Monday, November 11, 2013

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ

"ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ တရားတော်မှ---"


ဒီဒေသနာတော်မှာ မြတ်စွာဘုရားက ဘာကို အကြောင်းပြုပြီး ဟောခဲ့တာလဲလို့ဆိုတော့ လူမိုက်နက္ခတ်ပွဲကို အကြောင်းပြုတာ။ မြတ်စွာဘုရား လက်ထက်မှာလည်း အလွန်ဆိုးတဲ့ အခြေအနေတွေ၊ လူမိုက်တွေ ရှိတာပဲ။ ဘယ်ခေတ်မှာမဆို ပညာရှိတဲ့လူနဲ့ ပညာမဲ့တဲ့လူ အမြဲတမ်းရှိတာပဲ။ ပညာမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်က တစ်မျိုး၊ ပညာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်ကတစ်မျိုး၊ ပညာမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ အတွေးက တစ်မျိုး၊ ပညာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အတွေးက တစ်မျိုး၊ ဒီနှစ်မျိုးဟာ ပေါင်းစပ်လို့ရနိင်တဲ့ အနေအထားမရှိဘူး။ မြတ်စွာဘုရား ၂၅-နှစ် သီတင်းသုံးခဲ့တဲ့နေရာ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်း၊ သာဝတ္ထိမြို့ကို အမှီပြုပြီး ဘုရားက ၂၅-နှစ်တောင် နေခဲ့တာ။ ဘယ်နေရာမှ ဒီလောက်အကြာကြီး မနေဘူး။ ဆွေတော် မျိုးတော်တွေ ဆောက်လုပ်ထားတဲ့ နိဂြောဓာရုံကျောင်းတောင်မှ ဒီလောက်အကြာကြီးနေတာ မရှိဘူး။ အဲဒီ သာဝတ္ထိမှာတော့ မြတ်စွာဘုရားက အကြာကြီး သီတင်းသုံးတယ်။ အဲဒီလို ဘုရားအကြာကြီး သီတင်းသုံးတဲ့ သာဝတ္ထိကလူတွေဟာ အကုန်လုံး ပညာရှိတွေချည်းပဲ ဖြစ်သလား၊ လူ့ယဉ်ကျေးတွေချည်းပဲ ဖြစ်သလားဆိုတော့ မဖြစ်ဘူး။ လူဆိုးလူမိုက်တွေ အများကြီးပဲ။ "ဗာလ နက္ခတ္တ" ဆိုတဲ့ သူတို့မှာ လ,အလိုက် နက္ခတ်ပွဲတွေ ရှိတယ်ပေါ့။ ဘယ်နက္ခတ်နဲ့တွေ့ ရင် ဘာလုပ်၊ ဘယ်နက္ခတ်နဲ့တွေ့ရင် ဘာလုပ်၊ နက္ခတ်အလိုက် ဆိုပါစို့၊ လပြည့် လကွယ် ကောင်းကင်က moon. ဆိုတဲ့ လ, ကြီးရဲ့ အနေအထားကို ကြ့်ပြီးတော့ လူတွေ ရက်တွက်ကြတယ်။


......အဲဒီလို နက္ခတ်တွေရဲ့ နာမည်နဲ့ ဟော သွား၊ အဲဒီထဲမယ် ဗမာမှာတောင် ရှိတယ်ထင်တယ်။ တန်ဆောင်မုန်းလပြည့်ဟာ စောရနက္ခတ်ဆိုပြီးတော့ လပြည့်နေ့မှာ မဟုတ်တရုတ်လုပ်တာတွေ အများကြီးရှိတယ်။ ဆိုင်းဘုတ်တွေ ဟိုရွှေ့ ဒီရွှေ့၊ ဗမာပြည်မှာလည်း လုပ်ကြတာတွေ ရှိတယ်ပေါ့။ အဲဒီ တန်ဆောင်မုန်းလြ ပည့်နေ့လည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ စာထဲမှာတော့ ဘယ်လလို့တော့ မပြောဘူး။ ဗာလနက္ခတ်က လူမိုက်တွေရဲ့ ပွဲလမ်းသဘင်ကျင်းပတဲ့ နက္ခတ်ပွဲသဘင်ရှိ တယ်တဲ့။ သူတို့ဆီမှာဆိုရင် တစ်လတစ်ခါ နက္ခတ်ပွဲတွေလုပ်ကြတယ်ပေါ့။ ပူဇော်ပွဲတွေ လုပ်ကြတယ်။ အဲဒီထဲမယ် သူတို့ကိုးကွယ်တာကလည်း အမျိုးမျိုးရှိတယ်။ ကောင်းတဲ့ဟာ ရှိသလို မကောင်းတာလည်းရှိတယ်။ အဲဒီ တချို့ နက္ခတ် ဗာလ နက္ခတ်ကျတော့ သူတို့စာဆိုအရ အဲဒီနေ့မှာ ဘာလုပ်တုန်းဆို ပါးစပ်က ယုတ်ယုတ်မာမာစကားတွေ ပြောကြတယ်။ အိမ်တိုင်းအိမ်တိုင်း လိုက်ပြီးတော့ ယုတ်ယုတ်မာမာ စကားတွေ မကြားဝံ့ မနာသာ စကားတွေ ပြောကြတယ်။ ဟဲ့ တော်ကြပါတော့ဆို ပိုက်ဆံလေးပေးလိုက်ရင် ထွက်သွားကြတယ်။ ပိုက်ဆံမပေးမချင်းတော့ မဟုတ်တရုတ်တွေ ပြောကြတာပဲ။ စာထဲမှာတော့ "အသဗ္ဘီဝါစာ" ဆိုတာ လူကြားထဲမှာ ကြားမကောင်းတဲ့စ ကားလို့ပြောတာ။ ကိုယ့်ဘာကိုယ်သာ တွေးကြည့်တော့။ လူကြားထဲမှာ နားထောင်လို့မကောင်းတဲ့ စကားမျိုးတွေ ပြောကြတယ်။ ယုတ်ယုတ်မာမာ စကားတွေ ပြောတယ်။ အဲဒီတော့ အိမ်တိုင်းအိမ်တိုင်းက ပိုက်ဆံပေးလိုက်တဲ့အခါကျတော့ အဲဒီပိုက်ဆံယူပြီးတော့ သောက်စားပျော်ပါးကြတယ်။ ဘယ်နှစ်ရက်ကြာတုန်းဆိုရင် ခုနစ်ရက်ကြာတယ်။ ဘုရားလက်ထက်က မြတ်စွာဘုရားတောင်မှပဲ ဘုရားကို ကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေက "အရှင်ဘုရားတို့ ဆွမ်းခံမကြွပါနဲ့၊ ဒီခုနစ်ရက်တော့ ကျောင်းမှာပဲ သီတင်းသုံးပါ ဆိုပြီးတော့ ဆွမ်းချက်ပြီး ကျောင်းပို့ကြတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ခုနက လူမိုက်တွေက မကြားဝံ့ မနာသာစကားတွေ ဆဲဆိုပြီးတော့ တစ်မြို့လုံးဟာ အုန်းအုန်းကျက်ကျက် ဖြစ်နေတယ်။ အဲဒီနေ့မှာ ဆဲလည်း ကိစ္စမရှိဘူး။ ဗမာပြည်မှာတော့ တခြားအချိန်မှာ ရေပက်ရင်တော့ ရန်ဖြစ်မှာပေါ့၊ သင်္ကြန်တွင်းမှာတော့ ပက်ရင် ခံနေကြရတာပဲ၊ ပွဲကိုး။ အဲဒီ ဗာလနက္ခတ်ပွဲမှာဆိုလို့ရှိရင် ဆဲချင်တိုင်းဆဲ နားဂွမ်းဆို့ထားမှပဲရမယ်။ ဆဲချင်တိုင်းဆဲ၊ ပြောချင်တာတွေပြော၊ မကြားဝံ့မနာသာတွေပြော၊ ဘာမှ ပြန်ပြောလို့မရဘူး၊ အခါကာလကိုး။ အဲဒီလိုပွဲမျိုးဟာ ဘုရားလက်ထက် သာဝတ္ထိမြို့မှာ ဒီလိုပွဲမျိုး ဖြစ်ခဲ့တယ်။ ခုနစ်ရက်တိတိ လူတွေဟာ ဒုက္ခရောက်ကြတယ်။ လူတော်လူကောင်းတွေ ဒုက္ခရောက်ကြတယ်ပေါ့။ ခုနက လူမိုက်တွေကတော့ ပျော်ကြတယ်ပေါ့။ အဲဒီပွဲကြီး သတ်မှတ်ထားတဲ့ရက ကုန်ဆုံးသွားတော့မှ အားလုံးဟာ နားချမ်းသာပြီးတော့ ဘုရားအမှူရှိတဲ့ သံဃာတွေ မြို့တွင်း ဆွမ်းခံပြန်ဝင်ကြရတယ်၊ ဒီလိုဆိုတယ်။ .....ရွှေကျင်ဆရာတော်ကြီးရေးတဲ့ "တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ" "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" စာတမ်း။ ဘာဖြစ်လို့တုန်းဆို သူ့ခေတ်မှာ ခုနက ဘုရားပွဲတွေက ၀က်သတ်၊ ကြက်သတ်နဲ့ အသားတွေ သတ်ပြီးတော့ ၊ သံဃာတွေ ပင့်ပြီးတော့ ဆွမ်းကျွေးကြတယ်၊ ဧည့်သည်တွေ ဧည့်ခံကြတယ်။ ဒီလိုတွေ ဖြစ်တာကို။ သားကောင်တွေ သတ်ပြီး ဒါန ကောင်းမှုလုပ်တယ်ဆိုလို့ရှိရင် နှစ်ပိုင်းရှိတယ်။ သတ်တဲ့ အပိုင်းက တစ်ပိုင်း၊ ဒါန ကောင်းမှုလုပ်တာက တစ်ပိုင်း၊ သတ်တဲ့အပိုင်းက အကုသိုလ်ဖြစ်တယ်၊ ဒါနကောင်းမှုလုပ်တာ ကုသိုလ်ဖြစ်တယ်။ အဲဒီနှစ်ခုကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ဒါနရလိုက်တာက နည်းနည်း၊ ငရဲကြီးလိုက်တာက များများ။ အဲဒါကို ရည်ရွယ်ပြီးတော့ သူက "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" လို့ ပြောတာ။ ကြားဖူးကြပါလိမ့်မယ်။ အမျိုးသမီးတစ်ယောက်ဟာ အိမ်ကို ဧည့်သည်ရောက်လာတယ်။ အဲဒီနေ့မှာလည်းပဲ အသားမပေါ်ရ ဥပဒေအရ အသားဘယ်မှ ၀ယ်မရဘူး။ အိမ်ရောက်လာတဲ့ ဧည့်သည်ကို သူက ဟင်းကောင်းနဲ့ ဧည့်ခံချင်တယ်။ အိမ်မှာမွေးထားတ ဆိတ်ကလေးကို လည်လှီးပြီး ချက်တယ်။ အဲဒီအမျိုးသမီးဟာ ဘ၀တိုင်း ဘ၀တိုင်းမှာ သူက လည်လှီးပြီးတော့ ချက်လိုက်လို့ သူက ငရဲကျသွားတယ်။ ငရဲကလွတ်တဲ့အခါကျတော့ ဇက်ပြတ်ပြီးတော့ သေရတဲ့ဘ၀က မနည်းဘူးတဲ့။ ဒါကြောင့်မို့ တချို့ကပြောတယ်။ ဆိတ်မွေးအမျှ ခံရတယ်တဲ့။ တချို့က ထင်ကောင်း ထင်လိမ့်မယ်။ ကိုယ်က တစ်ခါတည်း သတ်တာ၊ ဘာဖြစ်လို့ ဒီလောက် ခံရတုန်းဆို လူ့ရဲ့ သန္တာန်မှာဖြစ်တဲ့ စေတနာက နည်းတာမှ မဟုတ်တာ။ အဲဒါမေးလို့ရှိရင် ကိုယ်က ပြန်မေးရလိမ့်မယ်။ သရက်ပင်စိုက်တဲ့ အခါမှာ တစ်စေ့တည်းစိုက်တာ။ အပင်ကသီးတော့ တစ်လုံးတည်း သီးသလား (သို့မဟုတ်) အများကြီး သီးသလား။ တစ်ခုတည်း လုပ်ပေမယ်လို့ အများကြီးရတယ်ဆိုတာ ထင်ရှားတယ်။ လူ့ရဲ့သန္တာန်မှာ စိတ်စေတနာတွေက မြောက်များစွာ ဖြစ်တယ်။ လက်ဖျစ်တစ်ချက်အ တွင်းမှာ စေတနာပေါင်းက ကုဋေတစ်သိန်းလောက် ဖြစ်သွားတယ်။ အဲဒီထဲမှာ အကျိုးပေးနိုင်တဲ့ စေတနာတွေ မြောက်များစွာ ပါတယ်တဲ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာလည်းပဲ တိရစ္ဆာန်ကို လှူလို့ရှိရင် အဆတစ်ရာ၊ ကိုယ်ကျင့်တရား မကောင်းတဲ့ လူကိုလှူရင် အဆတစ်ထောင်တဲ့။ ဒီလိုပြောတာ။ ခုနက အကုသိုလ်အလုပ်တွေလုပ်လို့ အကုသိုလ်တွေ ဖြစ်လာပြီ ဆိုလို့ရှိရင်လည်း ဒီလိုပဲ ခံရတယ်။ အဲဒီ အမျိုးသမီးက ဧည့်သည်ကို ကျွေးမွေး ဧည့်ခံချင်တာ ဒါ ကုသိုလ်ပဲ။ ကျွေးချင် မွေးချင်တယ်၊ မှန်တယ်၊ ဒါ ကုသိုလ်။ သို့သော် ဆိတ်ကလေးကို သတ်လိုက်တာကတော့ အကုသိုလ်ပေါ့။ အဲဒီ အကုသိုလ်ကို ခံရတယ်။ ကုသိုလ်ရဲ့အကျိုးကို ခံရတာ ဒီလောက် မထင်ရှားဘဲနဲ့ လူ့ဘ၀ရလာတိုင်း ရလာတိုင်း (သို့မဟုတ်) ဘ၀တစ်ခု ရတိုင်းရတိုင်း ဇက်ပြတ်ပြီးတော့ သေရတယ်တဲ့။ အဲဒီအကုသိုလ်က ခံလိုက်ရတာ အများကြီးခံရတယ်။ အဲဒါမျိုးကို ရည်ရွယ်ပြောတာ။ "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" တဲ့။ ဒီလိုခံရရင် တော်တော်လေး ကြောက်စရာကောင်းတဲ့ဟာပဲ။


အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝ သ(Ph.D)။


ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာတရားတော်မှ ကူးယူ ပူဇော်ပါတယ်


ဝိပါက်တော် ၁၂ပါး

မြတ်ဗုဒ္ဓကိုယ်တိုင် တွေ့ကြုံခံစားရသည့် ၀ဋ်၊ ၀ိပါက် ၁၂-ပါး။ •••••••••••••••••••••••••••••••••••••••••••••••••• ဂေါတမမြတ်စွာဘုရားသည် အလောင်းတော်ဘ၀ များစွာထဲမှ အလွန်နုစဉ်ဘ၀များက ပြုလုပ်ခဲ့ဖူးသော အကုသိုလ်ကံများ အကျိုးဆက်အဖြစ် ၀ိပါက်တော် (၁၂)ပါးကို တွေ့ကြုံခံစားခဲ ရပါသည်။ ထိုသို့ မြတ်စွာဘုရား ကိုယ်တိုင်တော်ပင်လျှင် ရှောင်လွှဲ၍မရနိုင်သော အကုသိုလ်ကံ၏ အကျိုးဆက်ဖြစ်သည ၀ိပါက်တော် (၁၂)ပါးကို လူတိုင်း လူတိုင်း သတိပြုဆင်ခြင်၍ သံဝေဂယူကြရမည် ဖြစ်ပါသည်။ မကောင်းမှုဟူသမျှကို ရှောင်၊ ကောင်းမှု ဟူသမျှကို ဆောင်ပြီး စိတ်ကို ဖြူစင်အောင် ထားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရပေမည်။ ထိုဝိပါက်တော် ၁၂-ပါးကို တင်ပြရသော် ---


(၁) ပထမ၀ိပါက်တော်။ -----------------------ဂေါတမ ဘုရားရှင်သည် ဘုရားမဖြစ်မီ အလွန်ဆင်းရဲပင်ပန်းစွာဖြင့် တစ်ဖက်အစွန်းသို ရောက်သော ဒုက္ကရစရိယာကို (၆)နှစ်တိုင်တိုင် ကျင့်တော်မူခဲ့ရပါသည်။ ထိုသို့ ကျင့်ကြံတော်မူခဲ့ရခြင်းမှာ ဂေါတမဘုရား အလောင်းတော်သည် ဇောတိပါလပုဏ္ဏားဘ၀၌ ကဿပဘုရားရှင်၏ ဒုက္ကရစရိယာကို (၆)ရက်သာ ကျင့်ရုံဖြင့် ဘုရားဖြစ်တော်မူခဲ့ကြောင်း ကြားသိရစဉ်တွင် ဒီလိုလွယ်လွယ်နဲ့ ဘုရားဖြစ်နိုင်တယ်ဆိုရင် ငါဟာ (၆)နှစ်ထိ ကျင့်နိုင်ပါတယ်-ဟု ဘုရားရှင်၏ ဂုဏ်တော်ကို သေးသိမ်အောင် ပြောဆိုပြစ်မှားခဲ့ပါသည်။ ထိုအကုသိုလ် ၀စီကံ၏အကျိုးဆက်ကြောင့် ဤသို့ (၆)နှစ်ကြာ ဒုက္ကရစရိယာကို အလွန်ဆင်းရဲ ပင်ပန်းစွာ ကျင့်ကြံတော် မူခဲ့ရခြင်း ဖြစ်ပါသည်။


မေး။ ဥရုဝေဠ တောဝမြိုင်ခွင်၊ ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်။ အားကုန်ခန်းလို့ ညှိုးနွမ်းငြိုငြင်၊ ပင်ပန်းရေး ၀ဋ်ကြွေး ဘယ်ကြောင့်တင်။


ဖြေ။ ကဿပဖျား ထင်ရှားပွင့်သော်၊ ဇောတိပါလ နာမအကျော်။ ပုဏ္ဏားမာန်တက် နှုတ်မြွက်အာဘော်၊ ၀စီပြင်း ရှေးရင်း ၀ိပါက်တော်။


•••


(၂) ဒုတိယ၀ိပါက်တော်။ -------------------------စိဉ္စမာန မိန်းမယုတ်သည် ကိုယ်ဝန်သည်ယောင်ဆောင်၍ ဂေါတမမြတ်ဗုဒ္ဓအား ပရိတ်သတ်အလယ်၌ တရားခံအဖြစ် စွပ်စွဲပြောဆိုခဲ့ပါသည်။ ထိုသို့ စွပ်စွဲခံရခြင်းအကြောင်းမှာ ဂေါတမဘုရားအလောင်းတော်သည် နုစဉ်အခါက ဗာရာဏသီပြည်တွင် ဆင်းရဲသားအရက်သမားဘ၀ဖြစ်ခဲ့ချိန်၌ ဆွမ်းခံရပ်နေသော ရဟန္တာမြတ် တစ်ပါးကို အရက်မူးပြီး အမျိုးမျိုးကဲ့ရဲ့ စွပ်စွဲဆဲရေးတိုင်းထွာခဲ့သည့် အကုသိုလ်ကံ မကောင်းမှုအပြစ်ကြီးကို ကျူးလွန်ခဲ့ပါသည်။ ထိုအကုသိုလ်ကံကြောင့် သေလွန်သော် ငရဲသို့ ကျရောက်ခဲ့ရပြီး ငရဲမှ လွတ်ချိန်၌လည်း လူ့ဘ၀၊ နတ်ဘ၀ အမျိုးမျိုးတွင် သူတပါးတို့၏ မတရားစွပ်စွဲဆဲရေးမှုကို အကြိမ်ကြိမ်ခံခဲ့ရ၏။ နောက်ဆုံး ဘုရား ဖြစ်တော်မူသောအခါတွင် လူပုံအလယ်၌ ဤကဲ့သို့ စိဉ္စမာန မိန်းမယုတ်၏ မတရားစွပ်စွဲမှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။


မေး။ စိဉ္စမာဏ မိန်းမစေကျွန်၊ ကိုယ်ဝန်ရှိသော ဆိုပြောအလွန်။ လက်သယ်ထားလို့ ဘုရားကိုညွှန်၊ စွပ်စွဲခဲ့ အဘယ့်ဝိပါက်ဝန်။


ဖြေ။ သောက်စားလွန်ကြူး ယစ်မူးပျော်ရွှင်၊ သေသောက်သမား ဖြစ်ငြားယခင်။ ရဟန္တာမြတ် ဆွမ်းရပ်သည်မြင်၊ အကျင့်ယုတ် ဖွင့်ထုတ်စွပ်စွဲအင်။


•••


(၃) တတိယ၀ိပါက်တော်။ --------------------------ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်ဘုရား၏ ဘုန်းတန်ခိုးတော်ကြောင့် လာဘ်လာဘနည်းပါးသွားကြကုန်သော တိတ္ထိတို့၏ စေခိုင်းချက်အရ တပည့်မဖြစ်သူ သုန္ဒရီမိန်းမယုတ်သည် ဘုရားရှင်အား သူမ၏ လင်ပါပဲ-ဟု စွပ်စွဲပြောဆို၊မကောင်းသတင်းလွှင်ထုတ်ခြင်းကို ပြုခဲ့ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ကာလ မုနာဠိအမည်ရှိ အရက်သမားတဦးဖြစ်ခဲ့ချိန်၌ ဆွမ်းခံကြွနေသော သုရဘိအမည်ရှိ ပစ္စေကဗုဒ္ဓါ တစ်ပါးကို မိန်းမတွေနဲ့ ပျော်ပါးလေ့ရှိသော အလဇ္ဇီဒုဿီလ ဖြစ်သည့် ဤရဟန်းမျိုးကို မပေးကြ၊ မကမ်းကြနဲ့-ဟု ကဲ့ရဲ့ရှုတ်ချခဲ့ပါသည်။


ထိုအကုသိုလ်ကံကြောင့် အလောင်းတော်သည် အ၀ီစိငရဲသို့ ကျရောက်ခဲ့ပြီး ငရဲမှလွတ်ပြီးနောက်တွင်လည်း လူ၊ နတ် ဘ၀အမျိုးမျိုး၌ သူတပါးတို့၏ မတရားစွပ်စွဲကဲ့ရဲ့ရှုတ်ချမှုကို ခံခဲ့ရပေသည်။ နောက်ဆုံးဘုရားဖြစ်တော်မူသည့်အခါ ဤကဲ့သို့ သုန္ဒရီမိန်းမယုတ်၏ မတရားစွပ်စွဲသတင်းလွှင့်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပါသည်။


မေး။ တိတ္ထိစေခိုင်း မိုက်ရိုင်းဒုဿီ၊ ထင်ယောင်ထင်မှား ပြုငြားသုန္ဒရီ။ လူရှင်အပေါင်း ယုံကြောင်းပွေလီ၊ ရှင်တော်ထွတ် ဘယ်ဝဋ်ရှေးကမှီ။


ဖြေ။ မုနာဠိ-ဟု မည်ရှိလောင်းတော်၊ မောက်ကြွားမှောက်မှား သောက်စားအပျော်။ ရှင်ပစ္စေက ဗုဒ္ဓမြင်သော်၊ ဒုဿီပဲ စွပ်စွဲဝဋ်ကြွေး ပေါ်


•••


(၄) စတုတ္ထ၀ိပါက်တော်။ -------------------------တိတ္ထိတို့သည် တပည့်မဖြစ်သူ သုန္ဒရီမိန်းမယုတ်ကို သတ်ပြီး ဇေတ၀န်ကျော်းတော်အနီး၌ အလောင်းကို ပစ်ထားခဲ့ကြကာ သုန္ဒရီကို ဘုရားရှင်နှင့် ရဟန်းတော်များက သတ်ပစ်တာဖြစ်ရမည်ဟု စွပ်စွဲခဲ့ကြပြန်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ရှေးအခါက ဘုရားအလောင်းတော်သည် ဈာန်မရသော ရသေ့တစ်ပါးဖြစ်ခဲ့စဉ်၌ ကောင်းကင်၌ ဈာန်ကြွနိုင်သော ရသေ့တစ်ပါးအပေါ် မနာလိုဖြစ်ကာ အဘိဇ္ဈာ၊ ဣဿာ၊ မစ္ဆရိယ တရားဆိုးများဖြစ်လာပြီး ထိုရသေ့အကြောင်းကို သိကြောင်း၊ ထိုရသေ့သည် ကျင့်ယုတ်သူဖြစ်၍ ကိုးကွယ်၍ အကျိုးမရှိနိုင်ကြောင်း စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချပြောဆိုခဲ့ပါသည်။ ထိုအကုသိုလ်ကံ၏အကျိုးဆက်ကြောင့် ယခုကဲ့သို့ စွပ်စွဲခံရခြင်း ဖြစ်ပါသည်။


မေး။ သုန္ဒရီမိုက် သတ်လိုက်လေရာ၊ တိတ္ထိအသင်း သတင်းလွှင့်ကာ။ တပည့်များနှင့် ဘုရားကိုသာ၊ လူအများ ယုံမှားဘယ်တွက်တာ။


ဖြေ။ လောင်းတော်ရသေ့ ပျော်မွေ့စံရာ၊ ရသေ့တဦး ဈာန်မြူးကွန့်လာ။ ငြူစူစိတ်ဇော မနောဣဿာ၊ ကျင့်ယုတ်ကြီး နှုတ်သီးချွန်သည့်တာ။


•••


(၅) ပဉ္စမ၀ိပါက်တော်။ -----------------------ဂေါတမဘုရား စင်္ကြံလျှောက်နေတော်မူစဉ် ရှင်ဒေ၀ဒတ်သည် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်မောင်းဆင်၍ ဖြုတ်ချလုပ်ကြံခဲပါသည်။ ထိုသို့ လုပ်ကြံခံခဲ့ရခြင်းသည် ဘုရားလောင်း နုစဉ်အခါ သူဌေးသားဖြစ်ခဲ့စဉ်တွင် မိဘနှစ်ဦးဆုံးပါးသွားခဲ့ရာမှ ညီငယ်ဖြစ်သူကို အမွေခွဲဝေမပေးလိုသဖြင့် ညီငယ်ကို အယုံသွင်း၍ တောထဲ ခေါ်သွားကာ ကျောက်တုံးဖြင့် ထုသတ်ခဲ့ဖူးပါသည်။


ထိုအကုသိုလ်ကံကြောင့် ဘုရားအလောင်းသည် ငရဲကျကာ ငရဲမှလွတ်မြောက် လာသောအခါတွင်လည်း ဘ၀များစွာ၌ သူတပါး၏သတ်ဖြတ်ခြင်းကို ခံခဲ့ရရှာပေသည်။ နောက်ဆုံး ဘုရားရှင်ဘ၀၌ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ဝဋ် အဖြစ် ယခုကဲ့သို့ ကျောက်မောင်းဆင်၍ လုပ်ကြံခြင်းကို ခံခဲ့ရခြင်း ဖြစ်ပေသည်။


မေး။ ဝေဘာတောင်စောင်း ကျောက်မောင်းဆင်ကာ၊ ဒေ၀ဒတ်ယုတ် ခလုတ်အသာ။ သူဖြုတ်ချလို့ ဗုဒ္ဓခြေမှာ၊ ကျောက်လွှာငြိ ဒဏ်ထိဘယ်ဝဋ်ပါ။


ဖြေ။ သူကြွယ်မျိုးဇာတ် ဖြစ်လတ်တုံချေ၊ ညီကိုလှည့်ဖျား ခေါ်သွားသလေ။ ကျောက်နှင့်ဖိညှပ် ထုသတ်ကြိတ်ချေ၊ ကျောက်ဝိပါက် အဆက်ပါခဲ့ပေ။


•••


(၆) ဆဋ္ဌမ၀ိပါက်တော်။ ------------------------ဒေ၀ဒတ်၏ ကျောက်မောင်းဆင်လုပ်ကြံမှုအရ မြတ်စွာဘုရား၏ ခြေမတော် အား ကျောက်စ ထိမှန်ကာ သွေးစိမ်းတည်၍ နာကျင်ကိုက်ခဲခံရပါသည်။ ထိုသို့ဖြစ်ရခြင်းသည် အလောင်းတော် နုစဉ်အခါက မထင်ရှားသော ကလေးတစ်ဦးဖြစ်ခဲ့စဉ်တွင် ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါတစ်ပါး၏ ခြေမတော်ကို ခဲဖြင့် ပစ်ခဲ့ရာမှ ထိမှန်ပြီး သွေးစိမ်းတည်ခဲ့ရပါသည်။ ထိုအကုသိုလ်ကံ၏ အကျိုးဆက်အရ ဘုရားရှင်သည် ခြေမတော်၌ ကျောက်စထိမှန် ဒဏ်ရာရခဲ့ဖြင်း ဖြစ်ပါသည်။


မေး။ ကျောက်လွှာထိပါး မြတ်ဖျားထွတ်တင်၊ တည်နေ၀ပ်ကိန်း သွေးစိမ်းအရှင်။ ခြေမတော်ထဲ ကိုက်ခဲနာကျင်၊ ၀ိပါက်ရင်း အလင်းပြစေချင်။


ဖြေ။ သူငယ်ဖြစ်ခိုက် လမ်း၌ပျော်ရွှင်၊ ရှင်ပစ္စေက ဝေးမှအမြင်။ ခဲနှင့်ပစ်လိုက် ထိခိုက်ခြေတွင်၊ သွေးယိုဆင်း ရှေးရင်းဝိပါက်ပင်။


•••


(၇) သတ္တမ၀ိပါက်တော်။ -------------------------မြတ်ဘုရားသည် ရှင်ဒေ၀ဒတ်၏ လုပ်ကြံမှုကြောင့် ခြေမတော်၌ သွေးစိမ်းတည်ကာ သွေးပုပ်ပြည်ပုပ များကြောင့် ကိုက်ခဲနာကျင်တော်မူခဲ့ရာ သမားတော်ကြီး ဇီဝက၏ ဓားဖြင့် ခွဲစိတ်ကုသပေးမှုကို ခံတော်မူခဲ့ရပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားအလောင်း နုစဉ်ဘ၀ သေသောက်ကျူးသော မင်းတစ်ပါးဖြစ်ခဲ့စဉ်က အရက်မူးယစ်ပြီး နန်းတော်တွင်းရှ အပြစ်မဲ့သူတစ်ဦးကို ကိုယ်တိုင် ဓားဖြင့်ခွဲစိတ် ခဲ့ဖူးသည့် အကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဖြစ်ပါသည်။


မေး။ ကျောက်လွှာခတ်လို့ သွေးဓာတ်ဆူပူ၊ ခြေမတော်ဦး ထွတ်ဖူးတဆူ။ သွေးညိုကိန်းလို့ ကျိန်းစပ်တော်မူ၊ ဇီဝက ခွဲရ ဘယ်ဝဋ်ဟူ။


ဖြေ။ ပဒေသရာဇ် မင်းဖြစ်စဉ်ဝယ်၊ မူးယစ်သောက်စား ဖောက်ပြားမဖွယ်။ လူရှင်လတ်လတ် ထိုးသတ်ပြန်တယ်၊ ဓားဝိပါက် အဆက် သူကနွယ်။


•••


(၈) အဋ္ဌမ၀ိပါက်တော်။ ------------------------မြတ်စွာဘုရားအား ဒေ၀ဒတ်သည် နာဠာဂီိဆင်ဖြင့် တိုက်သတ်ရန် ကြံစည်လုပ်ကြံခဲ့ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ဘ၀က ဆင်ထိန်းတစ်ဦး ဖြစ်ခဲ့စဉ်၌ ပစ္စေကဗုဒ္ဓါ တစ်ပါးကို လမ်းမဖယ်ပေးဘဲ မိမိစီးလာသော ဆင်ဖြင့် တိုက်ခဲ့ဖူးခြင်းကြောင့် ဖြစ်ပါသည်။


မေး။ ဆွမ်းခံကြွမြန်း ထိပ်ပန်းဘုန်းကြွယ်၊ မုန်ကျဆင်ကြီး ခရီးအကျယ်။ ဒေ၀ဒတ်မိုက် လွှတ်လိုက်ပြန်တယ်၊ ရင်ဆိုင်တွေ့ ဆင်ဝှေ့ဘယ်ဝဋ်နွယ်။


ဖြေ။ ဆင်ထိန်း ဆင်ကျောင်း အလောင်းဖြစ်တုံ၊ ရှင်ပစ္စေက လမ်းမအဆုံ။ ဒေါသထားလို့ ပြစ်မှားသုန်မှုန်၊ ဆင်နှင့်တိုက် ၀ဋ်လိုက်စေဖို့ကြုံ။


•••


(၉) န၀မ၀ိပါက်တော်။ ----------------------မြတ်စွာဘုရားသည် တစ်ခါတစ်ရံ ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာကို ခံစားတော်မူရရှာပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားအလောင်းတော် နုစဉ်ဘ၀ တံငါမျိုးတွင် ဖြစ်ခဲ့စဉ်က မိဘဆွေမျိုးတို့ ငါးများထုသတ်နေမှုအား တွေ့မြင်ရစဉ် ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ဖူးသည့် အပြင် ကိုယ်တိုင်လည်း ငါးများကို ထုသတ်ခဲ့ဖူးပါသည်။ ထိုအကုသိုလ်ကြောင့် ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာကို ခံစားတော်မူရခြင်း ဖြစ်သည်။


မေး။ သုံးလူထွတ်ဖူး မြိုက်မှူးသျှောင်ကေ၊ ရံဖန်ခါလဲ ခေါင်းခဲပလေ။ ဝေဒနာဝဋ် မလွတ်တုံချေ၊ ဘယ်ဝိပါက် အဆက်ပါခဲ့ပေ။


ဖြေ။ ရှေးခါကပ်ဟောင်း မကောင်းကံဆော်၊ တံငါမျိုးဇာတ် ဖြစ်လတ်သရော်။ ငါးတို့ဦးခေါင်း ထုထောင်းမြင်သော်၊ ၀မ်းမြောက်မိ လိုက်ဘိဝိပါက်တော်။


•••


(၁၀) ဒသမ၀ိပါက်တော်။ -------------------------မြတ်စွာဘုရားသည် ရံဖန်ရံခါ ခါးတော်ကိုက်ခဲမ ဝေဒနာကို ခံစားတော်မူရရှာပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ဘ၀က လက်ဝှေ့ကျော်တစ်ဦး ဖြစ်ခဲ့စဉ် စိန်ခေါ်သူ ပြိုင်ဘက် လက်ဝှေ့သမားတို့ကို အမြဲတမ်းဆိုသလို ခါးရိုးကျိုးအောင် ထိုးသတ်ပြီး အနိုင်ယူခဲ့ခြင်းကြောင့် ဖြစ်ရပါသည်။


မေး။ အထွတ်ဆုံးဟု သုံးလူ့မျက်မှန်၊ ခါးတော်ကိုက်ခဲ အသဲအသန်။ ဝေဒနာများ ခံစားရဖန်၊ ဘယ်အကြောင်း ကံဟောင်း ထုတ်လို့ပြန်။


ဖြေ။ လက်ဝှေ့ သတ်ကောင်း အလောင်းဖြစ်သော်၊ ပြိုင်ပွဲဆိုင်ပွဲ နိုင်ပွဲအကျော်။ နိုင်လျှင် ခါးရိုး ရိုက်ချိုးမြေပေါ်၊ အသတ်ကောင်း ဇာတ်ဟောင်း ၀ိပါက်တော်။


•••


(၁၁) ဧကာဒသမ၀ိပါက်တော်။ -------------------------------ဘုရားရှင်သည် နောက်ပါရဟန်း (၅၀၀)နှင့်အတူ ဝေရဉ္ဇာပြည်အနီး၌ ၀ါဆိုတော်မူစဉ် တစ်ဝါတွင်းလုံး မုယောဆွမ်းကြမ်းကိုသာ ဘုဉ်းပေးတော်မူခဲ့ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဘုရားအလောင်း နုစဉ်ဘ၀က မထင်ရှားသော အမျိုးသားတစ်ဦး ဖြစ်ခဲ့စဉ် ရဟန်းများ ဆွမ်းစားနေကြသည် ကိုမြင်လျှင် အချောင်သမား ကတုံးတွေက သလေးဆွမ်းလို ကောင်းမွန်နူးညံ့တဲ့ ဆွမ်းနဲ့ မတော်ပါဘူး။ မုယောဆွမ်းကြမ်းနဲ့ပဲ ထိုက်တန်ပါတယ်-စသဖြင့် ရှုတ်ချပြောဆိုခဲ မှုကြောင့် ဖြစ်ပါသည်။


မေး။ ၀ါတော်ကပ်တော့ မာရ်နတ်နှိုးဆော်၊ ဝေရဉ္ဇာတိုင်း သမိုင်းအကျော်။ မုယောဆွမ်းမို့ ကြမ်းကြမ်းထော်ထော်၊ ဘုဉ်းပေးရ ရှေးက ဘယ်ဝဋ်နော်။


ဖြေ။ မထင်မရှား မျိုးသားဖြစ်တုံ ၊ ရဟန်းတော်များ ဆွမ်းစားခိုက်ကြုံ။ ဆွမ်းကြမ်းစားဟု ပြစ်မှားဆိုပုံ၊ ၀စီတွက် ၀ိပါက်တော်တဲ့ယုံ။


•••


(၁၂) ဒွါဒသမ၀ိပါက်တော်။ ---------------------------ဆဒ္ဒန်ဆင် ဆယ်စီးအားကို ဆောင်နိုင်သော မြတ်ဘုရားသည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တွင် ၀မ်းတော်လားကာ ပရိနိဗ္ဗာန် စံတော်မူခဲ့ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ဘ၀ ကျွမ်းကျင်လိမ္မာသော ဆေးဆရာတဦး ဖြစ်ခဲ့စဉ်တွင် သူဌေးသားတစ်ဦးအား ၀မ်းရောဂါပျောက် အောင် ကုသပေးခဲ့သော်လည်း သူဌေးသားက ဆေးဖိုးဝါးခ မပေးချင်၍ ရောဂါမပျောက်ကြောင်း လိမ်ညာပြောဆိုခဲ့၏။ ထိုအခါ ဘုရားအလောင်း ဆေးဆရာသည် သူဌေးသား လိမ်ညာမှန်းသိ၍ အလွန်ပြင်းထန်သော ၀မ်းလျှောဆေးကိုပေးလိုက်ရာ သူဌေးသားသည် ထိုဆေးကိုစား၍ ၀မ်းလျှောကာ သေလေ၏။ ထိုအကုသိုလ်ကံကြောင့် ဘုရားရှင်သည် ၀မ်းတော်လားခဲ့သောအခါ ဆဒ္ဒန်ဆင် ဆယ်စီးအားကို ဆောင်နိုင်သော ကိုယ်တော်သည်ပင် အားအင်ချိနဲ့ကာ ကတိမ်းကပါး ဖြစ်ခဲ့ရ၏။ ဆရာဇီဝကသည် ဘုရားရှင်အား အကောင်းဆုံးသော ၀မ်းပိတ်ဆေးကို ကပ်တော်မူသောအခါ ဘုရားရှင်က ဇီဝက-သင့်ဆေးတွေ သောက်ပေမယ့်လည်း အကျိုးမထူးနိုင်တော့ဘူး၊ ငါဘုရား ရှေးဝိပါက် ကြုံလာပြီ၊ မကပ်နဲ့တော့-ဟု မိန့်တော်မူခဲ့ေ ကြာင်း လေ့လာသိရှိရပါသည်။


မေး။ ဆဒ္ဒန်ဆယ်စီး အားကြီးလျင်မြန်၊ ၀မ်းတော်သွန်ငြား ရွှေအားမသန်။ ခွေယိုင်နွှဲ့လို့ မြန်းခဲ့နိဗ္ဗာန်၊ ဖြစ်စေကြောင်း ကံဟောင်းသိဖို့ရန်။


ဖြေ။ ရောဂါကုစား သမားဉာဏ်ကျယ်၊ ရှင်သူဌေးသား ဆေးဝါးကုတယ်။ ခ,မပေးလို့ ဟိုရှေးဘုန်းကြွယ်၊ ၀မ်းလားဆေး တိုက်ကြွေးဝဋ်ဟောင်းလယ်။


•••


သတိပေးကဗျာ။ ----------------၀ိပါက်ရောက်ရေး ကြောက်သွေးတုန်ဖွယ်၊ ဘုရားသော်လဲ ရှောင်လွဲ မလွယ်။ တွေ့ကြုံမြဲမို့ တ၀ဲလယ်လယ်၊ မလွတ်သေး ၀ဋ်ကြွေးခက်လှတယ်။


ကြင်နာထောက်ထား သနားမြော်ခေါ်၊ ကုသိုလ်ပွားမှု အားပြုကြနော်။ နှိပ်စက်ညှဉ်းပန်း သရမ်းပြက်ချော်၊ ရှောင်ကြဉ်ရေး ၀ဋ်ကြွေး စင်ဖို့မြော်။


( လယ်တီပဏ္ဍိတ ဦးမောင်ကြီး )


အဆက်ဖြတ်ကြပါစို့

“အဆက်ဖြတ်ကြပါစို့ ...” •••••••••••••••••••••• သံသရာစက်ဝိုင်းအလည်အပတ် ရပ်အောင် ဝေဒနာနိရောဓာ တဏှာနိရောဓော-လုပ်ရမယ်လို့ မနေ့ကပြောခဲ့တယ်။ ဝေဒနာနိရောဓော ဖြစ်မှ အဆက်ပြတ်မှာ။ အဆက်ပြတ်အောင် ဘယ်လိုဖြတ်ရမလဲဆိုတာ ဒီနေ့ ဆက်လက်ရှင်းပေးမယ်။


အဆက်ဖြတ်ချင်တယ်ဆိုရင် ဝေဒနာကို ၀ိပဿနာရှုရမယ်။ ဝေဒနာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ သုံးမျိုးရှိတယ် ။ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာထည့် ပြီး ငါးမျိုးဟောထားတာလဲ ရှိတယ်။ ဒီဝေဒနာတွေဟာ ပေါ်တိုင်းပေါ်တိုင်း ပစ္စုပ္ပန်ခန္ဓာမှာ ပေါ်တာပဲ။ ဝေဒနာပေါ်တိုင်း ဉာဏ်နဲ့ ဖြစ်ပျက်ရှုပေးလိုက်။ ဉာဏ်နဲ့ရှုပေးလို က်တော့ ဝေဒနာနဲ့ တဏှာကြား အဆက်ကလေး ပြတ်သွားတယ်။ ဉာဏ်နဲ့ ရှုခိုက်မှာ မဂ်က အစပ်မြားလေးပေါ်မှာ ကျပြီး အစပ်ကို မစပ်အောင် ဖြတ်လိုက်တယ်။ တဏှာမလာတော့ဘူး။ တဏှာမလာတော့ တဏှာနိရောဓောတိ မဂ္ဂေါ- တဏှာချုပ်အောင် ရှုနိုင်တဲ့ မဂ်ပေါ်လာတယ်။


ဝေဒနာကို ဝေဒနာအတိုင်း ထားလိုက်ရင်တော့ တဏှာ ဥပါဒါန်လာမယ်။ ဝေဒနာကို ဖြစ်ပျက် အနိစ္စဆိုတဲ့ မဂ်လေး အစပ်နေရာမှာ သွင်းလိုက်တော့ မစပ်နိုင်တော့ဘဲ ပြတ်သွားတယ်။ အစပ်က ပြတ်သွားတော့ အနာဂတ်သံသရာတွေ အကုန်ပြတ်တယ်။ ဒါကြောင့် ဝေဒနာပေါ်တိုင်း ရှုနေတာသည် ပစ္စုပ္ပန်အကြောင်းတရားတွေ ဖြတ်နေတာ။ ဒီအစပ်လေးက မဖြတ်ရင် မပြတ်ဘူး။ တကယ့်ကို ၀မ်းထဲမှာ မဂ်လာမှ ပြတ်မယ်။ ပေါ်တဲ့ဝေဒနာကလဲ ၀မ်းထဲမှာ ပေါ်တဲ့ဝေဒနာ၊ မဂ်ကလဲ ၀မ်းထဲမှာ ပေါ်တဲ့မဂ်ဖြစ်ရမယ်။ မဂ်မလာဘဲ ထုံးစံအတိုင်းသာ နေရင်တော့ ဝေဒနာပစ္စယာ တဏှာ-ပဲ လာမယ်။ ဝေဒနာဖြစ်ပျက်မြ င်ရင်တော့ ကြားထဲပေါ်လာတဲ့ မဂ်က အဆက်ကိုဖြတ်တယ်၊ မစပ်နိုင်တော့ဘူး။ ဒါဖြင့် ၀ိပဿနာလုပ်တာသည် ဝေဒနာနဲ့တဏှာအစပ်ကို ဖြတ်နေတာ။ သင်္ခါရနဲ့ ၀ိညာဏ်အစပ်ကတော့ လွန်ပြီးဖြစ်လို ဖြတ်လို့မရတော့ဘူး။ ဝေဒနာနဲ့ တဏှာအစပ်ကတော့ အခုဖြတ်မယ်ဆိုရင် ရသေးတယ်။ ဒီအစပ်ကို ဖြတ်နိုင်ရင် ယခုဘ၀ နိဗ္ဗာန်ရနိုင်တယ်။ [www.facebook.com/youngbuddhistass ociation.mm] ဒါန သီလလောက်လုပ်ပြီး သားရေး သမီးရေးနဲ့ အချိန်ကုန်နေမယ်၊ ၀ိပဿနာအလုပ်မလုပ်ဘူးဆိုရင် ဝေဒနာနဲ့ တဏှာ ပြန်ဆက်မယ်။ ဝေဒနာနဲ့ တဏှာဆက်ပြီး သေသည်၏အခြားမဲ့၌ ဘ၀နဲ့ ဇာတိဆက်လိမ့်မယ်။ အဲဒီမှာ ဇာတိ ဇရာမရဏ ပြန်လာတာပဲ။ ၀ိပဿနာမလုပ်လို့ရှိရင်တော့ စပ်သာ စပ်တယ်၊ မဖြတ်ဘူး။ ၀ိပဿနာလုပ်တာသည် ကိုယ့်အစပ်ကိုယ် ဖြတ်နေကြခြင်းသာဖြစ်တယ်၊ ရှေ့လာမယ့် ကိုယ့်ဒုက္ခတွေကို ဖြတ်နေတာသာဖြစ်တယ်။


ဒါကြောင့် ကိုယ်ဖြတ်ရင် ကိုယ်သာ ပြတ်တယ်၊ သားသမီးက ဖြတ်ရင် သားသမီးသာ ပြတ်တယ်၊ မိဘကဖြတ်ရင် မိဘသာပြတ်တယ်။ ဒါန သီလလုပ်ပြီး အမျှဝေလို့ အမျှယူတော့ ကိုယ်ပါကုသိုလ်ရတယ်။ မဂ်ကတော့ ကိုယ်တိုင်ဖြတ်မှ ကိုယ်ရတာဖြစ်တယ်။ သူများ အမျှဝေတာ သာဓုလိုက်ခေါ်ရုံနဲ့ သာဓုခေါ်တဲ့ကုသိုလ်တော့ရမယ်၊ ကိုယ်ရတဲ့မဂ်တော့ ဖြစ်မလာဘူး။


ကိုယ့်ဝမ်းထဲကဝေဒနာကို ကိုယ့်မဂ်နဲ့ ရှုလိုက်တော့ အစပ်လေး ပြတ်သွားတယ်။ ဝေဒနာတွေ ဖြစ်ပျက် ချုပ်သွားတဲ့အတွ က် မဂ်ဝင်လာရင် တဏှာချုပ်တယ်၊ မလာတော့ဘူး။ ဝေဒနာကို ဖြစ်ပျက်ရှုလိုက် တော့ မဂ်က အစပ်မှာလာပေါ်တယ်၊ စပ်မယ့်တဏှာကို ဖြတ်ချလိုက်တယ်။ ဒါဟာ ကိုယ့်ဒုက္ခဖြစ်ကြောင်း ကိုယ်ဖြတ်နေတာပါပဲ။ ၀ိပဿနာမလုပ်ရင် မဂ်မပေါ်ဘူး။ မဂ်မပေါ်ရင် ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘ၀ပစ္စယာ ဇာတိ။ ဒီမှာ ကမ္မဘ၀နဲ့ ဇာတိဆက်သွားတယ်။ ဇရာမရဏလဲ လာမယ်။ (၃)နဲ့ (၄) ဆက်သွားတာ။ (၃)က သမုဒယသစ္စာ၊ (၄)က ဒုက္ခသစ္စာ၊ သမုဒယနဲ့ ဒုက္ခဆက်သွားတာ။ ဒါကြောင့် ၀ိပဿနာမလုပ်ဖြစ်ဘူးဆိုရင် (၂)နဲ့ (၃)ဆက်နေတယ်။ ဝေဒနာနဲ့ တဏှာလဲဆက်၊ ဖဿနဲ့ တဏှာလဲဆက်၊ သဠာယတနနဲ့ တဏှာလဲဆက်၊ နာမ်ရုပ်နဲ့ တဏှာလဲဆက်၊ ၀ိညာဏ်နဲ့ တဏှာလဲဆက်တယ်။ သူတို့က အရှုခံတွေ၊ အရှုခံတွေကို မရှုမိတော့ ဆက်သွားတာ။ ၀ိပဿနာမရှုဖြစ်ဘူးဆိုရင် ဝေဒနာပစ္စယာ တဏှာ၊ ဖဿပစ္စယာ တဏှာ၊ သဠာယတနပစ္စယာ တဏှာ၊ နာမရူပပစ္စယာ တဏှာ၊ ၀ိညာဏပစ္စယာ တဏှာ- ဒီလိုပဲ လာမယ်။


(၂)နဲ့ (၃)သာ ဆက်မိရင် (၄)တားမရတော့ဘူး။ တားမရတော့ ဇာတိ ဇရာမရဏ ဒုက္ခသစ္စာ ရမယ်။ (၂) ဒုက္ခသစ္စာကနေပြီး (၃)သမုဒယသစ္စာ ဆက်မိတာနဲ့ (၄)နံပါတ် ဒုက္ခသစ္စာ ကိုယ်ပိုင်သိမ်း ပိုက်လိုက်ရပြီ။ ဒါကြောင့် ဒုက္ခနဲ့ သမုဒယသာဆက်ရင် ဒီသမုဒယက နောက် ဒုက္ခအကျိုးပေးလိမ့်မယ်။ ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခချုပ်ကြောင်းကို ရှာရမယ်။ ဒုက္ခဖြစ်ကြောင်း ထပ်ရှာလို့ ဒုက္ခက မလွတ်ဘူး။ ဒုက္ခချုပ်ကြောင်း ရှာချင်ရင် ဝေဒနာကို ဖြစ်ပျက်ရှု။ ဖဿ ဖြစ်ပျက်ရှု၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဖြစ်ပျက်ရှု။ နာမ်ကို ဖြစ်ပျက်ရှု၊ ရုပ်ကို ဖြစ်ပျက်ရှု၊ စိတ်ကို ဖြစ်ပျက်ရှု။


ဖြစ်ပျက်ရှုတော့ မဂ်က အဆက်ကိုဖြတ်လိုက်တယ်။ ဒုက္ခဖြစ်ကြောင်းတွေ ပေါ်မလာတော့ဘူး။ ဒုက္ခဖြစ်ကျိုးလဲ ပေါ်မလာတော့ဘူး။ ဒုက္ခ ဖြစ်ကြောင်းက သမုဒယသစ္စာ၊ ဖြစ်ကျိုးက ဒုက္ခသစ္စာ။ ဒါဖြင့် ဒီအဆက်ကို ဖြတ်နိုင်ရင် သမုဒယနဲ့ ဒုက္ခချုပ်တယ်။ ဝေဒနာနိရောဓာ တဏှာနိရောဓော- ဝေဒနာချုပ် တဏှာလဲချုပ်တာပဲ။ တဏှာချုပ်အောင်လ ပ်နိုင်ပြီဆိုရင် (၂)နဲ့ (၃) အဆက်ပြတ်သွားတယ်။ ပြတ်သွားတော့ (၄) ဒုက္ခသစ္စာ အကျိုးပေး မလာနိုင်တော့ဘူး။ ဒုက္ခသစ္စာအကျိုးေ ပးမလာတော့ ဒုက္ခတွေသိမ်း ငြိမ်းချမ်းသွားတာ၊ ဒါဟာ နိဗ္ဗာန်ပါပဲ။ ဝေဒနာနဲ့ တဏှာ အဆက်ပြတ်မှသာလျှင် ဒီနိဗ္ဗာန် ကိုယ့်သန္တာန်မှာပေါ်လာမှာပါ။ ဒါကြောင့် အဆက်ဖြတ်ကြပါစို့။


- (ဒေါက်တာအရှင်ပါရမီ)


Dhamma Danã Source ► www.facebook.com/youngbuddhistass ociation.mm


"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT