Saturday, May 18, 2013

"ပြိတ္တာအကြောင်းတစ်စေ့တစ်စောင်း''

"ပြိတ္တာအကြောင်းတစ်စေ့တစ်စောင်း…" •••••••••••••••••••••••••••••••••••• ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေ ပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ် ။ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြ ထားပါတယ်။ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အ တွက်ကြောင့် ပေတလို့ခေါ်ကာ ဒီပေတအရပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်းစာပေများက ဖွင့်ဆိုပြပါတယ်။


စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ခေါ်တဲ့ အပါယ်သတ္တဝါ လေးပါးထဲမှာပါဝင်တဲ့ လူ့ပြည်လောကအတွင်းမှာပဲ တောခြုံပိပ္ပေါင်းတောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီးဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်းမှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်းများပြားပြီး ကိုယ်ကိုယ်တိုင်လည်းပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်းတာမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လ ဆိုပါတယ်။ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ဘဝတုံးခြင်းမရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ဆိုပါတယ်။


ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုအဋ္ဌကထာ ဓနပါလသေဋ္ဌိ ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီးကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံးထမင်းတစ်လုံးရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်းနှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း”စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်းဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစားများသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။


သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစားလေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက-


၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ ၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ ၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေ ရသော နိဇ္ဈာမတဏှိကပြိတ္တာ ၄။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီးလှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။


ဒီပြိတ္တာအမျိုးအစား လေးမျိုးအပြင် လောကပညတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတွေမှာလည်းပြိတ္တာအမျိုးမျိုး အကြောင်းကို ဖွင့်ပြထားတာကို တွေရပြန်ပါတယ်။အဲဒီကျမ်းများအရ ပြိတ္တာအမျိုးအစား(၁၂)မျိုးကို မှတ်သားရပါတယ်။ ဟိမဝန္တာတောင်ဘေးရှိ ဂိဇ္ဈကုဋ်တောင်မှာ ပြိတ္တာအမျိုးမျိုး တည်ရှိနေပြီးအရေအတွက်အားဖြင့်(၁၂)မျိုးအထိ ရှိနေကြောင်း ဖွင့်ပြပါတယ်။အဲဒီ ပြိတ္တာအမျိုးအစားများက-


