Saturday, September 23, 2017

မန္တလေး ပဲပြုတ် ***လူထုဒေါ်အမာ

မန္တလေးပဲပြုတ်
ရေးသူ- လူထုဒေါ်အမာ

ဝါခေါင်လဆိုတာ မန္တလေးမှာ မြို့တကာ နယ်တကာက လာတဲ့ ဧည့်သည်အများဆုံးလ တလပါပဲ။ ဒီလမှာ တောင်ပြုန်းနတ်ပွဲ၊ ရတနာဂူနတ်ပွဲတွေက ရှိသကိုး။ အဲဒီတော့ နတ်ပွဲလာချင်သူက မန္တလေးကို စတည်းချရတယ်။ ဒါကြောင့် တည်းခိုခန်းတွေ ဘယ်လိုပဲ ပေါပေါ အိမ်တွေမှာလည်း ဧည့်တွေက ရှိတာပဲ။ အဝေးကဧည့်သည်ကို မန္တလေးအိမ်ရှင်က နံနက်အစောစာအဖြစ် ပဲပလာတာ၊ ပဲပြုတ်နဲ့ နံပြား၊ ပဲပြုတ်နဲ့ ပေါင်မုန့်၊ ပဲပြုတ်နဲ့ ထမင်းဆီဆမ်း၊ ငါးခြောက်ဖုတ် စတာတွေနဲ့ ကျွေးမွေးလေ့ ရှိပါတယ်။ ဧည့်သည်က ပဲပြုတ်စားရရင် မန္တလေးပဲပြုတ် ကောင်းတဲ့အကြောင်း ပြောကြပါပြီ။ သူတို့ဆီမှာလည်း ပဲပြုတ်ရှိတော့ရှိတာပါပဲ၊ ဒါပေမယ့် မန္တလေးပဲပြုတ်ကိုတော့ မမီဘူးတဲ့။

ဧည့်သည်က အဲဒီလိုပြောရင် အိမ်ရှင်ကလည်း ကျေနပ်လို့။ မန္တလေးက ပဲပြုတ်ကြိုက်တယ်မဟုတ်လား။ မနက် မလင်းတလင်း ဝေလီဝေလင်းမှာ "ပဲ" ဆိုတဲ့အသံ ကြားလိုက်ရင် တအိမ်က မဟုတ်ရင် တအိမ်က ခေါ်ဝယ်တာပဲ။ အများအားဖြင့် ပဲသည်ကို ဖောက်သည်လုပ်ထားကြတာ။ ကိုယ့်ဖောက်သည်ကို မမီလိုက်တော့မှ တခြားအသည်ကို ပျံကျ ၀ယ်စားတာ။

ပဲပြုတ်ဟာ မနက် (၈) နာရီလောက်မှ ၀ယ်ချင်လို့ မရတော့ဘူး။ အဲဒီအချိန်မှာ ပဲသည်တွေအားလုံး ရောင်းလို့ ကုန်ကြပြီ။ သိပ်စားချင်ရင် ညနေ (၂) နာရီ (၃) နာရီမှာမှ တပတ်လာရောင်းတဲ့ ပဲသည်ကို ၀ယ်စားပေတော့။ ဒါပေမယ့် ညနေရောင်းတဲ့ ပဲပြုတ်က စားတော်ပဲပြုတ် မပါဘူး။ စွန်တာနီပဲ၊ သိပ္ပံပဲတွေကို ပြုတ်ရောင်းတာ။

မန္တလေးရောက်အဝေးဧည့်သည်က မန္တလေးပဲပြုတ် ကောင်းတဲ့အကြောင်း ပြောလာရင် ဟုတ်ပါတယ်လို့ ထောက်ခံချင်ပါရဲ့။ ကျွန်မလည်း တခြားအရပ်က ပဲပြုတ်ကို စားဖူးတာပဲ။ မန္တလေးပဲပြုတ်နဲ့တော့ အရောင် အသွေးချင်းကစပြီး ကွာတယ်။ တခြားပဲပြုတ်တွေက ညစ်ပုပ်ပုပ်နဲ့။ မန္တလေးပဲပြုတ်ကလေးကတော့ ၀ါလို့ ၀င်းလို့။ ဒီလို အရောင်အသွေးကွာရတာက ပဲကိုရွေးပြီးမှ မပြုတ်လို့ပါ။ စားတော်ပဲမှာ ပဲဆေးလုံးလို့ ခေါ်တဲ့ စားတော်ပဲလုံး အနက်ကလေးတွေလည်း ရောလျက် ပါပါတယ်။ အဲဒါကို မန္တလေးပဲသည်က ပဲကို ရေစိမ်တော့မယ်ဆိုတော့ ရွေးယူထားလိုက်တာပါ။ သူနဲ့အတူ ရောလည်း မစိမ်ဘူး။ ရောလည်း မပြုတ်ဘူး။ ရောပြုတ်တော့ ပဲဆေးလုံးရဲ့ အနက်ရောင်ကကျွတ်ပြီး စားတော်ပဲကို လူးတော့ ပဲပြုတ်အရောင်ဟာ ၀င်းမနေမတော့ဘဲ ညစ်ပုပ်ပုပ် ဖြစ်သွားတာပေါ့။

မန္တလေးက ပဲပြုတ်သည်က ပဲကို ပွဲရုံက ၀ယ်လာပြီးတော့ ပထမ ဗန်းထဲမှာ သေသေချာချာ ရွေးပါတယ်။ သူတို့က ပဲဆေးလုံးခေါ်တဲ့ ပဲနက်ကလေးတွေကို တစေ့မကျန် ရွေးပြီး ဘူးတဘူးနဲ့ တခြားထားတယ်။ ပြီးတော့ ပိုးကိုက်ထားတဲ့ ပဲစေ့၊ မအောင်မြင်တဲ့ ပဲစေ့ကလေးတွေကို တခြားရွေးတယ်။ ရွေးတဲ့အခါ တကယ်စင်အောင် ရွေးတာပါ။ ပဲပိုးကိုက်တို့၊ ပဲစုန်းပြူးဖြစ်မယ့် မအောင်တဲ့ ပဲစေ့ကလေးတွေကို ရွေးပြီးတော့ စုထားပြီး ခိုစာကျွေးမယ့်လူကို ရောင်းစားပါတယ်။ ပဲဆေးလုံးကိုတော့ စုထားပြီး သီးခြားပြုတ်ပြီး နေ့လည်တခေါက် ပဲပြုတ်ရောင်းထွက်တဲ့အခါ စွန်တာနီပဲပြုတ်ရောင်းရင်း ပဲဆေးလုံးပြုတ်လို့ သီးခြား ပြုတ်ရောင်းပါတယ်။ ပဲဆေးလုံးပြုတ်ဟာ စားတော်ပဲပါဘဲ။ နက်နေလို့သာကိုး၊ အဲဒီတော့ သူ့ကို သန့်ပြီး ပြုတ်ရောင်းတဲ့အခါ အရောင်နက်တာကလွဲလို့ သူလည်း ချိုတာပဲ၊ နူးညံ့တာပဲ။

နောက်ပြီး ပဲရဲ့သဘောက ရေစိမ်တဲ့အခါ ပွရုံမစိမ်ဘဲ အညှောင့်ပေါက်အောင် ပေါက်တဲ့အညှောင့်လေး ရှည်လာတဲ့အထိ ထားပြီးမှ ပြုတ်ရင် ပိုချိုပါတယ်။ ပဲအညှောက် မပေါက်ခင် ပြုတ်ရင် အချိုနည်းပါတယ်။

မန္တလေးမှာ အရင်ကတော့ စားတော်ပဲထဲမှာ အချိုဆုံး အမျိုးဖြစ်တဲ့ ရွှေဘိုစားတော်ပဲကို ပဲပြုတ်သည်တွေ က ရွေးဝယ်ပြီး ပြုတ်ကြတယ်။ တခြား အရပ်က ပဲကို မန္တလေးပဲပြုတ်သည်က မကြိုက်ဘူး။

စားတော်ပဲက ရွှေဘိုနယ်က ထွက်တာကို ရွှေဘိုစားတော် ခေါ်တယ်။ အနက်ပြောက်ကလေး သေးသေးကလေးတပြောက် အညှောင့်ပေါက်မယ့် အနားမှာ ပါတယ်။ အလုံးသေးတယ်။ ကနေ့ပေါက်ဈေး သုံးတင်းကို ၄၈၀ိ/- လောက် ရှိတယ်။ သူက ဈေးအရဆုံးပဲ။ ကျွန်းစားတော်လို့ခေါ်တဲ့ စားတော်ပဲက အလုံးမှာ ရွှေဘိုပဲထက် ကြီးတယ်။ ထီးချိုင့်တို့၊ ကောလင်းတို့ ဘက်က ထွက်တာ ဖြစ်ပါတယ်။ သူက ၄၅၀ိ/- ၄၆၀ိ/- ဈေး ရှိပါတယ်။

စားတော်ပဲမှာ အလုံးအကြီးဆုံးကတော့ မထုစားတော်လို့ ခေါ်တဲ့ ချင်းတွင်း အလယ်ပိုင်းက ထွက်တဲ့ စားတော်ပဲပါဘဲ။ ကလေးဝ၊ ကလေးမြို့၊ မစိန်မထု အဲဒီဘက်က ထွက်တာပါ။ သူက အလုံးကြီးပြီး ချိုရာမှာ ရွှေဘိုပဲကို မမီပါဘူး။ သူပေါက်တဲ့ဈေးက ၄၂၅ိ/- ၄၃၀/ိ- ရှိပါတယ်။

အဲဒီလို ရှိရာမှာ အရင်ကတော့ မန္တလေးပဲပြုတ်သည်က ရွှေဘိုစားတော်ကို ရအောင် ၀ယ်တယ်။ အညှောက်ပေါက်အောင်၊ အညှောက်ရှည်အောင်ထားတယ်။ ပြီးမှ ပြုတ်ပါတယ်။

ပဲပြုတ်တဲ့ နေရာမှာလည်း အိုးနဲ့ ပဲနဲ့ အလောတော် ထည့်ပြုတ်မှ။ အိုးချောင်နေရင် အခွံ ကျွတ်တယ်။ ရေကို လိုသလို လိုက်ပေးရတယ်။ ပြီးတော့ မီးကို တအားမထိုးဘဲ ပထမ ထင်းမီးနဲ့ ပြုတ်၊ နောက်မှ လွှစာမီးနဲ့ နှပ်ထားမှ အိအိစက်စက်နဲ့ အလုံးမပျက်ရှိပြီး နပ်တာပါ။

ဒုကမ္ဘာစစ်မဖြစ်ခင်က မန္တလေးမှာ ပဲပြုတ်ကောင်းတယ်လို့ နာမည်ကြီးတဲ့ ပဲသည်နှစ်ဦး ရှိပါတယ်။ တယောက်က ဒေါ်ဖွားချစ်တဲ့။ တယောက်က ဒေါ်စီတဲ့။ သူတို့ ပဲဆိုရင် စိတ်ချလက်ချ စားရော့။ ပဲပြုတ်ကို လူတိုင်းမရောင်းဘူး။ ရသာကြီးရွာက မန္တလေးလာပြီး အလုပ်လုပ်တဲ့ လူတွေရဲ့ ဇနီးတွေက ရောင်းတာ။ သူတို့က တရွာတည်းသားချင်း စုဝေးနေကြတယ်။ ရသာတန်းတို့၊ ပဲဝင်းတို့ဟာ သူတို့ အရပ်ပဲ။

ဒေါ်စီတို့၊ ဒေါ်ဖွားချစ်တို့က ပဲအပြုတ်ကောင်းတော့ တချို့ ပဲရောင်းချင်တဲ့ မိန်းကလေးတွေက သူတို့ဖို့ ပိုပြုတ်ပေးပါ။ ရောင်းပါရစေဆိုလို့ နောင်သူတို့ အသက်ကြီးလာတော့ ပဲဒိုင်ခံပြုတ်ပေးပြီး သူတို့ကိုယ်တိုင် ထွက်မရောင်းဘဲ နေတယ်လေ။ သူတို့ နှစ်ယောက်ပြုတ်တဲ့ ပဲကတော့ မနပ်တဲ့အစေ့ မပါဘူး။ မချိုမှာလည်း မပူနဲ့။

ကျွန်မတို့ ငယ်ငယ်တုန်းက ပဲပြုတ်က ၂၅ ကျပ်သားမှ သုံးပြား ပေးရတာ။ အလုပ်သမားအိမ်က မနက်လင်းတော့ ပဲပြုတ် (၃) ပြားဖိုး ၀ယ်ပြီး ညက ကျန်အောင်ချက်ထားတဲ့ ထမင်းကြမ်းကို ပဲပြုတ် ဆီဆမ်းနဲ့ တအိမ်လုံးစား၊ လက်ဘက်ရည်ကြမ်း တအိုးသောက်ပြီး အဖေက အလုပ်ဆင်းတာ။ ပဲပြုတ်ဟာ ဆင်းရဲသားစာပဲ။

ခုတော့ ပဲပြုတ်က အစိတ်သားကို ၅ိ/- တဲ့။ ထမင်းကလည်း ကျန်အောင်ချက်ဖို့ထား၊ ၀အောင်မှ အနိုင်နိုင်။ ဆီဈေးကလည်း တဆယ်သား ၇ ကျပ် ၅၀ ပြားတဲ့။ ပြီးတော့ ပဲပြုတ်ကလေ ကျွန်မတို့ ငယ်တုန်းက စားခဲ့ရတဲ့ ပဲပြုတ်နဲ့ သိပ်ကွာတာပဲ။ မန္တလေးပဲပြုတ်သည်က အရင်လို ရွှေဘိုစားတော်ကိုလည်း ရအောင်မ၀ယ်တော့ဘူး။ မထုက ဈေးပေါတော့ မထုစားတော်ပဲ ၀ယ်တယ်။ ၀ယ်ရာမှာလည်း တပြည်ချင်း နှစ်ပြည်ချင်း ၀ယ်ရတာ။ ပဲဈေးက ကြီးတာကိုး။ အဲဒီတော့ တနေ့စာပဲ ၀ယ်နိုင်တော့တယ်။ အရင်းမရှိလို့။ ပဲကို အညှောက်ပေါက်အောင် ထားဖို့က (၃) ရက် ကြာမှ အညှောင့်ရှည်တာမို့ အနည်းဆုံး (၃) ရက်စာ ပဲဖိုး ရှိဖို့ လိုပါတယ်။

ခုတော့ ပဲသည်ခမျာမယ် ပဲဝင်းမီးလောင်တော့ မီးဘေးဒုက္ခသည် ဖြစ်ပြီး လေယာဉ်ကွင်းကြီး အရှေ့ဘက်က ပဲဖြူကုန်း ရောက်သွားရော၊ ပဲဖြူကုန်းကနေပြီး မန္တလေးဖောက်သည်တွေဆီကို လာရောင်းဖို့က ကားခလိုလာတယ်။ ဒါမှမဟုတ် လင်ယောက်ျားက စက်ဘီးကလေး ဘာလေး စီးနိုင်အောင် ချောင်လည်ရင် ပဲတောင်းရော၊ သူရော စက်ဘီးရှေ့က ဘားတန်းပေါ်က ထိုင်လိုက်ခဲ့ပြီး မန္တလေး လာရောင်းရတယ်။

ရောင်းပြန်တော့လည်း သူ့ပဲပြုတ်က အညှောက်မပေါက်ရုံမက ပဲတွေက ပိုးသတ်ဆေး ဖြန်းထားတဲ့ပဲမို့ ပိုးသတ်ဆေးစော် နံရဲ့လား နံရဲ့။ ထင်းသိပ်မကုန်ဘဲနဲ့ မြန်မြန်နူးအောင် ဆော်ဒါထည့်ပြုရတော့ ဆော်ဒါစော်နံလား နံရဲ့။ တချို့ကတော့လည်း ဆော်ဒါတောင် ၀ယ်မထည့်နိုင်ရှာဘူး။ သဲဆပ်ပြာကို ရေဖျော်ပြီး သဲဆပ်ပြာက ရတဲ့ ဆော်ဒါရည်ကို ထည့်ပြုတ်ရတာပါ။

အဲဒီတော့ ပဲပြုတ်က မကောင်းတော့ဘူး။ ဒါသာဖြစ်တယ် တဆယ်သား ၂ိ/- ရောင်းတာ။ ပဲ ၁၀ ကျပ်သားဆိုတာလည်း ဘာမှ များတာမှ မဟုတ်ပဲ။ အရင်က အဆစ်ပေးသလောက် ရှိတာ။

ကျွန်မတို့ ငယ်ငယ်တုန်းကများ ပဲသည်ကို အိမ်ကခေါ်ဝယ်လို့ ပဲသည် အိမ်ဝမှာ ပဲတောင်းချပြီဆိုရင် အိမ်ရှိတဲ့ ကလေးတွေက အားလုံးထွက်လာပြီး ပဲသည်နားမှာ ၀ိုင်းအုံကြတာပဲ။ အဲဒီတော့ ပဲသည်က အင့်ရော့နဲ့ ကလေးလက်နဲ့ တဆုပ်စီ သူ့ပဲပြုတ် ထည့်ပေးတာပဲ။ ကလေးလက်ဆောင်။ ဒါကိုက ၁၀ ကျပ်သားမကပါဘူး။ ပဲပြုတ်ကလည်း ချိုသကိုး၊ နုညံ့သကိုး။ ပဲပြုတ်မကြိုက်တဲ့ ကလေးတယောက်မှ မရှိဘူး။ ဒါကြောင့် လက်ထဲက ဟာကုန်တော့ ထပ်တောင်းချင်တာ။ အဲဒီမှာ ပန်းကန်ကိုင်ပြီး ပဲဝယ်ထွက်လာတဲ့ အမေတို့၊ အစ်မတို့က မြင်တွေ့သွားပြီမို့ ဟဲ့ တော်ကြတော့ဆိုပြီး ပဲသည်နားက ဆွဲခေါ်သွားတာ ခံခဲ့ရတာပါ။

ကျွန်မတို့ နိုင်ငံက မြေသြဇာကလည်းကောင်း၊ ဥတုရာသီကလည်းကောင်းတော့ ပဲဟာ အမျိုးပေါင်း မြောက်များစွာ ထွက်ရှိပါတယ်။ (၁) ထောပတ်ပဲ၊ (၂) ပဲစွန်တာနီ၊ (၃) ပဲစွန်တာပြာ၊ (၄) ပဲကြား၊ (၅) ပဲကြီး၊ (၆) ဗိုလ်ကိတ်ပဲ၊ (၇) သိပ္ပံပဲ၊ (၈) ပဲပုပ်စေ့ စတဲ့ ခပ်ပြားပြားပဲတွေ။ (၁) မတ်ပဲ၊ (၂) ပဲဒီစိမ်း၊ (၃) ပဲနောက်၊ (၄) ပဲလွန်း၊ (၅) ပဲယဉ်၊ (၆) ပဲစင်းငုံ၊ (၇) ပဲရာဇာ၊ (၈) ပဲချဉ်ပေါင်၊ (၉) ကုလားပဲ၊ (၁၀) စားတော်ပဲ၊ (၁၁) နိုင်လွန်ပဲ၊ (၁၂) ပဲဖြူလေး၊ (၁၃) မြေထောက်ပဲ စတဲ့ ပဲအလုံးတွေ အမျိုးပေါင်း မြောက်များစွာ ထွက်ပါတယ်။ အဲဒီ ပဲတွေကို နိုင်ငံခြားတင်ပို့တယ်ဆိုရင် အိန္ဒိယလည်း ၀ယ်ချင်တာပဲ၊ ဂျပန်ကလည်း ၀ယ်ချင်တာပဲ။ တရုတ်ကလည်း ၀ယ်ချင်တာပဲ။ အဲဒီ ပဲအမျိုးပေါင်း ၂၀ လောက်ထဲမှာ ပဲပြုတ်လုပ်ရောင်းတဲ့ စားတော်ပဲကတော့ သဏ္ဍာန်အားဖြင့် လုံးလည်း အလုံးဆုံး၊ အရသာလည်း အချိုဆုံးနဲ့ အနူးညံ့ဆုံးမို့ အကောင်းဆုံးပဲဆိုပြီး ဘုရင်များ စားဖို့ တော်ဆက်သ ရတဲ့ပဲ၊ ဘုရင်များကလည်း ကြိုက်ကြလို့ "စားတော်ပဲ" လို့ ခေါ်တာပဲ။။

လူထုဒေါ်အမာ
[ကြီးပွါးရေးစာအုပ်တိုက်မှ ထုတ်ဝေတဲ့ လူထုဒေါ်အမာ ရဲ့ ၁၂ ပွဲဈေးသည်နှင့် ကျွန်မတို့အညာ စာအုပ်၊ ၂၀၀၂ ခု နိုဝင်ဘာလ၊ ပထမအကြိမ်၊ မှ ကူးယူဖော်ပြပါတယ်။]

credit အညတရ ဘိက္ခု

Thursday, September 21, 2017

တံခွန်တိုင်နှင့်ဟင်္သာရုပ်တို့၏ အဓိပ္ပာယ် http://ift.tt/2w8ROCw

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf
via IFTTT

တံခွန်တိုင်နှင့် ဟင်္သာရုပ်တို့၏ အဓိပ္ပာယ်

▬▬▬▬
"စေတီတော် များ မှာ တည်ထားလေ့ရှိတဲ့
တံခွန်တိုင် နဲ့ ဟင်္သာရုပ် တို့ရဲ့ အဓိပ္ပါယ်"
━━━━━━━━━━━━━━━━━━━━━
မိမိတို့ "ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံ"ဆိုတာ ယဉ်ကျေးမှုသုခုမအလင်းတွေ ထည်ဝါခဲ့ကြတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ သိပြီး ဖြစ်ကြပါလိမ့်မယ်။
ဒါပေမယ့်
ခေတ်သစ်မှာ အချို့အရာတွေနဲ့ပတ်သက်ပြီး မရှင်းမလင်းရုံမက ယောင်ဝါးဝါးတွေ ဖြစ်လို့ နေကြပါတယ်။
ဒီနေရာမှာ
"တံခွန်တိုင်"ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြရရင်-
"တံခွန်တိုင်"လို့ ခေါ်ရခြင်းက-
ဘုရား ပုထိုး စေတီတော်တွေရဲ့အနီးမှာ တိုင်တွေ စိုက်ထူထားတတ်ကြပါတယ်။
အဲဒီတိုင်တွေရဲ့ ထိပ်ဖျားမှာ "တံခွန်"တွေကို လွှင့်ထူထားကြလို့ "တံခွန်တိုင်"လို့ ခေါ်ပါတယ်။
"တံခွန်"ဆိုတာ -
ရှေးအခါက
-ယာဉ်ရထားတွေ
-အဆောက်အဦတွေမှာ ထင်ရှားပေါ်လွင်အောင် တင့်တယ်အောင် လွှင့်ထူလေ့ရှိကြတဲ့ "အလံ"ကို "တံခွန်"လို့ ခေါ်ခြင်းပါ။
-တံခွန်လုံး
-တံခွန်ပြား
-တံခွန်ကုက္ကား စသဖြင့် များစွာရှိကြပေမယ့်
"တံခွန်တိုင်"မှာ တပ်ဆင်လေ့ရှိတဲ့ "တံခွန်"တွေကတော့ "လုံးဝန်းပြီး ရှည်မြောမြောသဏ္ဍာန်ရှိကာ ဝါးနဲ့ ရက်လုပ်ထားတဲ့ တံခွန်"တွေ ဖြစ်ပါတယ်။
"ဝါး"ကို အခွေလိုက်ပြုကာ အပေါ်ကနေ "စက္ကူ"ကပ်ပြီး စက္ကူပေါ်မှာ "ဗုဒ္ဓဝင်ဖြစ်စဉ်တွေ ဗုဒ္ဓမုခပါဌ်ဓမ္မ"တွေကို ရေးသားထားကြပါတယ်။
ဒါပေမယ့်
ယခုအခါမှာတော့ "တံခွန်တိုင်"တွေမှာ ချိတ်ဆွဲတင်ရမယ့် "တံခွန်"တွေ မတွေ့ရသလောက် ရှားပါးနေပြီလို့ သုတေသီတို့က ဆိုကြပါတယ်။
ရှေးက "တံခွန်တိုင်"ကို "သစ်တွေ ,ဝါးတွေ"နဲ့ ပြုလုပ်ခဲ့ကြပေမယ့် နှောင်းခတ်မှာ "အုဋ္ဌ်,အင်္ဂတေ"တွေနဲ့သာ ပြုလုပ်ကြပါတော့တယ်။
"တံခွန်တိုင်"ဆိုတာ
တိုင်မြင့်မြင့်ထူကာ အဝေးကနေ မြင်နိုင်အောင်
"တံခွန်လုံး ,တံခွန်ပြား"တွေ ချိတ်ဆွဲထားကြပြီး -
“ဒီနေရာမှာ
ဘုရား ပုထိုး စေတီ ရှိတယ်။
လာရောက် ဖူးမြှော်ပူဇော်ကြပါ”
-ဆိုတဲ့ ရည်ရွယ်ချက်အဓိပ္ပာယ်နဲ့ စိုက်ထူထားတဲ့အရာလို့ ဆိုကြပါတယ်။
"တံခွန်တိုင်"ထိပ်မှာ ထုလုပ်ထားတဲ့ "ဟင်္သာရုပ်ပုံ"ကို ရှုကြည့်ရင်တော့-
“သေခြင်းတရား ဟာ လျင်မြန်လွန်းလှပါတယ်။
မသေရာဆီ သွားဖို့
မမေ့မလျော့ မပေါ့မဆဘဲ
ဒါန -သီလ -ဘာဝနာများ ကြိုးစားအားထုတ်ကြဖို့ရန် ဒီနေရာဆီ လာကြပါ။
ဒီနေရာမှာ
မသေရာဆီ ပို့ပေးမယ့် ဘုရား စေတီတော်
တရားတော်တွေ ရှိပါတယ်” -လို့ ဖိတ်ခေါ်ချင်လို့ "တံခွန်တိုင်"ကို ထူထားကြတယ်လို့ ဆိုနိုင်ပါတယ်။
ဘာကို ထောက်ဆပြီး သိရလဲဆိုရင်
"ဇဝနဟံသဇာတ်တော်"ကို ထောက်ဆပြီး သိရပါတယ်။
"တံခွန်တိုင်နဲ့ ဟင်္သာ"
--------------------------
"မြတ်စွာဘုရားရှင်"ဟာ "အလောင်းတော် ဘ၀"က "ဇ၀န"မည်တဲ့ "ဟင်္သာမင်း" ဖြစ်ခဲ့ဖူးပါတယ်။
ဟင်္သာ ပေါင်း ကိုးသောင်း အခြံအရံ ရှိပါတယ်။ သူ့မှာ ညီငယ် ဟင်္သာနှစ်ကောင်လဲ ရှိပြီး "စိတ္တကုဋ်တောင်"မှာ နေထိုင်ကြပါတယ်။
တစ်နေ့မှာ ညီငယ်များက "နေ"နဲ့အပြိုင် ပျံသန်းလိုတာကြောင့် သူတို့ရဲ့အစ်ကို "ဟင်္သာမင်း"ဆီမှာ ခွင့်တောင်းပါတယ်။ ညီငယ်များ လမ်းခရီးမှာ ဒုက္ခရောက်နိုင်တာကို သိတဲ့အတွက် ခွင့်မပြုခဲ့ဘူး။
ညီငယ် (၂)ကောင်ဟာ အစ်ကိုရဲ့စကားကို နားမထောင်ဘဲ နေနဲ့ပြိုင်ဖို့အတွက် "နေ"မထွက်မီကတည်းက "ယုဂန္ဓိုရ်တောင်ထိပ်"ကနေ သွားစောင့်နေပါတယ်။ "နေ"ထွက်တာနဲ့ "နေ"နဲ့အပြိုင် ပျံသန်းကြပါတယ်။
လမ်းခရီးမှာ "နေ"ရဲ့အရှိန်ကြောင့် "အငယ်ဆုံးကောင်"ရဲ့အတောင်မှာ မီးစွဲလောင်ပါတယ်။
ဒီအကြောင်းကို "ဟင်္သာမင်း" ကြားသိတဲ့အခါ လျင်မြန်တဲ့အဟုန်နဲ့ပျံလာကာ "ညီငယ်"ကို ကယ်ပြီး "စိတ္တကုဋ်တောင်"ကို ပို့ပေးခဲ့ပါတယ်။
မွန်းတည့်အချိန်ရောက်တဲ့အခါ
"အကြီးကောင်"ဆက်လက်ပြီး မပျံနိုင်တော့တဲ့အတွက် "စိတ္တကုဋ်တောင်"ကို ပို့ပေးခဲ့ရပြန်တယ်။
"ဟင်္သာမင်း"က သူလဲ "နေ"နဲ့အပြိုင်ပျံသန်းပြီး သူ့ရဲ့အဟုန်ကို စမ်းသပ်ခဲ့ပါတယ်။
အကျိုးမရှိကြောင်း မြင်ရတဲ့အခါ အဲဒီလိုပျံသန်းခြင်းကို ရပ်နားပြီး "ဗာရာဏသီမြို့"ကို ပျံလာခဲ့ပါတယ်။
"ဟင်္သာမင်း"ရဲ့အရိပ်ဟာ "ဗာရာဏသီမြို့"တစ်ခုလုံးကို လွမ်းမိုးသွားပါတယ်။
ဒီလို ထူးဆန်းတဲ့အကြောင်းအရာကို "ဗာရာဏသီမင်း"က သူ့နန်းတော်ထဲ ရောက်လာတဲ့ "ဟင်္သာမင်း"ကို မေးတဲ့အခါ -
-သူဟာ "နေနဲ့အတူ ပျံသန်းနိုင်ခဲ့တယ်"ဆိုတဲ့အကြောင်း ပြောပါတယ်။
"မင်းကြီး"က -
-"ဟင်္သာမင်းရဲ့ အဲဒီအဟုန်ကို မြင်ချင်တယ်"လို့ ပြောတဲ့အခါ "ဘုရားအလောင်းဟင်္သာမင်း"က -နေနဲ့အဟုန်မပြိုင်ဘဲ
-အဟုန်တူတဲ့ လေးသည်တော် လေးယောက်ကို ခေါ်ပြီး ကျောခြင်းကပ်ရပ်စေကာ အရပ်လေးမျက်နှာကို မြား တစ်စင်းစီ ပစ်လွတ်စေခဲ့ပါတယ်။
"ချူလုံး" ဆွဲထားတဲ့"ဟင်္သာမင်း"က လျင်မြန်တဲ့အဟုန်နဲ့ "မြားလေးစင်း"ကို ဖမ်းယူကာ လေးသမားများရဲ့ အနီး ချထားခဲ့ပြီးမှ "တိုင်ထိပ်"မှာ ရပ်နားနေလိုက်ပါတယ်။ လျင်မြန်လွန်းတဲ့အတွက် "ဟင်္သာမင်း"ကို မမြင်ရဘဲ ချူသံသာ ကြားလိုက်ရပါတယ်။
"မင်းကြီး"က -
"ဒီထက်မြန်တဲ့အဟုန် ရှိပါဦးမလား"-လို့ မေးတဲ့အခါ -
"ဘုရားအလောင်းတော်"က
"ဒီအဟုန်ထက်
အဆတစ်ရာ,အဆတစ်ထောင်,အဆတစ်သိန်း မက မြန်တဲ့ အရာရှိပါတယ်။
အဲဒါကတော့
"သေခြင်းတရား"ပါပဲ"
-လို့ ပြောလိုက်တဲ့အခါ
"မင်းကြီး"ထိတ်လန့် တုန်လှုပ်သွားပါတယ်။
"ဟင်္သာမင်း"က "မင်းကြီး"ကို တရားဟောပြီး သက်သာရာ ရစေခဲ့ပါတယ်။
အထက်ပါ "ဇဝနဟံသဇာတ်တော်"ကို ကြည့်ရှုပြီး ဆိုလိုချက် သဘောအဓိပ္ပာယ် ပေါ်လွင်လောက်ပြီလို့ ယုံကြည်ပါတယ်။
"ဟင်္သာမင်း"ရဲ့ ဖြစ်တော်စဉ် "ပါရမီ စရိယ"ဇာတ်များစွာမှနေ နှောင်းလူတွေ-
-အသိရအောင်
-သဒ္ဓါပေါက်အောင်
-ဖူးမြှော်တတ်အောင်
-အမှတ်တရရှိအောင် ထုလုပ်ထားခဲ့ခြင်း ဖြစ်ပါတယ်။
"သိကြားရုပ်နဲ့ နတ်မင်းကြီးလေးပါး"
---------------------------------------
မြင်တွေ့နေရတဲ့ "တံခွန်တိုင်"တွေကို လေ့လာကြည့်ရင်
-မြင့်မားဖြောင့်တန်းရှည်လျားတဲ့ "အုဋ္ဌ်တိုင်"နဲ့
-အဲဒီ"အုဋ္ဌ်တိုင်"ရဲ့ခြေရင်းမှာ "ပလ္လင်ခုံ" ရှိပါတယ်။
အဲဒီ"ပလ္လင်ခုံ"ပေါ်မှာ "ဗဟိုတိုင်"ကိုပတ်ရံပြီး "နတ်ရုပ်,သိကြားရုပ် ,ဗြဟ္မာရုပ်"တွေ ခြယ်လှယ်ဆင်သလေ့ ရှိကြပါတယ်။
တိုင်ရဲ့ထိပ်မှာတော့ "ဟင်္သာ"-သာမက
-ကရဝိက်
-ဂဠုန်
-ပြာဿဿ ဒ် စေတီ စသည်ကို တင်လေ့ရှိကြပါတယ်။
ရှေးကတော့
"တံခွန်တိုင်"ဆိုရင် -
အခြေမှာ "သိကြားရုပ်"ပါမှ အင်္ဂါစုံတယ်လို့ မှတ်ယူကြပြီး "သိကြားရုပ်"ကို မပါမဖြစ်လေးနက်တဲ့ အဓိပ္ပာယ်တွေနဲ့ ထည့်ပေးကြခြင်းပါ။
ထုလုပ်လေ့ရှိတဲ့ "သိကြားရုပ်ရဲ့ ဟန်"တွေကလည်း
(၁)သိကြားမင်း ခရုသင်းကိုင်နေဟန်
(၂) ရှိခိုးနေဟန်
(၃) သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်
(၄) စောင်းပိုက်နေဟန်-ဆိုပြီး "လေးမျိုးလေးစား" နဲ့ ဟန်အသီးသီးမှာ အထိမ်းအမှတ်တွေ အသီးအသီး ရှိကြပါတယ်။
၁)သိကြားမင်း ခရုသင်းကိုင်နေဟန်
"မြတ်စွာဘုရား" ပွင့်တော်မူစဉ်က -
-"သိကြားမင်း"ဟာ "ခရုသင်းမှုတ်ပြီး ပူဇော်"ခဲ့တာကို လူတွေ အမှတ်ရကြစေဖို့ "သိကြားမင်း ခရုသင်းကိုင်နေဟန်"ကို ထုလုပ်ပေးကြခြင်းပါ။
၂) သိကြားမင်းရှိခိုးနေဟန်
နောက် -
-"သိကြားမင်း ရှိခိုးနေဟန်"ကို "မင်္ဂလာတရား ဟောကြားပေးဖို့ရန် သိကြားမင်း ရှိခိုးပြီး တောင်းပန်"နေတာကို ရည်ရွယ်ပြီး ထုလုပ်ပေးကြခြင်းပါ။
၃) သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်
နောက်တစ်မျိုး
-"သံတုတ်(ဝရဇိန်)လက်နက် ကိုင်နေဟန်ကိုတော့ -
"ဘုရားရှင်"ကို "အမေးပုစ္ဆာ"တွေ လာမေးတဲ့ "အမ္ဗဋ္ဌလုလင်"ဟာ
"ဘုရားရှင"်က မေးနေတာကို "အဖြေမပေး"ဘဲ ပေတေနေတာကို -
"ဝရဇိန်လက်နက်ပိုင်ရှင် သိကြားမင်း"သိလို့ ပူပြင်းတောက်လောင်နေတဲ့ "သံတူ(သံတုတ်)ကို ကိုင်ပြီး တကယ်သတ်တော့မယ့်ဟန်" ကြိမ်းဝါးခဲ့တာကို ရည်မျှော်ပြီး ထုလုပ်ပေးကြခြင်းပါ။
၎) စောင်းပိုက်နေဟန်-
နောက်ဆုံးတစ်မျိုးဖြစ်တဲ့ "စောင်းပိုက်နေဟန်"ကိုတော့
-"ပဉ္စသိင်္ခနတ်သား"က "မြတ်စွာဘုရား"ကို "သိကြားမင်း"ကိုယ်စား ဂါထာတွေနဲ့ "စောင်းညှင်းဆောင်ကာ လျှောက်ထား"ခဲ့တာကို ရည်မှတ်ပြီး ထုလုပ်ပေးကြခြင်းပါ။
ဒီအကြောင်းအရာတွေကို မုံတိုင်ပင်ဆရာတော်ရဲ့ “သုံးပုံတံချူကျမ်း”မှာ လင်္ကာတွေနဲ့ မှတ်တမ်းပြထားပါတယ်။
အချို့ "တံခွန်တိုင်"အခြေတွေမှာတော့
-"သိကြားရုပ်"တွေအစား -
"စတုလောကပါလ နတ်မင်းကြီးလေးပါး"တို့ရဲ့ ပုံတွေကို ထုလုပ်ထားကြပါတယ်။
ဒါကလည်း အရမ်းကာရောတော့ မဟုတ်ကြပါဘူး။
"ဥပုသ်နေ့"တွေမှာ -
-ရတနာသုံးပါးကို ဆည်းကပ်သူ,
-မဆည်းကပ်သူ၊
-သီလစောင့်သူ,
-မစောင့်သူ၊
-မိဘလုပ်ကျွေးသူ,
-မကျွေးသူ စတဲ့လူတွေကို
အဲဒီ"နတ်မင်းကြီး"တွေနဲ့ "နတ်မင်းကြီး"တွေရဲ့ "အစေအပါးနတ်"တွေက စာရင်းကောက်ယူပြီး "ပဉ္စသိင်္ခနတ်သား"ကတစ်ဆင့် -"မာတလိ,"
"မာတလိ"ကတဆင့် "သိကြားမင်း"ဆီ အပ်ကြပါတယ်။
ဒီအကြောင်းကို လူတွေ သတိရကြကာ- -ရတနာသုံးပါး ဆည်းကပ်ကြဖို့
-သီလစောင့်ထိန်းကြဖို့
-မိဘလုပ်ကျွေးကြဖို့
လူတွေကို သတိပေးတဲ့ဟန်နဲ့ ထုလုပ်ပေးကြခြင်းပါ။
အချို့က
"သိကြားမင်း"ရဲ့
-ရှိခိုးနေဟန်,
-ခရုသင်းကိုင်နေဟန်,
-စောင်းကိုင်နေဟန်,
-သံတူကိုင်နေဟန် "ရုပ်တုလေးခု"ကို ကြည့်ပြီး
"နတ်မင်းကြီးလေးပါး"နဲ့ မှားတတ်ကြပါတယ်။
ဒီလောက်ဆို
"တံခွန်တိုင်"နဲ့ပတ်သက်ပြီး သိသင့်သလောက် သိကြပြီ လို့ ယူဆပါတယ်။

မှီခိုရာကျမ်းကိုး-
(၁။ပိဋကတော်များ
၂။ပခုက္ကူစာပေဆု သုတေသနစာပေဆုရ
မောင်ယဉ်လှိုင်း၏ ဆောင်းပါး
၂။"အရှင်ခေမိန္ဒ(တိပိဋက နိကာယ)"၏
"တံခွန်တိုင်ရဲ့အဓိပ္ပါယ်")
ချမ်းသာ ကြပါစေ၊ အေးငြိမ်း ကြပါစေ၊
သံသရာ ၀ဋ်ဆင်းရဲမှ..လွတ်မြောက် နိုင်ကြပါစေ။
ဘ၀တု သဗ္ဗမင်္ဂလံ

Tuesday, September 19, 2017

မြန်မာ့ဓားအကြောင်းသိကောင်းစရာ

မြန်မာ့ ဓားအမျိုးမျိုး
✏ ✏ ✏ ✏
ဓါးတွေရဲ့အကျဉ်းချူံးးလေးပါ
ဓားမ၊ ဓားနှီး၊ ဓားချွန်၊ ဓားကုပ်၊ ဓားရှည်၊ ဓားမြှောင်၊ ဓားမရှည်၊ ဓားပါး၊ ဓားပေါက်၊ ဓားကောက်၊ ဓားမောက်၊ ဓားတို၊ ဓားဝိုင်း၊ ဓားခင်း၊ တုတ်ဓား၊ ဓားစဉ်း၊ ဓားစောင်း၊ ဓားကော့၊ ဓားချိုင့်၊ ဓားကိုက်၊ ငှက်ကြီးတောင်ဓား
တနည်းအားဖြင့် ခွဲခြားရသော်-
စလူဖူးဓား၊ လေးကင်းဓား၊ ငှက်ကြီးတောင်ဓား၊ ခါးပတ်ဓား၊ ဓားမြှောင်၊ ကိုင်းခုတ်ဓား၊ ဓားမဦးချွန်၊ ဓားချွန်
---------------------------------
သန်လျက်(၂)မျိုး
အသွားတစ်ဖက်သာရှိပြီး ဦးဖျားကော့သော သန်လျက်မျိုး
အသွားနှစ်ဖက်ရှိပြီး အစဉ်အတိုင်း ဦးဖျားသွယ်သွားသော သန်လျက်မျိုး
------------------------------------
မြန်မာ့ ထီးသုံးနန်းသုံးဓားများ
(၁) ဓားနက်ကျောက်စီဓား
(၂) မှန်ကူဓား
(၃) ခိုနန်းဓား
(၄) စက်ဝန်းဓား
(၅) နန်းပုံဓား (ပုံနန်းဓား)
၎င်းတို့တွင် ဓားနက်ကျောက်စီဓားမှာ အဆင့်အမြင့်ဆုံးဖြစ်သည်။ ၎င်းဓားကို ဝိနိစ်ဆိယ အမတ်ကြီး၊ တောင်နန်းစံ ဒေဝီ မိဖုရားကြီး (မိဖုရားခေါင်ကြီး)၊ အိမ်ရှေ့ဥပရာဇာ မင်းသားနှင့် ရွှေနန်းရှင် မင်းတရားကြီးတို့သာ ကိုင်ဆောင်ရလေသည်။
ကျန်သောဓား(၄)လက်ကို ဝင်းမှူးကြီး(၄)ယောက်အား အပ်နှင်း ကိုင်ဆောင်စေသည်။
မြန်မာမင်းတို့သည် ဓားမှူး၊ ဓားကြပ်ဝန်များ ခန့်ထားလျက် ဓားကို အဆင့်အတန်း ရာထူးအလိုက် ချီးမြှင့်တော်မူလေ့ရှိ သည်။ မြန်မာဘုရင်များသည် ဓားကို အဆောင်အယောင်အခမ်းအနားဖြင့် အပ်နှင်းလေ့ရှိကြောင်းကို ဆင်ဖြူရှင်လက် ထက်က ဝန်ထောက်တော် နော်ရထာ
ရေးသားထားသော ရတုထဲတွင် “ ရွှေရည်တော်မှောက်၊ ယခုရောက်သည်၊ အံ့လောက်မြင်ရာ၊ ဓားစကြာ၏၊ သြဘာတိတ်ကောင်း၊ နိမိတ်ကြောင်းမူ၊ တသောင်းမြန်ဘောင်၊ ဇမ္ဗူတောင်ဝယ်၊ ဖြူရောင်ဖြန့်ဆိုင်၊ ဖြတ်နိုင်ချောင်းငြိမ်း၊ စေထိန်းသိမ်း၍ …” ဟု စပ်ဆိုထားသဖြင့် ဓားစကြာပေးနှင်းသော အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရပေသည်။
-------------------------------------
မြန်မာရာဇဝင်ထဲမှ ထင်ရှားသော ဓားများ
ပန်းပဲမောင်တင့်တယ်၏ အသွားလက်ရှစ်သစ်ရှိသော ဓား၊ မောင်ပေါက်ကျိုင်း၏ တရုတ်ခြောက်ယောက် မ၍ မကြွသော နဂါးနိုင်ဓား၊ ဒွတ္ထပေါင်မင်းကြီး၏ နွားလည်ပင်းကို အကွင်းလိုက်ပြတ်ကျအောင်ထက်သောဓား၊ ကျန်စစ်သားမင်းကြီး၏ အိန္ဒိယသားတို့ အလွန်တရာ ထိတ်လန့် ကြောက်ရွံ့သော စကြာဓား၊ အသင်္ခယာစောယွမ်း၏ ဆင်လည်ပင်းပြတ်ကျအောင် ထက်သော ဓား၊ ဘုရင်မင်းခေါင်၏ နှစ်မိုက်အထုရှိ ငွေတုံးကို ပိုင်းဖြတ်နိုင်အောင် ထက်သော ဓား၊ မိုးညှင်းမင်းတရားကြီး၏ ယမနေပင်စောင့်နတ်ကြီး ကြောက်ရွံ့သော နရဏီရွှေဓား၊ မြောင်းမြစားလောက်ဖျား၏ သား မပစ်နွယ်၏ ကျောက်ထု သံတောင်ကို ခုတ်ဖြတ်နိုင်သည့်ဓား၊ ရွှေနန်းကြော့ရှင်၏ ယိမ်းနွဲ့ပါးဓား တို့ ဖြစ်ကြသည်။
ယိမ်းနွဲ့ပါးဓားကို နန်းစဉ်ဓား၊ မင်းစဉ်လက်သုံးတော်ဓား အဖြစ် အသုံးပြုလာခဲ့ရာ သီပေါမင်းလက်ထက်တော်တိုင် ဖြစ်သည်။ သီပေါမင်း ရတနာဂီရိသို့ ပါတော်မူခါနီး၌ အင်္ဂလိပ်ကိုယ်စားလှယ်အဖွဲ့ကို အတွေ့ခံရာ ဤ ယိမ်းနွဲ့ပါးဓားကို ကိုင်စွဲလျက် အတွေ့ခံခဲ့သည်ဟု ဆိုသည်။
----------------------------------------------
ဓားလုပ်နည်း တစ်မျိုး
ဓားအရင်းမှ အဖျားထိ ဓားသွားအရှည်ကို ကိုင်ဆောင်သူ၏ လက်သစ်ဖြင့်တိုင်းတာ။ (အကြမ်းဖျဉ်းအားဖြင့် ဆိုရသော် ၁ လက်သစ် = ၃/၄ လက်မ ရှိသည်။) တိုင်း၍ရသော အတိုင်း လက်သစ်အရေအတွက်ကို မွေးနံသင်္ချာဖြင့် ပေါင်း။ ပေါင်းရသော ရလဒ်ကို ရန်သူမျိုး(၅)ပါး နှင့်မြှောက်။ အဋ္ဌဝိဇယ… အောင်ခြင်း (၈)ပါးဖြစ်သော (၈)ဖြင့် စား။
ဥပမာ- ဓားအရှည် (လက်သစ်)…... ၃၀
စနေမွေးနံသင်္ချာ …………………+ ၇
----------------------------------------------
…………………………………………… ၃၇
ရန်သူမျိုး (၅)ပါး ……………….. x ၅
_______________________________
…………………………………………… ၁၈၅
အောင်ခြင်း(၈)ပါးဖြင့် စား …………… ÷ ၈
-----------------------------------------------
အကြွင်း ………………………………….. ၁
အဆိုပါအကြွင်းတို့သည် အောက်ဖော်ပြပါအတိုင်း အကျိုး/အပြစ်များ သက်ရောက်စေသည်ဟု ဆိုပါသည်။
(၁)ကြွင်း ……… အိုသည်အထိ ချမ်းသာအံ့။
(၂)ကြွင်း……….. မကောင်း
(၃)ကြွင်း……. ရန်အောင်အံ့။
(၄)ကြွင်း ……. အသုံးမပြုကောင်း။
(၅)ကြွင်း ……. ဥစ္စာစီးပွားပျက်အံ့။
(၆)ကြွင်း …….. ကြံစည်သမျှ မအောင်မြင်။
(၇)ကြွင်း ……. စုတ်၊လာဘ် အဝင်များအံ့။
(ဝ)ကြွင်း ….. မင်းဖြစ်အံ့၊ ရာထူးတက်အံ့။
--------------- ဓားလုပ်နည်း လင်္ကာ --------------------
သတ္တိသဘွဲ့၊ သုံးဆယ့်ခုနှစ်အင်၊ အရေးတင်သား၊ သဘင်စစ်ပွဲ၊ ရန်ခပဲကို၊ လက်စွဲဆောင်သွား၊ ဓား၏လုပ်ရာ၊ ရှေးနည်းမှာကား၊ တိတျာ စန္ဒာရ၊ စသည်မပျက်၊ ခုနစ်ရက်သား၊ စွဲသည့်ဓားကို၊ ဓားသွားရှိထွေ၊ မျိုး၍ရေမှ၊ လယ်ချက်မ၍၊ ချိုးထဓားပြက်၊ မည်မျှချက်ဟု၊ ခန့်တွက်ထားလေ၊ ရောထွေးနံငပင်၊ မြှောက်လျှင် ငါးခု၊ စားမူ အဋ္ဌ၊ ကြွင်းသေသ၌၊ ဧကချမ်းသာ၊ ဒွေးမှာ ဒုက္ခ၊ သုံးရန်ပ၏၊ ဇယကျွန်ပြေး၊ ပေဉ္စ ပြုန်းတီး၊ မူကြီး ဥပါဒ်၊ သေသ ဆဋ္ဌ်တည့်၊ သတ် မယားရ၊ သုည ကျေရွာ၊ ပြည့်စုံစွာဟု၊ စံလားထုံးတမ်း၊ လုပ်ရိုးငြမ်းကို၊ ကျွမ်းကျွမ်းကျင်ကျင်၊ လုပ်စီရင်ရာ၊ မြန်လျင် ပြီးကြစေ၏ကုန်။ ။
ညွန့်ဟံ(ကြူတော) ရေး" မြန်မာ့ဇာတိမာန် အထိမ်းအမှတ်များ " စာအုပ်ထဲက ကူးထားတာပါ။
-------------------------------------------------------
ဓားနှင့်နှီးနွှယ်နေသော နောက်အစီအရင် တစ်ခုကို ပြောရလျှင် ဓားသွေးပုံ သွေးနည်းဖြစ်သည်။ သရဒွေးကျမ်း အပါအဝင် အချို့ကျမ်းများအလိုအရ ကြတ္တိကာနက္ခတ်မွန်းတည့်ချိန်၊ ကြတ္တိကာ နက္ခတ်စန်းယှဉ်ချိန်တို့တွင် ဓားသွေးရမည်ဖြစ်ပြီး၊ ၎င်း အချိန်များ မရပါက အင်္ဂါနေ့နံနက်
နေထွက်ချိန်၊နေတက်ချိန် တွင် ဓားသွေးရမည် ဟူ၏။
ဓားသွေးနည်း (၄)နည်းရှိသည်ဆို၏။ ၎င်းတို့မှာ-
(၁) ရက်ကန်းခတ်သွေးနည်း
(၂) တယောထိုးသွေးနည်း
(၃) သနပ်ခါးသွေးနည်း
(၄) ဝိုက်သွေးနည်း
ကိုးကား။ ရှိန်းအောင်(ဂမ္ဘီရ)၊ ဓား၏ လျှို့ဝှက်ချက်များ၊ သူရဇ္ဇမဂ္ဂဇင်း၊ ၂၀၁၃၊ ဇူလိုင်လ၊ အတွဲ(၁၃)၊ အမှတ်(၇)၊ စာမျက်နှာ- ၂၅၀
-------------------------------------------------------------------
ကျနော် ဖတ်ခဲ့ဘူးသော စာအုပ်တစ်အုပ်မှာ ဓားလုပ်နည်းနဲ့ ပတ်သက်လို့ ဓားတွေကို အထက်က တင်ပြသလို တွက်ချက်ပြီး မဟော်သဓာကိုင်ဆောင်သောဓား၊ သူသတ်ကိုင်သောဓား၊ ပုဏ္ဏားကိုင်သောဓား... စသည်ဖြင့် အမည်တွေပေးထားတဲ့ နည်းပါ။ အသေအချာတော့ မမှတ်မိတော့ပါ။ ပြန်ရှာတွေ့ရင် တင်ပြပါအုံးမယ်။
----------------------------------------------------------------------
(ဒီ ဝင်းမှူးလေးပါးရဲ့ ဓားတွေရဲ့ အမှတ်အသားတွေက "ရွှေဘုံနိဒါန်း" စာအုပ်ထဲက ဖော်ပြချက်တွေကိုမှ ကျနော်စိတ်ကူးပြီး ပြန်ဆွဲကြည့်ထား တာလေးတွေပါ။)
Credit Mya Mon
ပုံရောစာပါ အားလုံးကော်ပီပါ
သိမ်းထားချင်တဲ့အတွက်ယခုလိုတင်လိုက်ရပါတယ်
မူရင်းပိုင်ရှင်များကို ခရစ်ဒစ်ပေးပါသဗျာ

Ko Ngwe Tun

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT