ဘုရားရှင်လက်ထက်ကဇေတဝန်ကျောင်းဒါယကာ အနာထပိဏ်သူဌေးဟာ သံဃာတော် အပါး(၂ ၀၀၀)ကို နေ့စဉ် မနက်တိုင်းဆွမ်းလောင်းလှူပါတယ်။သူဆောက်လုပ်လှူဒါန်းထားတဲ့ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူနေကြတဲ့ ဘုရား အမှူးရှိ သံဃာတော်များမှအစ ကိုရင်လေးတိုင်အောင် ဆွမ်း၊သင်္ကန်း၊ ကျောင်း၊ဆေးပစ္စည်း လေးပါး လိုအပ်ရာရာကို ဖြည့်ဆည်းပေးလှူနိုင်အောင် ကျောင်းသို့ မနက်တစ်ကြိမ်၊ညနေတစ်ကြိမ် တစ်နေ့နှစ်ကြိမ် တိုင်တိုင် သွားရောက်ခဲ့တယ်။ပြောချင်တာက အနာထပိဏ်သူဌေးဟာ ဘာကြောင့် ဒီလောက် ချမ်းသာရတာလဲ ဆိုရင် ကြီးပွားချမ်းသာနိုင်တဲ့ အချက်အလက် (၆)မျိုးနဲ့ ပြည့်စုံနေလို့ပါပဲ။
(၁)အလင်းရောင်နဲ့ စပ်လို့ မီးအရောင်၊ နေအရောင်၊ လအရောင်၊ဉာဏ်အရောင်ဆိုပြီးအလင်းရောင်များ ရှိနေတဲ့အနက် မီးအရောင်ဟာ အတိုင်းအတာ တစ်ခုထိပဲ လင်းနိုင်ပြီးပျောက်ကွယ်ရပါတယ်။နေအရောင်ကတော့ နေ့အချိန်မှာသာ လင်းပြီး ညအချိန်ရောက်ရင် ပျောက်ကွယ်ရပါတယ်။လအရောင်ကို ကြည့်ပြန်တော့လည်း ညအခါမှာသာ လင်းပေးနိုင်ပြီးနေ့အခါ ရောက်ရင် ပျောက်ကွယ်သွားခဲ့ပါတယ်။ဉာဏ်အလင်းရောင်ကျတော့ အမြဲလင်းနေတဲ့ အလင်းရောင် ဖြစ်တယ်။ အနာထပိဏ်သူဌေးကြီးဟာ စား၊ ဝတ်၊နေရေးအတွက် ရှာဖွေတဲ့နေရာမှာ အများနဲ့ မတူဘဲ ဉာဏ်အလင်းရောင် ရှိနေလို့ပါပဲ။မိမိ လုပ်နေတဲ့ လုပ်ငန်းနှင့် ပတ်သက်ပြီး ကျွမ်းကျင်မှု ရှိတယ်။ဈေးကွက် စီးပွားရေးကိုလည်းမြင်တယ်။ ဘယ်အချိန် ရာသီတွေမှာ ဘယ်လို ပစ္စည်းမျိုးကို ရောင်းဝယ်ရမယ် စတဲ့ စီးပွားရေးပညာ မျက်စိ ရှိတယ်။
ဒီပထမအချက်နဲ့ ပြည်စုံနေလို့လည်းအနာထပိဏ်သူဌေးဟာ ပေးလို့မကုန်၊လှူလို့ မခန်းနိုင်အောင်ကိုပဲ ချမ်းသာလှပါတယ်။
(၂)လုံ့လ ဝီရိယနဲ့ ပြည့်စုံရမယ်။မရသေးတဲ့ ပစ္စည်းဥစ္စာတွေ ရလာအောင်၊ ရရှိပြီးတဲ့ ပစ္စည်းဥစ္စာတွေ တိုးပွားလာအောင် လုပ်ဖို့အတွက် ဝီရိယ ရှိဖို့ လိုအပ်ပါတယ်။စီးပွားရေးနှင့် ပတ်သက်ပြီး ကြံစည်ထားတာတွေကိုကြံစည်ရုံနဲ့ မပြီး၊ အခု ချက်ချင်း လုပ်သင့်ရင် လုပ်လိုက်ရတယ်။ လုပ်တဲ့အခါမှာလည်း ဇွဲရှိဖို့ လိုအပ်ပါတယ်။
(၃)အလုပ် လုပ်တဲ့အခါစိပ်ပါလက်ပါ၊စိတ်ဝင်စားစွာ လုပ်ရမယ်၊မိမိ လုပ်တဲ့ အလုပ်ပေါ်မှာ ဘာအလုပ်ပဲဖြစ်ဖြ စ် စိတ်ဝင်စားမှု၊ စိတ်ပါလက်ပါမှု မရှိဘူးဆိုရင် အလုပ်ဟာ သဲထဲ ရေသွန်ဆိုသလိုပဲ အရာမထင် ဖြစ်တတ်တယ်။ စာတစ်ပုဒ်ကျက်တာတောင်မှ စိတ်မပါရင် အကြာကြီး ကျက်ရတယ်။စိတ်ဝင်စားစွာ ကျက်မယ်ဆိုရင် ခဏလေးနဲ့ရတဲ့အပြင် မှတ်လည်း မှတ်မိပါတယ်။ကိုယ်လုပ်တဲ့ အလုပ်ကို စိတ်ဝင်စားစွာ လုပ်ရင် သူများထက် အောင်မြင်တာကို တွေ့ရပါတယ်။
(၄)နောက်တစ်ခုကစီးပွားရှာတဲ့ နေရာမှာ ရောင့်ရဲ တင်းတိမ်မှု မရှိဘူးတဲ့။ ဒီနှစ်မှာ ပမာဏ တစ်ခုအထိ ရအောင် ရှာမယ်ဆိုပြီး စီးပွားရှာလို့ ကိုယ်လိုချင်တဲ့ ပမာဏရပြီဆိုရင် ဒီအတိုင်းမနေဘဲ ရှေ့ဆက်လုပ်ရမယ့်အလုပ်ကို ဆက်လုပ်ရတယ်။‘ရလေ လိုလေ အိုတစ္ဆေ’ ဆိုတာလို အလုပ်လုပ်တဲ့အခါ လုပ်ပြီးရင်း လုပ်ရင်းနဲ့ စီးပွားရှာတဲ့နေရာမှာ ရောင့်ရဲမှုဆိုတာ မရှိရဘူး။
အနာထပိဏ်သူဌေးဟာ အလုပ်လုပ်တဲ့နေရာတွင် မဟုတ်သေး၊ ကောင်းမှု ကုသိုလ်လုပ်တဲ့နေရာမှာလည်းအားရတယ်လို့ မရှိ၊ အမြဲတမ်းအလှူရေစက် လက်နဲ့မကွာဆိုသလို လှူဒါန်းနေပါတော့တယ်။ ဒါပေမယ့် စီးပွားဥစ္စာတွေက မကုန်သွားတဲ့အပြင် တိုးလို့တောင် လာပါတော့တယ်။ သူဌေးကြီးဟာ အလုပ်လုပ်တဲ့အခါ ရောင့်ရဲမှု မရှိ၊ ဝီရိယ အားကောင်းပြီးစီးပွားရေး မျက်စိအနေနဲ့ ရှေ့ကြိုမြင်ထား တာဆိုတော့ ရလာတဲ့ ဥစ္စာတွေဟာ ဘယ်လောက်ပဲ လှူလှူ၊ ပေး၍မကုန် လှူလို့ မခန်းဆိုတာလို ဖြစ်နေတာပေါ့၊
စီးပွားရေးလုပ်တဲ့နေရာမှာ အို၊ နာ၊သေတာတွေကို မေ့ထားရတယ်။ဒါမှလည်းအလုပ် လုပ်လို့ ဖြစ်တယ်။ ဒါပေမယ့် တရားအားထုတ်တဲ့ အခါမှာတော့ အို၊နာ၊ သေဘေးတွေကို အနီးကပ် ဆင်ခြင်ရမှာ ဖြစ်တယ်။ဒါလေးကို လက်ကိုင်ထားသင့်တယ်။
(၅)အနာထပိဏ်သူဌေးဟာ တာဝန်ကို ဘယ်တော့မှ ပစ်ချထားတယ်ရယ်လို့မရှိဘူးတဲ့၊ အိမ်ထောင် မိသားစု စားဝတ်နေရေးကိုလည်း မလစ်ဟင်းရအောင် ကြောင့်ကြစိုက်သလို၊ မိသားစုရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စားဝတ်နေရေးတာဝန်တွေကို လစ်ဟာမှု မရှိအောင် အကုန်တာဝန်ယူထားတယ်။ ငါ ပစ္စည်း ဥစ္စာကို လိုလေသေးမရှိ ရှာပေးထားတာပဲ၊မင်းတို့က အိမ်ရှိ တာဝန်တွေကို ယူကြပေါ့လို့ အဲဒီလို မျက်နှာလွှဲ ခွဲပစ် မလုပ်ဘူးတဲ့။ ဘက်ပေါင်းစုံကနေ ထောင့်စေ့အောင် တာဝန်ယူတယ်။စားဝတ်နေရေးတာဝန် သာမက ကုသိုလ်ရေးဘက်မှာလည်း တစ်နေ့ကို သံဃာအပါး (၂၀၀၀)အတွက် မလစ်ဟင်းရအောင် အစစ အရာရာ ဂရုစိုက်ပေးရှာတယ်။
(၆)စွမ်းနိုင်သည်ထက်ပိုပြီးအလုပ်လုပ်ရမယ်လို့ဆိုတယ်။ စီးပွားရှာတဲ့နေရာမှာ ဒီလို အလုပ်လေးနဲ့ပဲ ငါ့အတွက် အဆင်ပြေတယ်၊ ဒီလောက်ပဲ လုပ်မယ်လို့ မတွေးဘဲ လက်ရှိ လုပ်နေတဲ့ အလုပ်ထက် ပိုပြီးတော့ လုပ်ရတယ်၊ဆိုပါစို့ … အရင်က ငွေဆယ်သိန်းပမာဏအထိ အလုပ်လုပ်တယ်ဆိုရင် အခုက တိုးပြီး အလုပ် လုပ်ရတယ်။ ဒါမှ အမြတ် များများရပြီး စီးပွားရေးဥစ္စာလည်း အများကြီးတိုးတက်လာပြီး စုဆောင်းမိလာမှာပါ။
ဒါကြောင့် လောကမှာ သူဌေးဖြစ်ချင်တယ် (ကြီးပွား ချမ်းသာချင်တယ်) ဆိုရင် အထက် ဖော်ပြပါ အင်္ဂါ (၆)ခုနဲ့ ပြည့်စုံအောင် ကျင့်သုံးဖို့ပါပဲ။ အနာထပိဏ်သူဌေးဟာ ဒီအချက် (၆)ချက်လုံးနဲ့ ပြည့်စုံလို့ သူဌေးကြီးဖြစ်ခဲ့ရတာပါ။
ဦးကောဝိဒ (မြိတ်)
No comments:
Post a Comment