၁။ အစာရေစာ အလွန်ငတ်မွတ်ကာ ဘယ်သောအခါမှ ထမင်းဘောဇဉ် စတဲ့အစားအစာများကို စားသောက်ရခြင်း မရှိဘဲ သူတပါးတို့ စွန့်ပစ်ထားတဲ့ တံတွေးနှပ်အန်ဖတ်တွေကိုသာ စားသောက်ရတဲ့ "ဝန္တာသပြိတ္တာမျိုး" ၂။ လူကောင်ပုတ်၊ခွေးကောင်ပုတ်၊မြွေကောင်ပုတ်စတ အကောင်ပုတ်များကိုရတဲ့အခါ စားရပြီးမရတဲ့အခါ မစားရဘဲ ငတ်မွတ်နေရတတ်တဲ့"ကုဏပါသပြိတ္တာမျိုး" ၃။ မစင်ကိုသာ စားသုံးရတဲ့ "ဂူထခါဒကပြိတ္တာမျိုး" ၄။ နေ့ညဉ့်ပတ်လုံး ခံတွင်းမှ မီးလျှံများထွက်ကာ အပူလောင်ခံနေရတဲ့"အဂ္ဂိဇာလမုခပြိတ္တာမျိုး" ၅။ ခန္ဓာကို အလွန်ကြီးပြီးပါးစပ်မှာ အပ်နဖားပေါက်လော က်ပဲရှိကာ အစာရေစာကို ပါးစပ်က မသွင်းနိုင်ဘဲ နှာခေါင်းနားရွက်စတဲ့ အပေါက်တွေက သွင်းနေရပေမယ့် အမြဲမပြတ် စာလောင်မွတ်သိပ် နေရတဲ့ "သူစိမုခပြိတ္တာမျိုး" ၆။ ရေငတ်မွတ်မှု တဏှာဖြင့် နှိပ်စက်ခံရသည့် "တဏှာဋ္ဋိတပြိတ္တာမျိုး" (ထိုပြိတ္တာမျိုးသည် တစ်ခါတစ်ရံမျှ သောက်ရေကိုမရဘဲ ရေငတ်လွန်းလှသဖြင့် ရေတွင်းရေကန် ထုံးအိုင်မြစ်ချောင်း သမုဒ္ဒရာ ရှိရာအရပ်သို့ ကပ်ရောက်သွားတဲ့အခါ ထိုရေကန်စသည်တို့သည် ပြည်သွေးကျင်ကြီးကျင်ငယ်အသွင် အထင်ရောက်ကုန်တတ်၏) ၇။ အလွန်ပြင်းထန်စွာ လောင်ကျွမ်းခံနေရတဲ့ မီးလောင်ငုတ်နဲ့ တူတဲ့ "သုနိဇ္ဈာမကပြိတ္တာမျိုး" ၈။ ဓားသွား၊ ငါးမျှားချိတ်ကဲ့သို့သော ခြေသည်းလက်သည်းများနဲ့ မိမိကိုယ်အင်္ဂါတို့ကို ကုတ်ဖဲ့ဖြတ်ကော်ကာ အသားအသွေးတို့ကု စားနေရတဲ့ "သတ္ထင်္ဂပြိတ္တာမျိုး" ၉။ နေ့ညဉ်ပတ်လုံး လောင်မြိုက်ကာ အခိုးပြိုက်ပြို က်ထွက်နေသော တောင်ပမာဏလောက် ခန္ဓာကိုယ်ရှိသည့်"ပဗ္ဗတင်္ဂပြိတ္တာမျိုး" ၁၀။အလျှံတပြောင်ပြောင် တောက်လောင်သော စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် ညဥ့်၌လှည့်လည်သွားလာကာ နေ့၌ ဒုက္ခအမျိုးမျိုးကို ခံစားရသည့် "အဇဂရင်္ဂပြိတ္တာမျိုး" ၁၁။ကုသိုလ်၊ အကုသိုလ်ကံ ရောပြွန်းခဲ့သည့်ကံကြောင့် ရံခါကုသိုလ်အကျိုး အဖြစ်နတ်စည်းစိမ်ကို ခံစားရပြီး ရံခါအကုသိုလ်အကျိုးအဖြစ် ဒုက္ခကို ခံစားရသည့် "ဝေမာနိကပြိတ္တာမျိုး" ၁၂။ကံ၏အကျိုးကြောင့်တန်ခိုးကြိးမား၍ပြိတ္တာအားလုံးတို့ရဲ့ အကြီးအမှုးသဖွယ်ဖြစ်ကာ အလွန်အဆင်းလှ၊ အလွန်စည်းစိမ်ကြီးလှသည်ဟု ထင်ရသော်လည်း ဘောဇဉ်ကိုမစားရ၊ရံခါထမင်းအဖျော် စသည်ကို ရသော်လည်း သုံးဆောင်ခံစားခွင့်မရ၊ အလွန်ဒုက္ခကြီးလှသည့် "မဟိဒ္ဓိကပြိတ္တာမျိုး" ဆိုပြီးအမျိုးအစား (၁၂)မျိုးကို ပြဆိုထားတာကို တွေ့ရပြန်ပါတယ်။


ဒါ့အပြင် ပါရာဇိကဏ်ပါဠိတော်၊သံယုတ်ပါဠိတော်များမှာ ပြိတ္တာအမျိုးမျိုးကို ဖွင့်ဆိုပြထားပြီးအမျိုးအစား(၂၁)မျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။စာပေအဖွင့်တွေအရပြိတ္တာအမျိုးအစား အများအပြား ရှိပေမယ့် အကျဉ်းချုပ်ကြည့်တဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ ပြိတ္တာအမျိုးအစား(၄)မျိုးထဲမှာပဲ အကျုံးဝင်သွားတယ်လို့ ဆိုပါတယ်။အဲဒီလေးမျိုးထဲမှာတော့ အဖြစ်အများဆုံးနဲ့ အခွင့်အရေးအရှိဆုံးပြိတ္တာအမျိုးအစားကတော့ “သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ” ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာမျိုးကတော့ ဘယ်လိုပဲ ဆင်းရဲဒုက္ခကို ခံစားနေရပေမယ့် မိမိအား ရည်စူးလှူဒါန်းပြီး အမျှပေးဝေတဲ့အခါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်တဲ့အခါ ခံစားနေရတဲ့ ဆင်းရဲဒုက္ခများ ချက်ချင်းကွယ်ပျောက်ပြီးချမ်းသာအမျိုးမျိုးကို ရရှိခံစားရတယ်လို့ဆိုပါတယ်။ဒါကြောင့် ဒီလိုအကျိုးဆက်မျိုးကို မျှော်ကိုးပြီးမျက်မှောက်ခေတ်မှာ မိမိတို့နဲ့ ပတ်သက်တဲ့ သူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါအဲဒီသူကို ရည်စူးပြီးကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေကြရခြင်းဖြစ်ပါတယ်။


ဒီနေရာမှာ အဋ္ဌကထာ အဖွင့်များအရ အထူးမှတ်သားသင့်တဲ့ အချက်က သေဆုံးသူဟာ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီးအသက်ရှင်ရတဲ့ ပရဒတ္တူပဇီဝိကပြိ တ္တာမျိုးမှာ ဖြစ်ခဲ့ပြီးကျန်ခဲ့တဲ့သူတွေရဲ့ အလှူကို မျှော်လင့်စောင့်စားနေပေမယ့် ကျန်ခဲ့တဲ့ လှူဒါန်းပြီး အမျှပေးဝေပေးမယ့်သူက မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်ထံမှာ မြင့်မြတ်တဲ့စိတ်ထားနဲ့ ထက်သန်စွာ ပေးလှူကာ အမျှပေးဝေနိုင်မှသာ မျှော်လင့်စောင့်စားရကျိုးနပ်ကာ မွန်မြတ်တဲ့ စည်းစိမ်မျိုးကိုရရှိခံစားနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။


♦ပေတဝတ္ထု၊ စူဠသေဋ္ဌိပေတဝတ္ထု အဆိုအရ သေသူကို ရည်စူးပြီးလှူဒါန်းပေမယ့် သီလမရှိတဲ့ ဒုဿီတို့ကို လှူဒါန်းခဲ့တဲ့အတွက် အလှူရဲ့ အကျိုးကို သေသူက မခံစားရကြောင်းသာဓကတစ်ခုအဖြစ် တွေ့ရပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ်ထူးခြားတဲ့အချက်တစ်ခုက သေသူကို ရည်စူးပြီးလှူဒါန်းတဲ့ ကုသိုလ်ဟာ သေသူကပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်နေတဲ့အတွက် အလှူရဲ့ အကျိုးကို ရရှိသည်ဖြစ်စေ၊ အခြားပြိတ္တာမျိုး၊ ငရဲ၊ တိရစ္ဆာန်စတဲ့ ဘဝမျိုးမှာ ရောက်ရှိသွားတဲ့အတွက် အလှူရဲ့အကျိုးကို မရရှိသည်ဖြစ်စေ အလှူရှင် အနေနဲ့ အကျိုးမဲ့ အချည်းနှီးမဖြစ်ဘဲ ကုသိုလ်အကျိုးကိုရရှိတယ်ဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ကြောင်းဇာဏုေဿာဏိသုတ်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်မိန့်တော်မူထားချက် ရှိပါတယ်။


ဒါကြောင့် ပြိတ္တာများနဲ့ ပတ်သက်ပြီးတစ်စေ့တစ်စောင်း တင်ပြခဲ့တဲ့ ဒီစာစုမှာ နောက်ဆုံးကောက်ချက်ချ မှတ်သားသင့်တဲ့အချက်က ♦အစွဲတစ်ခုခု၊ဝန်တိုမှုတစ်ခုခု၊သူတပါးရဲ့ကုသိုလ်ကောင်းမှု ကို ဖျက်စီးမှု တစ်ခုခုကို ပြုလုပ်တဲ့သူတွေဟာ ပြိတ္တာဘဝကို ရောက်ရတတ်ပြီး အဲဒီပြိတ္တာဘဝ မှာလည်းသာဓုခေါ်နိုင်တဲ့ ပြိတ္တာရှိသလို မခေါ်နိုင်တဲ့ ပြိတ္တာမျိုးလည်းရှိတတ်တဲ့အတွက် အသေချာဆုံးက ရခဲတဲ့လူ့ဘဝကို ရရှိနေပြီးမှ ပြိတ္တာဘဝ၊ငရဲတိရိစ္ဆာန်ဘဝ စတဲ့အောက်အောက်ဘဝတွေကို ရောက်မသွားရအောင် ကြိုးစားပြီး သုဂတိဘဝကိုရရှိအောင် အားထုတ်ခြင်းကသာအသေချာဆုံး ဖြစ်တဲ့အတွက် ပြိတ္တာဘဝရဲ့ကြောက်စရာကောင်းပုံကို သံဝေဂယူကာ ကုသိုလ်ကောင်းမှုများကို များများလုပ်ကာ သုဂတိဘဝကိုသာ အရောက်သွားကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာစကားမေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။


[စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)] ----------------------*----------------------_/|\_ခပ်သိမ်းသော ရဟန်း၊ရှင်၊လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်, စိတ်နှစ်ဖြာကျန်းမာ,ချမ်းသာကြပါစေ ။ လူအချင်းချင်းလှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT