Thursday, September 21, 2017

တံခွန်တိုင်နှင့် ဟင်္သာရုပ်တို့၏ အဓိပ္ပာယ်

▬▬▬▬
"စေတီတော် များ မှာ တည်ထားလေ့ရှိတဲ့
တံခွန်တိုင် နဲ့ ဟင်္သာရုပ် တို့ရဲ့ အဓိပ္ပါယ်"
━━━━━━━━━━━━━━━━━━━━━
မိမိတို့ "ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံ"ဆိုတာ ယဉ်ကျေးမှုသုခုမအလင်းတွေ ထည်ဝါခဲ့ကြတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ သိပြီး ဖြစ်ကြပါလိမ့်မယ်။
ဒါပေမယ့်
ခေတ်သစ်မှာ အချို့အရာတွေနဲ့ပတ်သက်ပြီး မရှင်းမလင်းရုံမက ယောင်ဝါးဝါးတွေ ဖြစ်လို့ နေကြပါတယ်။
ဒီနေရာမှာ
"တံခွန်တိုင်"ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြရရင်-
"တံခွန်တိုင်"လို့ ခေါ်ရခြင်းက-
ဘုရား ပုထိုး စေတီတော်တွေရဲ့အနီးမှာ တိုင်တွေ စိုက်ထူထားတတ်ကြပါတယ်။
အဲဒီတိုင်တွေရဲ့ ထိပ်ဖျားမှာ "တံခွန်"တွေကို လွှင့်ထူထားကြလို့ "တံခွန်တိုင်"လို့ ခေါ်ပါတယ်။
"တံခွန်"ဆိုတာ -
ရှေးအခါက
-ယာဉ်ရထားတွေ
-အဆောက်အဦတွေမှာ ထင်ရှားပေါ်လွင်အောင် တင့်တယ်အောင် လွှင့်ထူလေ့ရှိကြတဲ့ "အလံ"ကို "တံခွန်"လို့ ခေါ်ခြင်းပါ။
-တံခွန်လုံး
-တံခွန်ပြား
-တံခွန်ကုက္ကား စသဖြင့် များစွာရှိကြပေမယ့်
"တံခွန်တိုင်"မှာ တပ်ဆင်လေ့ရှိတဲ့ "တံခွန်"တွေကတော့ "လုံးဝန်းပြီး ရှည်မြောမြောသဏ္ဍာန်ရှိကာ ဝါးနဲ့ ရက်လုပ်ထားတဲ့ တံခွန်"တွေ ဖြစ်ပါတယ်။
"ဝါး"ကို အခွေလိုက်ပြုကာ အပေါ်ကနေ "စက္ကူ"ကပ်ပြီး စက္ကူပေါ်မှာ "ဗုဒ္ဓဝင်ဖြစ်စဉ်တွေ ဗုဒ္ဓမုခပါဌ်ဓမ္မ"တွေကို ရေးသားထားကြပါတယ်။
ဒါပေမယ့်
ယခုအခါမှာတော့ "တံခွန်တိုင်"တွေမှာ ချိတ်ဆွဲတင်ရမယ့် "တံခွန်"တွေ မတွေ့ရသလောက် ရှားပါးနေပြီလို့ သုတေသီတို့က ဆိုကြပါတယ်။
ရှေးက "တံခွန်တိုင်"ကို "သစ်တွေ ,ဝါးတွေ"နဲ့ ပြုလုပ်ခဲ့ကြပေမယ့် နှောင်းခတ်မှာ "အုဋ္ဌ်,အင်္ဂတေ"တွေနဲ့သာ ပြုလုပ်ကြပါတော့တယ်။
"တံခွန်တိုင်"ဆိုတာ
တိုင်မြင့်မြင့်ထူကာ အဝေးကနေ မြင်နိုင်အောင်
"တံခွန်လုံး ,တံခွန်ပြား"တွေ ချိတ်ဆွဲထားကြပြီး -
“ဒီနေရာမှာ
ဘုရား ပုထိုး စေတီ ရှိတယ်။
လာရောက် ဖူးမြှော်ပူဇော်ကြပါ”
-ဆိုတဲ့ ရည်ရွယ်ချက်အဓိပ္ပာယ်နဲ့ စိုက်ထူထားတဲ့အရာလို့ ဆိုကြပါတယ်။
"တံခွန်တိုင်"ထိပ်မှာ ထုလုပ်ထားတဲ့ "ဟင်္သာရုပ်ပုံ"ကို ရှုကြည့်ရင်တော့-
“သေခြင်းတရား ဟာ လျင်မြန်လွန်းလှပါတယ်။
မသေရာဆီ သွားဖို့
မမေ့မလျော့ မပေါ့မဆဘဲ
ဒါန -သီလ -ဘာဝနာများ ကြိုးစားအားထုတ်ကြဖို့ရန် ဒီနေရာဆီ လာကြပါ။
ဒီနေရာမှာ
မသေရာဆီ ပို့ပေးမယ့် ဘုရား စေတီတော်
တရားတော်တွေ ရှိပါတယ်” -လို့ ဖိတ်ခေါ်ချင်လို့ "တံခွန်တိုင်"ကို ထူထားကြတယ်လို့ ဆိုနိုင်ပါတယ်။
ဘာကို ထောက်ဆပြီး သိရလဲဆိုရင်
"ဇဝနဟံသဇာတ်တော်"ကို ထောက်ဆပြီး သိရပါတယ်။
"တံခွန်တိုင်နဲ့ ဟင်္သာ"
--------------------------
"မြတ်စွာဘုရားရှင်"ဟာ "အလောင်းတော် ဘ၀"က "ဇ၀န"မည်တဲ့ "ဟင်္သာမင်း" ဖြစ်ခဲ့ဖူးပါတယ်။
ဟင်္သာ ပေါင်း ကိုးသောင်း အခြံအရံ ရှိပါတယ်။ သူ့မှာ ညီငယ် ဟင်္သာနှစ်ကောင်လဲ ရှိပြီး "စိတ္တကုဋ်တောင်"မှာ နေထိုင်ကြပါတယ်။
တစ်နေ့မှာ ညီငယ်များက "နေ"နဲ့အပြိုင် ပျံသန်းလိုတာကြောင့် သူတို့ရဲ့အစ်ကို "ဟင်္သာမင်း"ဆီမှာ ခွင့်တောင်းပါတယ်။ ညီငယ်များ လမ်းခရီးမှာ ဒုက္ခရောက်နိုင်တာကို သိတဲ့အတွက် ခွင့်မပြုခဲ့ဘူး။
ညီငယ် (၂)ကောင်ဟာ အစ်ကိုရဲ့စကားကို နားမထောင်ဘဲ နေနဲ့ပြိုင်ဖို့အတွက် "နေ"မထွက်မီကတည်းက "ယုဂန္ဓိုရ်တောင်ထိပ်"ကနေ သွားစောင့်နေပါတယ်။ "နေ"ထွက်တာနဲ့ "နေ"နဲ့အပြိုင် ပျံသန်းကြပါတယ်။
လမ်းခရီးမှာ "နေ"ရဲ့အရှိန်ကြောင့် "အငယ်ဆုံးကောင်"ရဲ့အတောင်မှာ မီးစွဲလောင်ပါတယ်။
ဒီအကြောင်းကို "ဟင်္သာမင်း" ကြားသိတဲ့အခါ လျင်မြန်တဲ့အဟုန်နဲ့ပျံလာကာ "ညီငယ်"ကို ကယ်ပြီး "စိတ္တကုဋ်တောင်"ကို ပို့ပေးခဲ့ပါတယ်။
မွန်းတည့်အချိန်ရောက်တဲ့အခါ
"အကြီးကောင်"ဆက်လက်ပြီး မပျံနိုင်တော့တဲ့အတွက် "စိတ္တကုဋ်တောင်"ကို ပို့ပေးခဲ့ရပြန်တယ်။
"ဟင်္သာမင်း"က သူလဲ "နေ"နဲ့အပြိုင်ပျံသန်းပြီး သူ့ရဲ့အဟုန်ကို စမ်းသပ်ခဲ့ပါတယ်။
အကျိုးမရှိကြောင်း မြင်ရတဲ့အခါ အဲဒီလိုပျံသန်းခြင်းကို ရပ်နားပြီး "ဗာရာဏသီမြို့"ကို ပျံလာခဲ့ပါတယ်။
"ဟင်္သာမင်း"ရဲ့အရိပ်ဟာ "ဗာရာဏသီမြို့"တစ်ခုလုံးကို လွမ်းမိုးသွားပါတယ်။
ဒီလို ထူးဆန်းတဲ့အကြောင်းအရာကို "ဗာရာဏသီမင်း"က သူ့နန်းတော်ထဲ ရောက်လာတဲ့ "ဟင်္သာမင်း"ကို မေးတဲ့အခါ -
-သူဟာ "နေနဲ့အတူ ပျံသန်းနိုင်ခဲ့တယ်"ဆိုတဲ့အကြောင်း ပြောပါတယ်။
"မင်းကြီး"က -
-"ဟင်္သာမင်းရဲ့ အဲဒီအဟုန်ကို မြင်ချင်တယ်"လို့ ပြောတဲ့အခါ "ဘုရားအလောင်းဟင်္သာမင်း"က -နေနဲ့အဟုန်မပြိုင်ဘဲ
-အဟုန်တူတဲ့ လေးသည်တော် လေးယောက်ကို ခေါ်ပြီး ကျောခြင်းကပ်ရပ်စေကာ အရပ်လေးမျက်နှာကို မြား တစ်စင်းစီ ပစ်လွတ်စေခဲ့ပါတယ်။
"ချူလုံး" ဆွဲထားတဲ့"ဟင်္သာမင်း"က လျင်မြန်တဲ့အဟုန်နဲ့ "မြားလေးစင်း"ကို ဖမ်းယူကာ လေးသမားများရဲ့ အနီး ချထားခဲ့ပြီးမှ "တိုင်ထိပ်"မှာ ရပ်နားနေလိုက်ပါတယ်။ လျင်မြန်လွန်းတဲ့အတွက် "ဟင်္သာမင်း"ကို မမြင်ရဘဲ ချူသံသာ ကြားလိုက်ရပါတယ်။
"မင်းကြီး"က -
"ဒီထက်မြန်တဲ့အဟုန် ရှိပါဦးမလား"-လို့ မေးတဲ့အခါ -
"ဘုရားအလောင်းတော်"က
"ဒီအဟုန်ထက်
အဆတစ်ရာ,အဆတစ်ထောင်,အဆတစ်သိန်း မက မြန်တဲ့ အရာရှိပါတယ်။
အဲဒါကတော့
"သေခြင်းတရား"ပါပဲ"
-လို့ ပြောလိုက်တဲ့အခါ
"မင်းကြီး"ထိတ်လန့် တုန်လှုပ်သွားပါတယ်။
"ဟင်္သာမင်း"က "မင်းကြီး"ကို တရားဟောပြီး သက်သာရာ ရစေခဲ့ပါတယ်။
အထက်ပါ "ဇဝနဟံသဇာတ်တော်"ကို ကြည့်ရှုပြီး ဆိုလိုချက် သဘောအဓိပ္ပာယ် ပေါ်လွင်လောက်ပြီလို့ ယုံကြည်ပါတယ်။
"ဟင်္သာမင်း"ရဲ့ ဖြစ်တော်စဉ် "ပါရမီ စရိယ"ဇာတ်များစွာမှနေ နှောင်းလူတွေ-
-အသိရအောင်
-သဒ္ဓါပေါက်အောင်
-ဖူးမြှော်တတ်အောင်
-အမှတ်တရရှိအောင် ထုလုပ်ထားခဲ့ခြင်း ဖြစ်ပါတယ်။
"သိကြားရုပ်နဲ့ နတ်မင်းကြီးလေးပါး"
---------------------------------------
မြင်တွေ့နေရတဲ့ "တံခွန်တိုင်"တွေကို လေ့လာကြည့်ရင်
-မြင့်မားဖြောင့်တန်းရှည်လျားတဲ့ "အုဋ္ဌ်တိုင်"နဲ့
-အဲဒီ"အုဋ္ဌ်တိုင်"ရဲ့ခြေရင်းမှာ "ပလ္လင်ခုံ" ရှိပါတယ်။
အဲဒီ"ပလ္လင်ခုံ"ပေါ်မှာ "ဗဟိုတိုင်"ကိုပတ်ရံပြီး "နတ်ရုပ်,သိကြားရုပ် ,ဗြဟ္မာရုပ်"တွေ ခြယ်လှယ်ဆင်သလေ့ ရှိကြပါတယ်။
တိုင်ရဲ့ထိပ်မှာတော့ "ဟင်္သာ"-သာမက
-ကရဝိက်
-ဂဠုန်
-ပြာဿဿ ဒ် စေတီ စသည်ကို တင်လေ့ရှိကြပါတယ်။
ရှေးကတော့
"တံခွန်တိုင်"ဆိုရင် -
အခြေမှာ "သိကြားရုပ်"ပါမှ အင်္ဂါစုံတယ်လို့ မှတ်ယူကြပြီး "သိကြားရုပ်"ကို မပါမဖြစ်လေးနက်တဲ့ အဓိပ္ပာယ်တွေနဲ့ ထည့်ပေးကြခြင်းပါ။
ထုလုပ်လေ့ရှိတဲ့ "သိကြားရုပ်ရဲ့ ဟန်"တွေကလည်း
(၁)သိကြားမင်း ခရုသင်းကိုင်နေဟန်
(၂) ရှိခိုးနေဟန်
(၃) သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်
(၄) စောင်းပိုက်နေဟန်-ဆိုပြီး "လေးမျိုးလေးစား" နဲ့ ဟန်အသီးသီးမှာ အထိမ်းအမှတ်တွေ အသီးအသီး ရှိကြပါတယ်။
၁)သိကြားမင်း ခရုသင်းကိုင်နေဟန်
"မြတ်စွာဘုရား" ပွင့်တော်မူစဉ်က -
-"သိကြားမင်း"ဟာ "ခရုသင်းမှုတ်ပြီး ပူဇော်"ခဲ့တာကို လူတွေ အမှတ်ရကြစေဖို့ "သိကြားမင်း ခရုသင်းကိုင်နေဟန်"ကို ထုလုပ်ပေးကြခြင်းပါ။
၂) သိကြားမင်းရှိခိုးနေဟန်
နောက် -
-"သိကြားမင်း ရှိခိုးနေဟန်"ကို "မင်္ဂလာတရား ဟောကြားပေးဖို့ရန် သိကြားမင်း ရှိခိုးပြီး တောင်းပန်"နေတာကို ရည်ရွယ်ပြီး ထုလုပ်ပေးကြခြင်းပါ။
၃) သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်
နောက်တစ်မျိုး
-"သံတုတ်(ဝရဇိန်)လက်နက် ကိုင်နေဟန်ကိုတော့ -
"ဘုရားရှင်"ကို "အမေးပုစ္ဆာ"တွေ လာမေးတဲ့ "အမ္ဗဋ္ဌလုလင်"ဟာ
"ဘုရားရှင"်က မေးနေတာကို "အဖြေမပေး"ဘဲ ပေတေနေတာကို -
"ဝရဇိန်လက်နက်ပိုင်ရှင် သိကြားမင်း"သိလို့ ပူပြင်းတောက်လောင်နေတဲ့ "သံတူ(သံတုတ်)ကို ကိုင်ပြီး တကယ်သတ်တော့မယ့်ဟန်" ကြိမ်းဝါးခဲ့တာကို ရည်မျှော်ပြီး ထုလုပ်ပေးကြခြင်းပါ။
၎) စောင်းပိုက်နေဟန်-
နောက်ဆုံးတစ်မျိုးဖြစ်တဲ့ "စောင်းပိုက်နေဟန်"ကိုတော့
-"ပဉ္စသိင်္ခနတ်သား"က "မြတ်စွာဘုရား"ကို "သိကြားမင်း"ကိုယ်စား ဂါထာတွေနဲ့ "စောင်းညှင်းဆောင်ကာ လျှောက်ထား"ခဲ့တာကို ရည်မှတ်ပြီး ထုလုပ်ပေးကြခြင်းပါ။
ဒီအကြောင်းအရာတွေကို မုံတိုင်ပင်ဆရာတော်ရဲ့ “သုံးပုံတံချူကျမ်း”မှာ လင်္ကာတွေနဲ့ မှတ်တမ်းပြထားပါတယ်။
အချို့ "တံခွန်တိုင်"အခြေတွေမှာတော့
-"သိကြားရုပ်"တွေအစား -
"စတုလောကပါလ နတ်မင်းကြီးလေးပါး"တို့ရဲ့ ပုံတွေကို ထုလုပ်ထားကြပါတယ်။
ဒါကလည်း အရမ်းကာရောတော့ မဟုတ်ကြပါဘူး။
"ဥပုသ်နေ့"တွေမှာ -
-ရတနာသုံးပါးကို ဆည်းကပ်သူ,
-မဆည်းကပ်သူ၊
-သီလစောင့်သူ,
-မစောင့်သူ၊
-မိဘလုပ်ကျွေးသူ,
-မကျွေးသူ စတဲ့လူတွေကို
အဲဒီ"နတ်မင်းကြီး"တွေနဲ့ "နတ်မင်းကြီး"တွေရဲ့ "အစေအပါးနတ်"တွေက စာရင်းကောက်ယူပြီး "ပဉ္စသိင်္ခနတ်သား"ကတစ်ဆင့် -"မာတလိ,"
"မာတလိ"ကတဆင့် "သိကြားမင်း"ဆီ အပ်ကြပါတယ်။
ဒီအကြောင်းကို လူတွေ သတိရကြကာ- -ရတနာသုံးပါး ဆည်းကပ်ကြဖို့
-သီလစောင့်ထိန်းကြဖို့
-မိဘလုပ်ကျွေးကြဖို့
လူတွေကို သတိပေးတဲ့ဟန်နဲ့ ထုလုပ်ပေးကြခြင်းပါ။
အချို့က
"သိကြားမင်း"ရဲ့
-ရှိခိုးနေဟန်,
-ခရုသင်းကိုင်နေဟန်,
-စောင်းကိုင်နေဟန်,
-သံတူကိုင်နေဟန် "ရုပ်တုလေးခု"ကို ကြည့်ပြီး
"နတ်မင်းကြီးလေးပါး"နဲ့ မှားတတ်ကြပါတယ်။
ဒီလောက်ဆို
"တံခွန်တိုင်"နဲ့ပတ်သက်ပြီး သိသင့်သလောက် သိကြပြီ လို့ ယူဆပါတယ်။

မှီခိုရာကျမ်းကိုး-
(၁။ပိဋကတော်များ
၂။ပခုက္ကူစာပေဆု သုတေသနစာပေဆုရ
မောင်ယဉ်လှိုင်း၏ ဆောင်းပါး
၂။"အရှင်ခေမိန္ဒ(တိပိဋက နိကာယ)"၏
"တံခွန်တိုင်ရဲ့အဓိပ္ပါယ်")
ချမ်းသာ ကြပါစေ၊ အေးငြိမ်း ကြပါစေ၊
သံသရာ ၀ဋ်ဆင်းရဲမှ..လွတ်မြောက် နိုင်ကြပါစေ။
ဘ၀တု သဗ္ဗမင်္ဂလံ

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT