(သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်အချို့ကို အလျှင်းသင့်သလို ထည့်သွင်းတင်ပြသွားပါမယ်။ ပဋ္ဌာန်းတရား တော်ကို ပိုမိုနားလည်းသဘောပေါက်ရန် အတွက်ဖြစ်ပါတယ်။)
{ စိတ်ကို အကျဉ်း၈၉-ပါး၊ အကျယ် ၁၂၁-ပါးဟူ၍ ခွဲထားပါတယ်။ဟိတ်မရှိသောစိတ်များ ကို အဟိတ်စိတ်များဟု ခေါ်ပါတယ်။အဟိတ်စိတ် ၁၈-ပါးရှိ၏။ ဟိတ်ပါဝင်သော စိတ်များကို သဟိတ်စိတ်များဟု ခေါ်ပါတယ်။ သဟိတ်စိတ် ၈၉-၁၈= ၇၁-ပါးရှိ၏။ အကုသိုလ်စိတ် ၁၂-ပါး၊ကာမသောဘဏစိတ် ၂၄-ပါး၊ ရူပါဝစရစိတ် ၁၅-ပါး၊အရူပါဝစရစိတ် ၁၂-ပါး၊ လောကုတ္တရာစိတ်အကျဉ်း ၈-ပါး၊ပေါင်း ၇၁-ပါးတို့ ဖြစ်ကြပါတယ်။
ရုပ်ကို ၂၈-ပါး ဟောထားပါတယ်။ မဟာဘူတ (ဝါ)ဘူတရုပ် ၄-ပါး၊ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး(ပထဝီ,တေဇော,ဝါေ ယာတို့မှာ မဟာဘုတ်၌ပါပြီး)၊ဘာဝရုပ် ၂-ပါး၊ ဟဒယဝတ္ထုရုပ် ၁-ပါး၊ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ အဲဒီ ၁၈-ပါးသောရုပ်တို့ကကံ၊ စိတ်၊ ဥတု၊အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့ ဖြစ်စေ,ပြီးစေအပ်သောကြောင့် နိပ္ဖန္နရုပ် လို့ခေါ်ပါတယ်။ နောက် ပရိစ္ဆေဒရုပ် ၁-ပါး၊ ဝိညတ်ရုပ် ၂-ပါး၊ဝိကာရရုပ် ၅-ပါး၊ လက္ခဏရုပ် ၄-ပါး၊ ဒီ ၁၀-ပါး သောရုပ်တို့ကတော့ကံ၊ စိတ်၊ဥတု၊အာဟာရ အကြောင်းတရား လေးပါးတို့ မဖြစ်စေအပ်, မပြီးစေအပ်သေြာေ ကာင့် အနိပ္ဖန္နရုပ် မည်ပါတယ်။ပေါင်း ၂ ၈-ပါးရှိပါတယ်။ မဟာဘုတ် ၄-ပါးက ဘူတရုပ်ဖြစ်ပြီး၊ကြွင်းသည့်ရုပ် ၂၄-ပါးက မဟာဘုတ်တို့ကို မှီ၍ဖြစ်သော ဥပါဒါရုပ် ဖြစ်ပါတယ်။
ရုပ်ကို ဖြစ်စေသောကံ ၂၅-ပါးရှိပါတယ်။ ကမ္မပထမြောက်သော အကုသိုလ်ကံ ၁၂-ပါး၊ မဟာကုသိုလ်ကံ ၈-ပါး၊ရူပါဝစရကံ ၅-ပါး တို့ဖြစ်ကြပါတယ်။ကံဆိုသည်မှာ ထိုသို့ စိတ်နှင့် ယှဉ်သော စေတနာစေတသိက် ဖြစ်ပါတယ်။ အရူပါဝစရကံကတော့ ရုပ်မဖြစ်စေလိုသော ရူပဝိရာဂဘာဝနာ၏ အစွမ်းကြောင့် ရုပ်ကို မဖြစ်စေပါ။
ရုပ်ကို ဖြစ်စေသောစိတ် ၇၅-ပါးရှိပါတယ်။ ဒွေပဉ္စဝိဉာဏ် ၁၀နှင့် အရူပဝိပါက် လေးခုကြဉ် သော ၇၅-ပါးသော စိတ်တို့ ဖြစ်ကြပါတယ်။ဤစိတ်တို့က ပဋိသန္ဓေစိတ်နောင်ပထမဘဝင် စိတ်၏ဥပါဒ်ခဏမှစ၍မိမိတို့ ဥပါဒ်ခိုက် ဥပါဒ်ခိုက် ၌ရုပ်ကို ဖြစ်စေကြပါတယ်။ စိတ်ကြောင့် ဖြစ်သော ရုပ်ကို စိတ္တဇရုပ်ဟု ခေါ်ပါတယ်။အရူပဝိပါက် လေးပါးကရုပ်ဖြစ်ရာဘုံ မဟုတ်သော ကြောင့် ရုပ်ကို မဖြစ်စေနိုင်ပါ။ဒွေပဉ္စဝိညာဏ် ၁၀တို့သည် ဟိတ်, ဈာနင်,မဂ္ဂင်တို့နှင့် မယှဉ် သဖြင့် စိတ်အင်္ဂါ အားနည်းသောကြောင့်ရုပ်ကို မဖြစ်စေနိုင်ပါ။
ရုပ်ကို ဖြစ်စေတတ်သော ဥတုဟူသည်ကား သာမညအားဖြင့် ခပ်သိမ်းသော ရုပ်ကလာပ်တို့၌ ပါသော စတုသမုဋ္ဌာနိကတေဇောဓာတ် ဖြစ်ပါတယ်။အဇ္ဈတ္တသန္တာန် (ခန္ဓာကိုယ်အတွင်း)၌ ဥတုဇရုပ်များ ဖြစ်ပေါ်သည့်နည်းတူ ဗဟိဒ္ဓသန္တာန် (ကိုယ်၏ ပြင်ပသစ်ပင်,တောတောင်, ရေမြေ..စသည်တို့)၌ရှိသော ဥတုကလည်းဗဟိဒ္ဓ၌ ဥတုဇရုပ်များကို ဖြစ်စေပါတယ်။အသက်ဝိညာဉ်မရှိသော ဝတ္ထုဟူသမျှသည် ဥတုဇရုပ်များချည်းသာ ဖြစ်ပါတယ်။
ရုပ်ကို ဖြစ်စေတတ်သော အာဟာရဟူသည်ကားအဇ္ဈတ္တ, ဗဟိဒ္ဓ ခပ်သိမ်းသော ရုပ်ကလာပ်တို့၌ ပါရှိသည့် စတုသမုဋ္ဌာနိကသြဇာဓာတ် ဖြစ်ပါတယ်။အာဟာရကြောင့် ဖြစ်သော ရုပ်ကို အာဟာရ ဇရုပ် ဟုခေါ်ပါတယ်။ ဗဟိဒ္ဓအာဟာရကို မမှီဝဲကြသည့် ဗြဟ္မာစသော သတ္တဝါတို့၌ အာဟာရဇရုပ် ကို မရနိုင်ပါ။ပစကမီးမရှိသော ဗဟိဒ္ဓသန္တာန်၌လည်း အာဟာရဇရုပ် မဖြစ်နိုင်ပါ။
အရူပဘုံ၌ဖြစ်သော စိတ်၊ ပဋိသန္ဓေစိတ်၊ ဒွေပဉ္စဝိညာဏ် ၁၀၊ ပရိနိဗ္ဗာနစုတိစိတ်၊ ဤစိတ်တို့ကိုကြဉ်၍ကြွင်းသောစိတ် ၇၅-ခုနှင့် ၎င်းတို့၌ ယှဉ်ကြသော စေတသိက် ၅၂-ခု တို့က စိတ္တဇရုပ်ကို ဖြစ်စေပါတယ်။ အဝိနိဗောဂရုပ် ၈-ပါး၊ လဟုတာဒိရုပ် ၃-ပါး၊ ဝိညတ်ရုပ် ၂-ပါး၊သဒ္ဒရုပ်၊ ပရိစ္ဆေဒရုပ်-ဟူ၍စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ် ၁၅-ပါးရှိပါတယ်။ 'ရဟန္တာတို့ရဲ့ စုတိစိတ်မှတစ်ပါးအားလုံးသော သတ္တဝါတို့၏ စုတိစိတ်သည် ရုပ်ကိုဖြစ်စေနိုင် သည်'-ဟု အဋ္ဌကထာတွင် ဖွင့်ဆိုထားတာနဲ့အညီ စိတ္တဇရုပ်များက စုတိစိတ်၏ဥပါဒ်ခဏ၌ နောက်ဆုံးဖြစ်ကြပါတယ်။အဲဒီနောက်ဆုံးဖြစ်တဲ့ စိတ္တဇရုပ်များက စုတိစိတ်ချုပ်ငြိမ်းသွားတဲ့အခါ ခဏငယ် ၃-ချက် ရုပ်သက်ရခဲ့ပြီး နောက်ထပ်ခဏငယ် ၄၈-ချက် အသက်ရှည်ကြပါတယ်။ဒါကြောင့် စိတ္တဇရုပ်များဟာ စုတိစိတ်နှင့် ကမ္မဇရုပ်တို့ ချုပ်ငြိမ်းပြီးနောက် ခဏငယ် ၄၈-ချက်မှာ အပြီးသတ် ချုပ်ငြိမ်းကြပါတယ်။
ပဋိသန္ဓေစိတ်၏ဥပါဒ်မှစ၍ခဏမစဲ မြစ်ရေအလျဉ်ကဲ့သို့ ကမ္မဇရုပ်ကို ဖြစ်စေပါတယ်။အဝိနိဗောဂရုပ် ၈-ပါး၊ဣနြေ္ဒရုပ် ၈-ပါး၊ဟဒယရုပ်၊ ပရိစ္ဆေဒရုပ်-ဟူ၍ကံကြောင့် ဖြစ်သော ကမ္မဇရုပ် ၁၈-ပါးရှိပါတယ်။ ကမ္မဇရုပ်တွေက စုတေခါနီးသောအခါ ကမ္မဇရုပ်ဆုံး၍တစ်ဘဝဆုံးလေသောေ ကြာင့် စုတိစိတ်အထက် နောက်ပြန်ရေတွက်လျှင် ၁၇-ချက်မြောက် စိတ်၏ဌီခဏမှစ၍ကမ္မဇရုပ်များမဖြစ်ကြတော့ပါဘူး။အဲဒီ ၁၇-ချက်မြောက်စိတ်၏ ဥပါဒ်ခဏ၌နောက်ဆုံးဖြစ်ကြသော ကမ္မဇရုပ်များက စုတိစိတ်၏ဘင်ခဏ၌၁၇-ချက် ရုပ်သက်စေ့ရလို့ စုတိစိတ်နှင့် ပြိုင်၍ချုပ်ကြပါတယ်။
ဒါကြောင့် တစ်ဘဝအတွက် ကမ္မဇရုပ်နှင့် စုတိစိတ်တို့ဟာ ဘင်ခဏ၌ ချုပ်ငြိမ်းမှသာလျှင် အဘိဓမ္မာသဘောအရ ဘဝဆုံးသည်ဟု ခေါ်ရပါတယ်။ကမ္မဇရုပ်များတွင်ပါသော ဇီဝိတရုပ်က'ရုပ်သက်' ဖြစ်ပါတယ်။ စိတ်နှင့် စေတသိက်များမှာလည်း ဇီဝိတိနြေ္ဒစေတသိက်ဟု ခေါ်သော 'နာမ်သက်' ရှိပါတယ်။တစ်ဘဝအတွက် ထိုရုပ်သက်နှင့် နာမ်သက်တို့ တစ်ပြိုင်နက် အပြီးသတ် ချုပ်ငြိမ်းတာကိုပဲ 'အသက်ကုန်သည်'(ဝါ) စုတေသည်ဟု ခေါ်စမှတ်ပြုကြပါ တယ်။ }
ဟေတုသမ္ပယုတ္တကာနံ-ဟူ၍သာ ဟောတော်မမူဘဲ ဟေတူဟေတုသမ္ပယုတ္တကာနံ-ဟု ဟောတော်မူရခြင်း။
ဟေတူ-ဖြင့် ဟိတ် (၆)ပါးကားပစ္စည်း။ဟေတုသမ္ပယုတ္တကာနံ -ဖြင့် ဟိတ် (၆)ပါးနှင့် ယှဉ်သော တရားစသည်တို့ကားပစ္စယုပ္ပန်။ဤသို့ ပစ္စည်းနှင့် ပစ္စယုပ္ပန်ကို ပိုင်းခြားမှတ်သားစေလို၍ဟေတုသမ္ပယုတ္တကာနံ-ဟုမဟောဘဲ ဟေတူဟေတု သမ္ပယုတ္တကာနံ-ဟု ဟောတော်မူပါတယ်။ (တနည်း)အဟိတ်စိတ္တုပ္ပါဒ်တို့ကိုလည်းသမ္ပယုတ္တပစ္စည်း သာမညဖြစ်ရကား -ဟေတုသမ္ပယုတ္တအဖြစ်ကို ယူခဲ့ရာ၏။ ထိုသို့မယူရ။၎င်းတို့ကို စင်စေလို၍"ဟေတုသမ္မယုတ္တကာနံ"-ဟု မဟောဘဲ "ဟေတု"-ဟု အပိုစွက်၍ "ဟေတူဟေတု သမ္ပယုတ္တကာနံ"-ဟု ဟောတော်မူရပါတယ်။(ကောက် -၆၂၄-၅)
စိတ်၊ စေတသိက် နှစ်ပါးတို့ကြောင့် ဖြစ်ပါလျက် -စိတ္တဇရုပ် ဟုသာဆိုရခြင်း။
လောကီတရားတို့ကိုပြဆိုရာ၌စိတ်သာလျင် ပဓာန၊ စိတ်သာလျင် အဓိက ဖြစ်သောကြောင့် စိတ္တဇရုပ်ဟုသာ ဆိုရပါတယ်။ (ကောက်-၆)
စိတ်က ပဋိသန္ဓေကမ္မဇရုပ်အားသာ သဟဇာတပစ္စည်းတပ်၍ ပဝတ္တိကမ္မဇရုပ်အားသဟဇာတပစ္စည်းမတပ်ရခြင်း။
ကမ္မဇရုပ်တို့သည် ပဋိသန္ဓေအခါမှာ စိတ်နှင့်စပ်၍သာ ဖြစ်ကြကုန်၏။ စိတ်နှင့် ကင်း၍ မဖြစ်ကြကုန်၊ ပဝတ္တိအခါမှာမူ စိတ်နှင့်ကင်းသော်လည်း -(နိရောဓသမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏သန္တာန်၌)-ဖြစ်ကြကုန်၏။ထို့ကြောင့် စိတ်က ပဋိသန္ဓေကမ္မဇရုပ်အားသာ သဟဇာတပစ္စည်းတပ်၍ ပဝတ္တိကမ္မဇရုပ်အားသဟဇာတပစ္စည်းမတပ်ပါ။(ကောက်-၆)
စိတ်သည် ပဝတ္တိအခါ၌သာ စိတ္တဇရုပ်ကို ဖြစ်စေ၍ ပဋိသန္ဓေအခါ၌ စိတ္တှဇရုပ်ကို မဖြစ်စေနိုင်ခြင်း။
ပဋိသန္ဓေအခါ ကံ၏အဟုန်ဖြင့် ပစ်ချအပ်သောကြောင့်၎င်း၊ မိမိနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီရသောကြောင့်၎င်း၊အားနည်းသည်ဖြစ်၍ စိတ္တဇရုပ်ကို မဖြစ်စေနိုင် သာကြောင့် ပဝတ္တိအခါ၌သာ စိတ္တဇရုပ်ကို ဖြစ်စေနိုင်ပါသည်။ (ကောက်-၆)
No comments:
Post a Comment