Monday, May 20, 2013

ကံမြောက်၏ မမြောက်၏

ကံ၊ ကံ၏အကျိုးနှင့် ပတ်သက်၍ဆွေးနွေး ကြ သုံးသပ်ကြပြီးသည့် နောက် ကံမြောက်၏ မမြောက်၏ဆိုသည်ကိုသိဖို့ရန် လိုအပ် လာ ပြန်သည်။ ကုသိုလ်ပဲဖြစ်စေ အကုသိုလ်ပဲဖြစ်စေ လုပ်တိုင်း လုပ်တိုင်း အောက်ပါအချက် ၃ ချက် နဲ့ တိုင်းတာ ကြည့်သင့်သည်-


၁) စေ့ဆော်မှု စေတနာပါ မပါ။တနည်းဆိုလျှင် အထမြောက်စေလို သော ရည်ရွယ်ချက် ရှိခြင်းမရှိခြင်း။စေတနာ ထက်သန်ခြင်း၊ မထက် သန်ခြင်း။ ၂) ကံကံ၏အကျိုးကို ယုံကြည်တဲ့ ဉာဏ် ယှဉ် မယှဉ်။ ၃) သီလသမာဓိပညာ ဘုန်းကံကြီးတဲ့သူကို ရည်စူးမိခြင်း ရှိ မရှိ။


ဤ ၃ ချက် အားကောင်းမှု မကောင်းမှုအပေါ်မူတည်၍ကံ အကျိုးပေး အနည်းအများ ကွာပါသည်။တစ်ခုတည်းကို ရွှေးထုတ်ပြရလျှင် စေတ နာသည်သာ အခရာကျနေပါသည်။သိလျက်ပြုခြင်း မသိ၍ပြုခြင်းအပိုင်း တွင် ဒိဌိနဲ့ ယှဉ်လျက် အကောင်းအဆိုးမသိခြင်းနှင့် ဒိဌိကင်းသော်လည်း မရည်ရွယ်ပဲ မသိ၍လုပ်မိခြင်းတို့ရှိသည်။ ဒိဌိမကွာသေးသူမှာ အမှားကို အမှန်ထင်ပြီးလုပ်သောကြောင့် လုပ်မိသမျှ စိတ်အားထက်ထက်သန်သန် လုပ်မိသောကြောင့်အပြစ်ပို ဖြစ်နေတတ်သည်။ ဒိဌိကင်းသောသူများမှာ မလုပ်ခင်မှာပင် အမှားအမှန်ဆန်းစစ်လေ့ရှိသဖြင့် အမှားမှန်းသိသိဖြင့် ရည်ရွယ်ချက်ရှိရှိဘယ်သောအခါမျှ မလုပ်ကြပါ။တခါတရံ အပြစ်သင့်နိုင် သော ကိစ္စတွေ လုပ်မိတဲ့အခါ အပြစ်မဖြစ်ဘူးလားမေးလျှင် ဖြစ်စေလိုတဲ့ စေတနာ မပါလို့ ကံမမြောက်ပါဟု ယုံကြည်ပါသည်။


ကြောင့်ကြမစိုက်ပဲ မရည်ရွယ်ပဲ လုပ်မိသည့်အလုပ်များကို ဥပမာပြရလျှင် လမ်းသွားရင်းပိုးကောင်းလေးများ၊ ပုရွက်ဆိတ်လေးများ တက်နင်းသည့် ကိစ္စမျိုးကို ဆိုလိုပါသည်။တက်နင်းရင် သေမည်ကိုသိသည် ။ သေလည်း မတတ်နိုင်၊တက်နင်းမည်ဆိုလျှင် သေစေလိုသော စေတနာပါ ပါသည်။ ကံမြောက်ပါသည်။မမြင်မိပဲ တက်နင်းမိသည်။သေစေလိုသော စေတနာ မပါ၍ကံမမြောက်ပါ။မျက်စိကောင်းလျက်ကြည့်လျှင် မြင်နိုင်ပါလျက် “ ငါတော့ မကြည့်ပဲလျောက်ပြီ။ ရှေ့ကဖြတ်မလာနဲ့။ တက်နင်းမိရင် မတော်တဆပဲ”ဟူ၍ လျှောက်သော် မရည်ရွယ်သော်လည်း သေစေလိုတဲ့ စေတနာ မကင်းပါ။ တဖန် အကုသိုလ်ဖြစ်မည်ဆိုး၍ တကူးတကအောက် ကြည့်ပြီး တလှမ်းချင်းသွားနေလျှင်လည်းခရီးကမတွင်ချေ။ ထိုသို့ အစွန်း မရောက်ပဲ အမှုမဲ့ အမှတ်မဲ့လည်း မသွား။တွေ့မိရင် တက်မနင်းမိအောင် ရှောင်မည် ဆိုသူများတွင် သေစေလိုသော ဆန္ဒ နဂိုကတည်းက မပါပါ။ အကယ်၍ နင်းမိလျှင်လည်းသေစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် တက်နင်းနေ ခြင်းမဟုတ်သဖြင့်စေတနာ မပါသောကြောင့် ကံမမြောက်ပါ။ ထိုအတူ ကားမောင်းနေရင်းခွေးကလမ်းပေါ်ဖြတ်လာခြင်းမျိုးတွင် သေစေလိုတဲ့ ဆန္ဒ မရှိသဖြင့် ကြိုးစားဘရိတ်အုပ်သော်လည်းမလွတ်ပဲ တိုက်မိ၍ခွေး သေခဲ့လျှင် ပါနာတိပါတ မမြောက်ဘူးဟုနားလည်ပါသည်။ ဤနေရာမှာ ခွေးသေသောကိစ္စကိုဥပေက္ခာသဘော ထားရမည်။ သတ္တ၀ါမှန်သမျှ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိသည် မဟုတ်ပါလား။ ထိုသို့မဟုတ်ပဲ “တော်တော်ဆိုးတဲ့ခွေး အတင်းဖြတ်တယ်၊ သေတာပဲအေးတယ်” ဆိုလျှင်ဖြင့် ပုဗ္ဗ္ပနဲ့မုဉ္စ မှာ မမြောက်ပဲ အပရစေတနာက ကံမြောက် နေမည်။


အချို့ကိစ္စများကျတော့ တကူးတက ရည်ရွယ်ပြီး အားစိုက်မလုပ်လျှင် အထမမြောက်သော ကိစ္စရပ်များရှိပါသည်။ထို ကိစ္စတွေများတွင်စေ့ ဆော်မှု စေတနာပါမှ အထမြောက်ပါသည်။ဥပမာ… အရက်မူးနေစဉ် တဖက်လူအပေါ်ခြေလွန်လက်လွန် လုပ်မိသော လူအချို့သည် အမူး ပြေသော်အခါ “ကျွှန်တော် ဘာလုပ်လိုက်မှန်းမသိဘူး၊ အရက်သောက် ထားတော့ သွေးဆူပြီး လုပ်လိုက်မိတာပါ၊စိတ်မကောင်းပါဘူး၊ ဖြစ်စေ လိုတဲ့ စေတနာ မပါပါဘူး” ဟုပြောလည်းကံကဖြင့် ပြီးမြောက်သွားပါပြီ။ ဖြစ်နေတဲ့အချိန်တွင် ကျုးလွန်းသည့် ကာယကံအမှုသည် ဒေါသစိတ်နဲ့ အတူစေတနာစေတသိတ်မပါပဲ မပြီးပါ။ မိမိကိုယ်မိမိသာ လှည့်စားလို့ ရမည်။ကမ္မနိယာမဟူသော သဘာဝတရားက ခွင့်လွတ်မည် မဟုတ်။ အရိပ်လို လိုက်မည် မုချဖြစ်ပါသည်။စေတနာအနည်း အများလိုက်လို့ ကံအကျိုးပေးအနည်းအများသာ ကွာနိုင်ပါသည်။


ကာမသုကိစ္စမျိုးတွင် ပိုးကောင်းလေးတွေ တက်နင်းသလို အမှတ်တမဲ့ မတော်တဆ ကာမဆက်ဆံမှုဟု ပြောမရတော့ပါ။ ထိုကိစ္စမျိုးသည် အားထုတ်မှု မပါပဲ ဖြစ်သည့်ကိစ္စ မဟုတ်ပါ။ မပြုခင်ပြုဆဲမှာပါ စေတနာ ဦးဆောင်သော ကံအမှု မဟုတ်ပါလား။ တဖက်က ကာမပိုင်ရှိဖြစ်နေ သည်ကို ကိုယ်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကံမြောက်သွားပါပြီ။ ထို့ကြောင့် ကာမသု မိစ္ဆာစာရကံသည် နှစ်ဦး သဘောတူတူ မတူတူ ကံမပြုခင်၌ အကုသိုလ်ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို မိမိဘာသာ ဦးစွာ သိအောင်လုပ်သင့်ပါသည်။ကာမပိုင်ရှိတာ သိသွားလျှင်ဖြင့် အကုသိုလ် ဖြစ်တော့မည်။မသိလျှင် လွတ်သည်ဟု ယူဆထားသူ များကို ကမ္မသတ္တိက အပြစ်မှ ကင်းလွတ်ခွင့် ပြုလိမ့်မည်မဟုတ်။


ခိုးခြင်းအမှုလည်းတူတူပင်။ ကံမပြုခင် ပြုဆဲ ပြုပြီး စေတနာ ဗျာပါ ရများသော အမှုကိစ္စဖြစ်ပါသည်။ဘေးလူက ကိုယ်မသိအောင် ကိုယ့်အိတ်ထဲ လာထည့်လျှင်တော့ယူလိုတဲ့ စေတနာမပါ၍ ခိုးခြင်း မမည်သော်လည်းကိုယ်တိုင်သိသွားပြီးဆက်လက်ခံထားရင် ခိုး ခြင်းမြောက်ပါပြီ။လမ်းပေါ်မှကောက်ရသော ပစ္စည်းဖြစ်လို့ ယူမိ လျှင် ပိုင်ရှင် စွန့်ပစ်ထားသော ပစ္စည်း မဟုတ်ပါက ပိုင်ရှင် မပေး သော ပစ္စည်းဖြစ်နေပါပြီ။အချို့က“ရေအဆုံးကုန်းတ၀က်” ဟု ပြောလေ့ရှိသည်။လိုချင်လို့ ပြောခြင်းသာ ဖြစ်လိမ့်မည်။ဥပဒေ ရှုထောင့်က ကြည့်လျှင်ပင် တိုင်းပြည်၏ ရေပြင်မြေပြင်ဝေဟင်ရှိ ပိုင်ရှင် မရှိသော အရာအားလုံး နိုင်ငံပိုင် ပြည်သူပိုင် ပစ္စည်းဖြစ် သည်ဟု ဆိုထားပါသည်။ မိမိသဘောဖြင့် ယူမိလျှင် ခိုးမှုမြောက် ပါသည်။ သဘာဝတရား၏ နိယာမဖြစ်စဉ်များသည် လူညီလျှင် ဤကို ကျွှဲဖတ်ရကောင်းသောကိစ္စများမဟုတ်ပါ။ မည်သူ့ကိုသာစေ မည်သူ့ကိုနာစေဆိုတာမျိုးလည်းမရှိပါ။ ဗုဒ္ဓဘာသာဝင်မို့လို့ အပြစ်နည်းလိမ့်မည်ဟုလည်းကင်းလွတ်ခွင့် မရှိပါ။ပရမတ်နယ် တွင် အများလက်ခံထားသော ပုဂ္ဂိုလ် သတ္တ၀ါရယ်လို့မရှိပါ။ စိတ်စေတသိတ်ရုပ်ဆိုတဲ့ ပရမတ်တရားတွေ အကြောင်းစုံလို့ ပေါင်းစုံဖြစ်လာကြပြီးမမြဲတဲ့သဘောတရားကို မလွန်ဆန်နိုင်လို့ပျက်စီးသွားကြတဲ့သဘောသာရှိသည် မဟုတ်ပါလား။ ဖြစ်ချင်သ လို ဗရမ်းပတာ ဖြစ်နေခြင်းမျိုးလည်း မဟုတ်။ ဖြစ်စဉ်အားလုံးတို့မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို တိတိကျကျ မိမိမသိ လျှင်သာရှိမည်။အကျိုးတရားတစ်ခုပေါ်လာတိုင်းတိကျတဲ့ အ ကြောင်းတရားများရှိနှင့်နေပါသည်။အနတ္တသဘောနဲ့ သံသရာ တစ်လျောက် စီးမျောနေသော ခန္ဓာ ၅ ပါးအစုအဝေးတို့သာ ရှိ ပါသည်။ထိုခန္ဓာ ၅ ပါးတို့၏စက္ကန့်မလတ် အသစ်အဟောင်း ပြောင်းလဲနေသောဖြစ်စဉ်ကို ချိတ်ဆက်ပေးနေသူမှာ ကမ္မသတ္တိ ဖြစ်ပါသည်။ထိုကမ္မသတ္တိမပြတ်ရှိနေသရွှေ့ရုပ်နာမ်အသစ်တို့ မပြတ်ဖြစ်နေရပြန်သည်။ပေါ်လာသမျှ ရုပ်နာမ်ကို အဟုတ်မှန်ခွစီး ပြီး ကမ္မသတ္တိများဖြစ်အောင် လုပ်ကြံဖန်တီးနေသူကတော့ အ၀ိဇ္ဖာ ဟူသော မျက်လှည့်ဆရာဖြစ်ပါသည်။သို့သော် အ၀ိဇ္ဖာသည် သူ တစ်ဦးထဲ ထင်တိုင်းကြဲလို့မရ။အမှောင်ရှိလျှင်အလင်းရှိသလို အ၀ိဇ္ဖာ၏ပြိုင်ဘက်ပညာဆိုတာ ရှိလာပြန်သည်။အ၀ိဇ္ဖာသည် သံသရာအတွင်းမှ မထွက်နိုင်အောင်ကံသတ္တိကို ဆက်ပေးသလို ပညာသည် သံသရာအပြင်ရောက်အောင် ကံသတ္တိကို ဖြတ် ပေးသည်။ ဖြတ်ပုံဖြတ်နည်းမှာ အစပထမတွင် အ၀ိဇ္ဖာနေရာတွင် ပညာအစား ထိုးဖို့ကြိုးစားရမည်။အ၀ိဇ္ဖာဦးဆောင်ခွင့်ရလျှင် အမဲကံ၊ အဖြူကံ၊ အဖြူအမဲရောနေသောကံ ၃ မျိုးလုံးဖြစ်စေသည်။ ပညာကဦးဆောင် လျှင် အဖြူကံများသာ ဖြစ်ခွင့်ရသည်။ အဖြူကံများမှ ပေါက်ဖွားလာ သော အမျိုးမြတ်သော ရုပ်နာမ်များပေါက်ဖွားလာသည်။ ထိုရုပ်နာမ် မျိုးမှသာ အားကြီးသောပညာဖြစ်ခွင့်ရသည်။ ပေါ်လာသမျှ ရုပ်နာမ် တိုင်းကိုပညာဦးဆောင်ဖို့ရန် အ၀ိဇ္ဖာကို မောင်းထုတ်ဖို့ရန် ပညာ အားကြီးဖို့လိုသည်။သို့မှသာ အဖြူကံများ တဖြေဖြေတိုးလာမည်။ အမဲကံများနည်းနည်းလာမည်။ အ၀ိဇ္ဖာလည်းနေရာမရတော့။ တချိန် တွင် ပညာအထွတ်အထိပ် ရောက်သောအခါ အဖြူကံလည်းမဖြစ်၊ အမဲကံလည်းမဖြစ်တော့။ ထိုအဖြူအမဲကံများမဖြစ်တော့ခြင်းသ ည် ကံပြတ်ခြင်းဖြစ်ပါသည်။ရုပ်နာမ်အသစ်များမဖြစ်ပေါ်တော့ချေ။ ဤ သို့ ရုပ်နမ်အသစ်များဖြစ်ပေါ်ခွင့်မရသောကြောင့် အတိတ်ဘ၀ပေါင်း များစွာကဖြူကံ၊ မဲကံ၊ဖြူမဲရောကံများလည်း အပင်ပေါက်ခွင့်မ ရသော မျိုးစေ့များဘ၀ရောက်သွားရတော့သည်။ အဖြူကံဆိုသည်မှာကုသိုလ် ကံ နှင့် အမဲကံဆိုသည်မှာ အကုသိုလ်ကံတို့ ဖြစ်ကြသည်။


အနှစ်ချုပ်အားဖြင့် အဖြူကံ အမဲကံဆိုသည်ကို ပိုင်းခြားသိဖို့ လိုပါသည်။ သိလျှင် အမဲကံဖြစ်ခွင့်မပြုအောင် ပညာဦးစီးရမည်။ အဖြူကံများကြောင့် မြင့်မြတ်သော ရုပ်နာမ်အသစ်များဖြစ်ခွင့်ရမည်။ တဖြေးဖြေးတိုး၍ အ၀ိဇ္ဖာ နေရာတွင် ပညာအစားထိုးလာမည်။အ၀ိဇ္ဖာတို့လုံးဝကင်းစင်ပြီး ပညာ အထိဋ်အထိပ်ရောက်လာသောအခါ အဖြူအမဲကံများ မဖြစ်ပေါ်လာတော့ ချေ။ထိုအခြေအနေသို့ ရောက်ရှိလာလျှင် သက်ရှိလောက အပါအ၀င် လောက ၃ ပါး၌် မြင့်မြတ်သော ဘုန်းကံကြီးသော ဘ၀အခြေအနေတစ်ရပ် ကို ရောက်ရှိလာခြင်းဖြစ်ပါသည်။နောက်ဆုံးရုပ်နာမ်ခန္ဓာဇာတ်သိမ်းပြီး ဤလောက ၃ ပါးသို့ ဘယ်သောအခါမှ ပြန်မလာသော နုတ်ဆက်ခြင်းဖြင့်အပြီးအပိုင် နုတ်ဆက်ထွက်ခွါသွားမည် ဖြစ်ပါသည်။


ချမ်းသာစစ်နဲ့ပြည့်စုံကြပါစေ။


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT