ့နောက်လိုက်များဖြစ်လာကြမည်ဟူ၍ စဉ်းစားသည် ဆို၏။ထို့ကြောင့် ခေါင်းပါးသောအကျ င့်နှင့် ပတ်သက်သောအထက်ကဖော်ပြခဲ့သ ည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတော့၏။

အနှစ်သာရပိုင်းကို သိသူများကမူ ပြုံး၍ကရုဏာသက်ြ ကသည်။ ပုထုဇဉ်အချို့ကမူတွေဝေကုန်ကြသည်။ ဟုတ်နိုးဟုတ်နိုးထင်ကြသည်။ပုထုဇဉ်တို့သည် လေယူရာတိမ်းသောဝါးပင်များနှင့် တူသည်။ မိမိကိုယ်တိုင်သိသောတရားဟူ၍ဘာတစ်ခုမျှ မယ်မယ်ရရ မရှိသေးသဖြင့်သူတစ်ပါးက မုန်းစရာပြောလျှင် မုန်း၍၊ ချစ်အောင်ပြောလျှင် ချစ်ကြသည်။ယုံအောင်ပြောလျှင် ယုံကြည်ကြ၍ မြှောက်ပြောလျှင်ကျေနပ်ကြသည်။ အကျင့်ကောင်းလျက်အပြောမတတ်သူကို မကြည်ညိုတတ်ဘဲ အပြောကောင်းလျက် အကျင့်မတတ်သောပုဂ္ဂိုလ်များနောက်သာ တကောက်ကောက် လိုက်သွားချင်တတ်သည်။

အပြောကောင်းသောပုဂ္ဂိုလ်များက အလုပ်လည်းမှန်သယောင် ဟန်ဆောင် လိမ်ညာသည်လည်း ရှိတတ်ပါသည်။ အန္ဓပုထုဇဉ်များအတွက် ထိုအလိမ်အညာများကို ရှောင်ရှားရန်မှာမလွယ်ကူပါ။အရိယာပုဂ္ဂိုလ်များနှင့် ၀ိပဿနာပညာဥာဏ် အားကောင်းသော ပုဂ္ဂိုလ်များကမူ ကိုယ်တိုင်သိသောပညာ၏ အစွမ်းကြောင့်အလိမ်အညာကို အလိမ်အညာဟူ၍ သိကြပေသည်။သိကြသည့်အလျောက် ရှင်ဒေ၀ဒတ် ၏ အလိမ်အညာတရားများကို ထုတ်ဖော် ပြောသင့်သည့်အလျောက် ရှင်းလင်း ပြောကြားရပေသည်။ ထိုသို့ ရှင်းပြထားကြသဖြင့် ပရိသတ်အများစုကရှင်ဒေ၀ဒတ်၏ စကားကို မယုံကြည်ကြ။ရှင်ဒေ၀ဒတ်၏ နောက်လိုက်လည်း မဖြစ်ကြ။ ရှင်ဒေ၀ဒတ်မှားသလိုလည်းအများစုက မမှားကြ။

သို့ရာတွင် ၀ဇ္ဇီတိုင်းသားရဟ န်းများကမူ ရှင်ဒေ၀ဒတ်၏ တရားအဆန်းကို ယုံကြည်မိကြသည်။ ရှင်ဒေ၀ဒတ်ကို သစ္စာရှင်ဟု ထင်မှတ်မိခဲ့ကြသ ည်။ အတိတ်သမိုင်းနှင့်ကိုယ်ကျင့်တရားက ထည့်သွင်းစဉ်းစားခြင်း မပြုတော့ဘဲ ရှင်ဒေ၀ဒတ်၏တရား များကို သစ္စာတရားများ အဖြစ်လက်ခံမိခဲ့တော့၏။ဤ သစ္စာတရားမျိုးသည်ကားအထက်တွင်ဖော်ပြခဲ့သောစရိုက်တူညဉ်တူချင်း ချီးမွမ်းသောအယောင်ဆောင်သစ္စာတရားသာ ဖြစ်လေသည်။

အဓမ္မသည် ဓမ္မကို ရေရှည်၌အံမတုနိုင်။ သစ္စာတရားကို အမှန်တကယ်ရှာဖွေနေသူကို အ၀ိဇ္ဇာတရားသည် ကြာရှည် ဖုံးပိတ်ထားလို့မရ။ ပါရမီပြည့်စုံသောအခါ ဖွင့်လှစ်ပြရသည် သာဖြစ်သည်။ ၀ဇ္ဇီတိုင်းသား ရဟန်းတို့သည်ရှင်ဒေ၀ဒတ် အနားယူနေခိုက်ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလ္လန်တို့၏ တရားများကို နာယူကြရသည်။ တရားကိုနာယူသဖြင့်သောတာပန်တည်ကြသည်။ သောတာပန်၏ ဂုဏ်သတ္တိတစ်ခုတွ င် ရတနာသုံးပါးကို မမှိတ်မသုံယုံကြည်ခြင်းဟူ၍ပါဝင်သည်။ သောတာပန်သည် အသိနှင့်ပတ်သက်၍၊ အကျင့်နှင့်ပတ်သ က်၍ ယုံမှားသံသယမရှိတော့။ အသိအကျင့်အရာမှာ ဘယ်သူမှားသနည်း ဘယ်သူမှန်သနည်းဟူ၍ငြင်းခုန်စရာမလိုတော့။

ကိုယ်ပိုင်ဥာဏ်ဖြင့်အမှန်တရားကို သိခဲ့သော ၀ဇ္ဇီတိုင်းသားရဟန်းများအတွက် မသိခင်က ကြည်ညိုခဲ့သောရှင်ဒေ၀ဒတ်သည် ကြည်ညိုဖွယ်မရှိ တော့။ မသိခင်က အထင်ကြီးခဲ့သော ခေါင်းပါးသောအကျင့် ကြေညာချက် သည် အထင်ကြီးဖွယ်မရှိတော့။ ရှင်ဒေ၀ဒတ်၏ ကျော်စောမှု၊ ဥာဏ်ကြီးမှုနှင့် အမျိုးမြတ်မှုတို့ သည် အခွံ၊ အကာသာလျှင်ဖြစ်ကြောင်း သိမြင်ကြသည်။ အနှစ်သာရသည်ကားသောတာပန်စသော အရိယာပုဂ္ဂိုလ်တို့ပိုင်ဆိုင်သော သီလဂုဏ်သာလျှင် ဖြစ်ကြောင်း သိမြင်ကြသည်။

ဤသို့အမှန်အတိုင်းသိကြသဖြင့်ဝဇ္ဇီတိုင်းသား ရဟန်းများသည် မြတ်စွာဘုရားထံ ပြန်ကြွသွားကြသည်။ရှင်ဒေ၀ဒတ်၏ နိဂုံးကား သွေးပွက်ပွက်အံခြင်းနှင့်အ၀ီစိငရဲဖြစ်လေ၏ ။ ရှင်ဒေ၀ဒတ်နှင့် ပတ်သက်၍မြတ်စွာဘုရားက ဤသို့ဟောကြားတော်မူသည်။ "မကောင်းမှုကိုပြုသူအတွက် ယခုဘ၀တွင်လည်း ပူပန်ရသည်။တမလွန်ဘ၀တွင်လည်းပူပန်ရ၏။ မကောင်းမှုကို ပြုမိသည်ဟုသိသည်နှင့် ပူပန်ရ၏။ တမလွန်ဘ၀တွင်ကား ထို့ထက်ပို၍ပူပန်ရ၏။"

ဤဒေသနာ၏အဆုံးတွင်သောတာပန်ဖြစ်သူများ ဖြစ်ကြ၍ကံကံ၏အကျိုးကို ယုံကြည်ကြသူများက ယုံကြည်ကြလေသည်။ ရှင်ဒေ၀ဒတ်သည်ကား အ၀ီစိငရဲမကျခင် သူ၏အမှားကို သိမြင်ခဲ့ဖော်ရေ သးသည်။ သရဏဂုံတည်ရုံမက အလွန်လေးမြတ်စွာ ရှိခိုးခဲ့သေးသည်။ဤကားကုသိုလ်တည်း။ ကုသိုလ်သည် ကုသိုလ်၏အကျိုးကိုသာ ပေးမြဲဖြစ်သဖြင့် ရှင်ဒေ၀ဒတ်သည် ပစ္စေကဗုဒ္ဓါအဖြစ် ဖြင့်ကမ္ဘာတစ်သိန်းအထက်တွင် ကျွတ်တမ်းဝင်ရမည်ဖြစ်သည်။ကျွန်ုပ်တို့သည် သူတစ်ပါး၏ အကုသိုလ်အမှုကံနှင့် အကုသိုလ်အကျိုးပေးများကို ကြည့်၍သံဝေဂယူ ထိတ်လန့်ရသလို ကုသိုလ်အမှုကံအတွက် သာဓုခေါ်ဆို ၀မ်းမြောက်ရမည် ဖြစ်ပါသည်။

အသွင်သဏ္ဍာန်နှင့် အနှစ်သာရကို ခွဲခြား၍မသိကြလျှင် ရုပ်ဝတ္ထုပစ္စည်းများသည်အထင်ကြီးဖွယ်ရာ ဖြစ်သည်။ထိုပစ္စည်းများကိုပိုင်ဆိုင်နေကြေ သာ ပုဂ္ဂိုလ်များသည်လည်း အထင်ကြီးဖွယ်ရာ ဖြစ်လေသည်။

ကိုယ်ကျင့်တရားတည်းဟူသောစံနှုန်းနှင့်တို င်းတာမှသာကြည်ညိုဖွယ်ရာပုဂ္ဂိုလ်အစစ်အမှ န်ကို သိမြင်ရာသည်။တန်ဘိုးထားအပ်သော စကားအစစ်အမှန်၊ တရားအစစ်အမှန်ကို သိမြင်ရာသည်။

ဆင်းရဲဒုက္ခ၏ အကြောင်းကား စင်စစ် အကုသိုလ်ကံပင် ဖြစ်ပါသည်။ အကုသိုလ်ကံအမှုကု ပြု၍ယခုဘ၀နှင့်တမလွန်ဘ၀တွင်ဆင်းရဲပူပန်မှုကု ကြုံရသည်ကို ရှင်ဒေ၀ဒတ်က သာဓကပြသွားခဲ့ခြင်း ဖြစ်ပေသည်။ကျွန်ုပ်တို့၏ ဘ၀ရည်မှန်းချက်များစွာအနက် ဖြစ်သင့်သောရည်မှန်းချက်တစ် ချက် သည်ကားအကုသိုလ်အမှုများကို တတ်နိုင်သမျှ ရှောင်၍ကုသိုလ်အမှုများကိုကား"နည်းနည်းအမည်ခံ များများလုပ်ကြရန်"သာဖြစ်ပါတော့သည်။

ဆရာကြီးဦးရွှေအောင် ................................. http://www.ahlataya.com/2009/09/blog-post_24.html မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT