Tuesday, September 19, 2017

သေခြင်းတရားကို မ​ကြောက်​ရွံ့သူများ

"သေမှာ မကြောက်ကြသူများ"
••••••••••••••••••••••••••••••••
ဤလောက၌ ပုထုဇင် ပုဂ္ဂိုလ်သတ္တ၀ါ မှန်သမျှသည် သေရမည်ကို ကြောက်ကြ၏။ ထို့ကြောင့်လည်း သေရမည့်ဘေးနှင့် ကြုံကြသည့်အခါ လွတ်ရာလမ်းကို နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေကြခြင်း ဖြစ်၏။ အသက်ရှင်အောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ကြ၏။
သေဘေးနှင့် မကြုံရအောင် အသက်ရှင် ရပ်တည်နိုင်ရေး နည်းလမ်းကို ရှာဖွေကြ၏။ အစာမစားလျှင် သေရမည်ကို ကြောက်ကြသဖြင့် အစာစားကြ၏။ ရေမသောက်လျှင် သေမည်စိုးသဖြင့် ရေသောက်ကြ၏။ ရောဂါကြောင့် သေမည်ကို ကြောက်ကြသဖြင့် ရောဂါမဖြစ်အောင်၊ ဖြစ်လာလျှင်လည်း ပျောက်ကင်းသက်သာအောင် အားထုတ်ကြ၏။
မှန်၏။
ထို့အတွက်ကြောင့်လည်း စည်းစိမ်ဥစ္စာနှင့် ခြေလက်အင်္ဂါတစ်ခုခု ယှဉ်လာလျှင် စည်းစိမ်ဥစ္စာကို စွန့်၍ ခြေလက်အင်္ဂါကို ရွေးချယ်ကြခြင်းဖြစ်၏။ ခြေလက်အင်္ဂါတို့နှင့် အသက်ယှဉ်လာလျှင် ခြေလက်အင်္ဂါတို့ကို စွန့်၍ အသက်ကို ရွေးချယ်ကြခြင်းဖြစ်၏။ မသေဘူးဆိုလျှင် အသက်ကလွဲ၍ ကျန်သည့်အရာများကို စွန့်လွတ်ရန် ၀န်မလေးတတ်ကြပေ။ ဤသည်တို့မှာ သေရမည်ကို ကြောက်ကြသောကြောင့်ပင် ဖြစ်၏။ သာမန်သူများ မဆိုထားဘိ လောကတွင် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ရသဖြင့် မခံစားနိုင်ဖြစ်ပြီး မိမိကိုယ်ကို သတ်သေရန် ကြိုးစားကြသည့် သူများပင်လျှင် လက်တွေ့သေကြရမည် ဆိုသောအခါ ကြောက်လန့်မှု ဖြစ်ကြသေး၏။
♦ ကြားဖူးသည့် ပုံပြင်လေး တစ်ခုရှိ၏။ ရှေးတုန်းက ကျေးရွာတစ်ရွာတွင် အလွန်ဒုက္ခဆင်းရဲ ဖြစ်သဖြင့် မိမိကိုယ်ကို ဆွဲကြိုးချသေရန် ကြိုးစားသည့် သူတစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူသည် မိမိကိုယ်ကို သတ်သေရန် ကြိုးအရှည်တစ်ချောင်းကို ယူကာ ရွားထိပ်က သစ်ပင်ကြီးရှိရာ အရပ်သို့ သွား၏။ သစ်ပင်ရှိရာသို့ ရောက်သည့်အခါ ကြိုးတစ်စကို သစ်ပင်၏သစ်ကိုင်း တစ်ခုတွင် ချည်ပြီး ကျန်တစ်စကို မိမိ၏ လည်ပင်းတွင် ချည်ကာ သစ်ပင်ပေါ်မှ ခုန်ချလေ၏။
သို့သော် မည်သို့ပင် ကြိုးစားကြိုးစား ဘာမျှမဖြစ်ဘဲ အသက်ရှင်လျှက်သာရှိ၏။ စင်စစ် ထိုသို့ဖြစ်ခြင်းမှာ သူ၏ကြိုးမှာ သစ်ကိုင်းနှင့် မြေကြီးထက်နှစ်ဆလောက် ရှည်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း ခုန်ချတိုင်း ကြိုးစက မြေကြီးပေါ်တွင် ပုံလျက်သားဖြစ်ကာ မသေခြင်းဖြစ်၏။ ထိုအချင်းအရာကို မြင်းစီးပြီး တစ်နေရာသို့ ခရီးသွားသည့် သူတစ်ယောက်က တွေ့ကာ ``ဟေ့လူ… ဘာလုပ်နေတာလဲ`` ဟု မေး၏။
ထိုအခါ သစ်ပင်ပေါ်မှ သူက ``ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေမလို့ပါ။ ဒါပေမယ့် ဘယ်လိုဖြစ်မှန်း မသိ၊ သေလို့ကို မရဘူးဖြစ်နေတယ်``ဟု ပြန်ပြော၏။ ထိုအခါ ခရီးသွားက အခြေအနေကို ကြည့်ပြီး ``ဟာ… ခင်ဗျားနှယ်… အ ရန်ကော… ခင်ဗျားလုပ်တာက ဟုတ်မှမဟုတ်ဘဲ… လာဆင်းခဲ့ ကျွန်တော်ပြမယ် သေသေချချာကြည့်`` ဟု ဆိုကာ သေကြောင်းကြံမည့် သူဆီမှ ကြိုးကိုယူပြီး သူကိုယ်တိုင် သစ်ပင်ပေါ်တက်သွားကာ အောက်ကလူကို ``ဟေ့လူ… ဒီမှာ ကျုပ်ပြမယ် သေသေချချာကြည့်.. ခင်ဗျားဟာက ကြိုးရှည်နေလို့ ဖြစ်တာ၊ ကြိုးကို ဒီလိုတိုအောင် ဖြတ်၊ ပြီးရင် ဒီလို လည်ပင်မှာ ချည်ပြီး ဒီလိုခုန်ချရတယ်..`` ဟု ဆိုကာ သူ့လည်ပင်းကို ကြိုးကွင်းစွပ်ကာ သူကိုယ်တိုင် ခုန်ချပြလိုက်၏။
♦ အပြကောင်းသည့် ခရီးသွားကား တစ်ခါတည်း မိမိကိုယ်ကို မိမိသတ်သေပြီး ဖြစ်သွားလေ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ အမှန်တကယ် မိမိကိုယ်ကို သတ်သေရန် ကြိုးစားသည့် ရွာသားမှာ အလွန်အမတန် ကြောက်လန့်ပြီး ``ဟာ… သေတာဟာ ကြောက်စရာကြီးပါလား…`` ဟု ရေရွတ်ပြီး မသေရဲတော့ဘဲ ကြောက်အားလန့်အား ရွာထဲပြန်ဝင် ပြေးသွားလေ၏။ ဤပုံပြင်လေးသည် ဟာသဆန်ဆန် ပုံပြင်လေးဖြစ်သော်လည်း တစ်ဘက်က ကြည့်ပါက အမှန်တကယ် သေချင်ကြသည့် သူများပင်လျှင် လက်တွေ့သေရမည် ဆိုသောအခါ ကြောက်လန့်တတ်ကြကြောင်း သွယ်ဝိုက်ပြီး နားလည်သဘောပေါက်နိုင်၏။ ထို့ကြောင့် သေရမည်ကို မကြောက်သည့်သူ မရှိဟု ပြောဆိုကြခြင်း ဖြစ်၏။
သို့သော် သေမှာမကြောက်သူများသည် အမှန်ပင်ရှိ၏။ မည်သို့သော သူများသည် သေမှာမကြောက်ကြကြောင်း ဗုဒ္ဓစာပေတွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူထားသည်များ ရှိ၏။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ် ပါဠိတော် အဘယသုတ်တွင် သေမှာမကြောက်သည့် ပုဂ္ဂိုလ်လေးယောက် ရှိကြောင်း မြတ်ဗုဒ္ဓဟောတော်မူထား၏။ ဤတရားတော်သည် "ဇာဏုေဿာဏီ" အမည်ရှိသော ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်ကို မြတ်စွာဘုရားရှင်မှ ဖြေကြားဟောထားခြင်းဖြစ်၏။ ဤအဘယသုတ်တွင် သေမှာကြောက်သည့်သူများ နှင့်သေမှာ မကြောက်သည့် သူများကို ဟောတော်မူထားသော်လည်း ဤနေရာတွင် သေမှာမကြောက်သူများကိုသာ တင်ပြလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေမှာမကြောက်သူများကို တင်ပြလိုက်ကာမျှဖြင့် အပြန်အားဖြင့် သေမှာကြောက်သည့် သူများကိုလည်း အလွယ်တကူ နားလည်နိုင်မည် ဖြစ်သောကြောင့်ပင် ဖြစ်၏။
မြတ်စွာဘုရားရှင်မှ ပုဏ္ဏားကြီးအား
♦ " ပုဏ္ဏား… ဤလောက၌ အချို့သောသူသည် ကာမဂုဏ်တို့၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ချစ်ခင်ဖွယ် ကာမဂုဏ်တို့သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို စွန့်ရတော့မည်ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။"
♦ - "ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် ကိုယ်၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါချစ်ခင်ဖွယ် ကိုယ်သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကိုယ်ကို စွန့်ရတော့မည် ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။"
♦ -" ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် မကောင်းမှုကို မပြု။ ကြမ်းကြုတ်မှုကို မပြု။ ညစ်နွမ်းမှု အကုသိုလ်ကို မပြု။ ကောင်းမှုကို ပြုပြီးဖြစ်၏။ ကုသိုလ်ကို ပြုပြီးဖြစ်၏။ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးဖြစ်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ "ငါသည် မကောင်းမှုကို မပြု၊ ကြမ်းကြုတ်မှုကို မပြု၊ ညစ်နွမ်းမှုကို မပြု၊ ကောင်းမှုကို ပြုပြီးပြီ၊ ကုသိုလ်ကို ပြုပြီးပြီ၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးပြီ၊ အချင်းတို့ စင်စစ် မကောင်းမှုကို မပြုသော၊ ကြမ်းကြုတ်မှုကို မပြုသော၊ ညစ်နွမ်းမှုကို မပြုသော၊ ကောင်းမှုကို ပြုပြီးသော၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးသော သူတို့၏ လားရာဂတိ ဟူသမျှသို့ ဘ၀နောင်ခါ ငါလားရတော့အံ့ တကား"ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။"
♦ - "ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် သူတော်ကောင်းတရား၌ မယုံမှား။ ဝေခွဲနိုင်၏။ ဆုံးဖြတ်နိုင်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ "ငါသည် စင်စစ် သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲနိုင်၏၊ ဆုံးဖြတ်နိုင်၏"ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။ ပုဏ္ဏား… သေခြင်းသဘောရှိသည်ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိန်လန့်ခြင်းသို့ မရောက်သော သူတို့သည် ဤလေးမျိုးတို့တည်း" ဟု မိန့်တော်မူ၏။
အထက်ပါ ဟောကြားချက်တွင် မြတ်ဗုဒ္ဓမှ သေမှာ မကြောက်သည့် ပုဂ္ဂိုလ်လေးမျိုးကို ခွဲခြားဟောကြားတော် မူထားသည်ကို ဖတ်ရှုကြည်ညိုနိုင်ကြမည် ဖြစ်၏။
ထိုဟောကြားချက်ကို အနှစ်ချုပ် အလွယ်နားလည်အောင် ကောက်ချက်ချပြရလျှင်သေမှာ မကြောက်သူတို့ဟူသည်
၁။ ကာမဂုဏ်တို့၌ တပ်မက်မှုရာဂ၊ တွယ်တာမှုသံယောဇဉ်၊ ဆာလောင်မွတ်သိပ်ပူပန်ခြင်း ကင်းသောသူ
၂။ ခန္ဓာကိုယ်၌ တွယ်တာနှစ်သက် တပ်မက်မှုတဏှာ ကင်းသောသူ
၃။ မကောင်းမှု အကုသိုလ်ကို မပြု၊ ကောင်းမှုကုသိုလ်ကို ပြုပြီးသောသူ
၎။ သူတော်ကောင်းတရား၌ ယုံမှားသံသယ မရှိသောသူ ဟူသော ဤလေးမျိုးတို့ပင် ဖြစ်ပါ၏။
မှန်၏။ စင်စစ် လူ့ဘ၀တွင် နေသည့်အခိုက်
♦ ကာမဂုဏ်အာရုံများ နောက်သို့သာ လိုက်နေကြသူများ၊
♦ "ငါ၊ င့ါခန္ဓာ"ဟု စွဲလမ်းတပ်မက်မှု ရှိနေကြသူများ၊
♦ကုသိုလ်ကောင်းမှု မရှိ အကုသိုလ်များဖြင့်သာ အချိန်ကုန်နေကြသူများ၊
♦ မသိနားမလည်သူများသည် သေခါနီးအခါကာလတွင် မိမိတို့ ဘ၀သံသရာအတွက် အားကိုးအားထားပြုစရာ တစ်စုံတစ်ခုမျှ မရှိသည့်အတွက် သေရမည်ဆိုသည့်အခါ ကြောက်ကြခြင်းဖြစ်၏။
အပြန်အားဖြင့် အသက်ရှင်နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့မလိုက်သူ၊ ငါ၊ ငါ့ခန္ဓာဟု တပ်မက်စွဲလမ်းမှု မရှိသူ၊ အကုသိုလ်ကိုပြုခြင်းမရှိ ကုသိုလ်များဖြင့်သာနေသူ၊ သူတော်ကောင်းတရားကို သိရှိနားလည် လိုက်နာကျင့်ကြံနေသူများ အတွက်ကား မိမိတို့သံသရာအတွက် ရိက္ခာအပြည့်ထုတ်ပြီး ဖြစ်သဖြင့် ယခုဘ၀သေရမည့် အရေးတွေးပြီး ကြောက်စရာမလိုကြခြင်း ဖြစ်၏။ အထူးသဖြင့် မဟုတ်သည့်အရာများ၊ မကောင်းသည့်အမှုများကို ပြုလုပ်ထားခြင်း မရှိကြသည့်အတွက် မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့် ရှိနေပြီး မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ဖြစ်စေ မည်သို့သော အရာမျိုးကိုမှ ကြောက်လန့်တုန်လှုပ်မှု မရှိနိုင်တော့ပေ။
ထို့အပြင် သေခြင်းတရားနှင့် ပတ်သက်၍ ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထုတွင် မြတ်ဗုဒ္ဓဟောတော်မူထားသည့် တရားတစ်ပုဒ်ကိုလည်း သတိရမိ၏။ မြတ်ဗုဒ္ဓက" သာမာဝတီ" ကို အကြောင်းပြု၍ အောက်ပါဂါထာ တစ်ပုဒ်ဖြင့် သတိပေးစကား ဟောကြားခဲ့၏။
♦"အပ္ပမာဒေါ အမတံ ပဒံ၊ ပမာနော မစ္စုနော ပဒံ၊
♦ အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။" ဟူသော ဤတရားဂါထာ၏ ဆိုလိုရင်းမှာ "မမေ့လျှော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ပြီးမေ့လျှော့ပေါ့ဆခြင်းသည် သေခြင်း၏ အကြောင်းဖြစ်၏။ မမေ့မလျှော့ နေကြသူများသည် သေခြင်းကင်းသူများနှင့် တူကုန်ပြီး မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နေကြသူများသည် အသက်ရှင်နေသော်လည်း သေနေကြသူများနှင့် တူကြကုန်၏။" ဟူ၍ဖြစ်၏။
ဓမ္မပဒလာ ထိုတရားစကားသည် မြတ်ဗုဒ္ဓနေ့စဉ် မိန့်တော်မူနေကြဖြစ်သည့် အပ္ပမာဒေန သမ္ပာဒေထ - မမေ့မလျော့ မပေါ့မဆသော သတိတရားနှင့် ပြည့်စုံအောင်နေကြ ဟူသော မိန့်မှာချက်ကို ထပ်ဆင့်အထူးပြု သတိပေးထားသကဲ့သို့ ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ဤမိန့်မှာချက်ကို ဆက်စပ်ယူလိုက်လျင် အထက်တွင်ဖော်ပြခဲ့သည့် သေမှာမကြောက်သူများ ပြည့်စုံရမည့် အချက်များနှင့် ပြည့်စုံသူများအား မမေ့မလျော့ မပေါ့မဆ နေကြသူများအဖြစ် ညွှန်ပြနိုင်မည်ဖြစ်ပြီး သေမှာမကြောက်သူများဟူသည် "သတိရှိကြသူများ" ပင်တည်းဟု ကောက်ချက်ချနိုင်မည် ဖြစ်၏။
ထို့ကြောင့် လောကတွင် သေရမည်ကို လူတိုင်းကြောက်ကြသည် ဆိုသော်လည်း သေမှာမကြောက်သည့် သူများလည်း ရှိသည်ကို အထက်ဖော်ပြပါ မြတ်ဗုဒ္ဓ ဟောတော်မူချက်များက သက်သေပြုနေပြီး ဖြစ်သဖြင့် မိမိတို့ ယခုလက်ရှိဘ၀တွင် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန်၊ သေရမည့်အရေး တွေးကြောက်စရာ မလိုသည့် သေမှာမကြောက်သူများ ဖြစ်စေရန် အချိန်ရှိခိုက် သတိစိုက်၍ ကြိုးစားကြရန်သာ လိုအပ်ပေတော့၏။ ထိုသို့ ကြိုးစားကြရန်လည်း တိုက်တွန်းလိုပါ၏။
အဘယ့်ကြောင့်ဆိုသော် သေခြင်းတရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရေး ဧကန်မုချ လာနိုင်သောကြောင့်ပင် ဖြစ်ပါ၏။
-【မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)】
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
Posted by►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT