Tuesday, March 11, 2014

“တပေါင်းလ သဲပုံစေတီတော်ပွဲ” သဲပုံစေတီတော် ပေါ်ပေါက်လာပုံ

“တပေါင်းလ သဲပုံစေတီတော်ပွဲ” သဲပုံစေတီတော် ပေါ်ပေါက်လာပုံ ============================== ======= သဲပုံစေတီပွဲ ဆင်နွှဲကြပုံအကြောင်းကို ဗုဒ္ဓစာပေမှ ပြန်ပြောင်းကြည့်ရလျှင် ဟိမဝန္တာအနီး ယမကတောင်၌ တပည့်အပေါင်း ၁ သောင်း ၄ ထောင် အခြံအရံရှိသည့် ပုလိနထူပိယ(သဲပုံစေတီပြုလုပ်ကိုးကွယ်ခဲ့သည့်) မထေရ်လောင်းလျာ နာရဒရသေ့ကြီးက “ အော်…တပည့်အပေါင်း ၁သောင်း ၄ထောင်တို့မှာတော့ ငါတည်းဟူသော လေးစားကိုးကွယ်ရာ ဆရာရှိကြတယ်၊ ငါ့မှာတော့ ရိုသေလေးစားအားထားကိုးကွယ်ရာ ဆရာသမားကင်း၍ နေတယ်၊ ဤသို့ဆရာသမား ကိုးကွယ်အားထားစရာ ကင်း၍ နေရခြင်းသည် လောကကြီးတစ်ခုလုံးမှာ ဆင်းရဲစရာတစ်ခုဘဲ ဟု ရသေ့ကြီးက တစ်ယောက်တည်းကိန်းအောင်းနေစဉ် စဉ်းစားနေမိသည်။ ဒုက္ခော ပနာယံ လောကေ၊ ယဒိဒံ အဂရုဝါသော။ လောကေ-လောကကြီး၌၊ ယဒိဒံ-အဂရုဝါသော-အလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ အတ္ထိ-ရှိ၏။ အယံ-ဤအလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ မေ-ငါ့အား၊ ဒုက္ခော-ထောက်တည် ရာနည်းလှ ဆင်းရဲစွတကား။ တဲ့။ ထိုကဲ့သို့ ရသေ့ကြီးက ငါအလေးဂရုပြု ပူဇော်ထိုက်သော ဆရာသမားကို ရှာမည်ဟု အကြံရပြီးနောက် ကျောင်းသင်္ခန်းအနီးရှိ အမရိကမြစ်ငယ်၌ သဲပုံစေတီတစ်ဆူ တည်ထားလေ၏။ ထို့ပြင် ပရိနိဗ္ဗာန်ဝင်စံ တော်မူခဲ့ကြကုန်သော ဂင်္ဂါဝါဠုသဲစုမကသော ဘုရားရှင်တို့၏ စေတီပုထိုးတော်တို့သည် ဤသဲပုံစေတီတော်ကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ဘုရားစေတီနိမိတ်အာရုံယူလျှက် ရွှေဆည်းလည်းပန်း သုံးထောင်တို့ဖြင့် စေတီတော်ကို ထီးတင်ပူဇော်ခဲ့၏။ သဲပုံစေတီတော်ကို သက်တော်ထင်ရှား မြတ်ဘုရားအမှတ်ဖြင့် အာရုံယူကာ ညဥ့်နံနက်တိုင်း ရှိခိုးပူဇော်ခဲ့၏။ သာယံ ပါတံ နမဿာမိ၊ ဝေဒဇာတော ကတဉ္ဖလိ၊ သမ္မုခါဝိယ သမ္ဗုဒ္ဓံ၊ ဝန္ဒိံ ၊ ပုလိန ထူပိယံ။ အဟံ-နာရဒမည်သော ငါရသေ့သည်၊ ပုလိနစေတိယံ- ဓာတ်တော်မလှုံ သဲပုံစေတီတော်ကို၊ သမ္မုခါ- မျက်မှောက်တော်၌၊ သမ္ဗုဒ္ဓံ ဝိယ- သက်တော်ထင်ရှား သဗ္ဗညုမြတ်ဘုရားကဲ့သို့၊ ဝေဒဇာတော- ဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ သာယံပါတံ-ညဥ့်နံ နက်၊ ကတဉ္ဖလိ- ချီအပ်သောလက်အုပ်ရှိသည်ဖြစ်၍၊ နမဿာမိ- ရွှေဆည်းလည်းပန်း သုံးထောင်တို့ဖြင့် ရွှင်လန်းပူဇော်ပါ၏။ ဝန္ဒိံ-ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပူဇော်ခဲ့လေပြီ။ (အပါဒါန် ၂၊ စာမျက်နှာ ၇၉၊ ၈၁၊ နှင့် ပုလိနထူပိယမထေရ် အကြောင်း ဖော်ပြထားရာ ထေရဂါထာ အဌကထာ ၁- စာမျက်နှာ ၃၂၆-၃၂၇ လည်း ရှု့ပါ။)။ ထို့ပြင် ပုလိနုပ္ပါဒက ထေရအပါဒါန်၌လည်း သဲပုံစေတီဖြစ်ပေါ်လာပုံအကြောင်း တစေ့တစောင်းတွေ့ရ၏။ ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းကာလ ဒေဝလအမည်ရှိ ရှင်ရသေ့သည် ဟိမဝန္တာတောဝယ် နတ်တို့ဖန်ဆင်းပေးအပ်သော ကျောင်းသင်္ခန်း၌ အလုပ်အကျွေး အခြံအရံမြောက်များစွာဖြင့် သီတင်းသုံးနေစဉ် အခါတစ်ပါး၌ မြစ်ကမ်းနဘေး သဲသောင်ပြင်မှာ သဲများကို စေတီပုံပြု သဲပုံစေတီထုကာ ရရာတောပန်းပန်းမျိုးစုံဖြင့် တည်ထားပူဇော်ခဲ့လေသည်။ ယင်းစေတီ၌ သက်တော်ထင်ရှား ဘုရားဂုဏ်တော်ကိုးပါးကို အာရုံပြုကြည်ညိုကာ ပူဇော်ကာ မိမိသီတင်းသုံးရာ ကျောင်းသင်္ခမ်းသို့ ပြန်လာခဲ့၏ ။ သူ၏တပည့်အပေါင်းတို့က သဲပုံစေတီတည်ထား ပူဇော်ရကြောင်းစုံလင်ကို မေးကြသောအခါ ဆရာရသေ့ကြီးက 'ရှေးဟောင်းကျမ်းများ၌ အခြံအရံများစွာရှိသော သဗ္ဗညု ဘုရားရှင်ကို ညွှန်ပြထားလေသည်။ ထိုဘုရားရှင်ကို ရည်မှန်းပြီး သဲပုံစေတီကို ငါရှိခိုးပူဇော်သည် ဟု မိန့်ကြားခဲ့လေ၏။ တပည့်အပေါင်းတို့နှင့် ဆရာရသေ့ကြီးသည် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးသော စိတ်ဓာတ်ဖြင့် သဲပုံစေတီကို အကြိမ်ကြိမ် ပူဇော်ခဲ့ကြဖူးလေသည်။ သဲပုံစေတီတည်ထားပူဇော်ရကျိုးကို အပါဒါန်ပါဠိ၁၊ စာမျက်နှာ ၈၉ ၌ အောက်ပါအတိုင်း ပြဆိုထား၏ ။ ထူပဿ ပရိစိဏ္ဏတ္တာ၊ ရဇောဇလ္လံ န လိမ္ပတိ။ ဂတ္တေ သေဒါ န မုစ္စ န္တိ ၊ သပဘာသော ဘဝါမဟံ။ ဆိုလိုသည်မှာ သဲပုံစေတီမြတ်ကို ရိုသေလေးမြတ် အဆက်မပြတ် ဆည်းကပ်ပူဇော် အလေ့ကျင့် များခဲ့လေသောကြောင့် မြူအညစ်အကြေး ဂျေးအညော်သည် ငါ၏ကိုခန္ဓာမှာ လိမ်းကြံကပ်ငြိ ခင်းမရှိပါ၊ ငါ၏ ကိုခန္ဓာမှ နံစော်ညစ်ထေး ပူအိုက်သော ချွေးတို့သည်လည်း ဘယ်သောအခါမှ မထွက်ပါ။ ငါ၏ ကိုယ်သည် အဆင်းအရောင် ပြောင်ပြောင်ဝင်းဝင်း လှပခြင်းရှိလျှက ဘဝသံသရာကျင်လည်ခဲ့ရပါ၏။ တဲ့။ ထိုကဲ့သို့ ပုလိနထူပိယမထေရ်က ရဟန္တာဖြစ်ပြီးနောက် သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအနေဖြင အပါဒါန်မှာ ပြန်ပြောင်းဟောထားခဲ့ပေသည်။ ဗုဒ္ဓစာပေမှာ (၁) ဓာတုစေတီ- မြတ်ဗုဒ္ဓ၏ ဓာတ်တော်များကို တည်ထားကိုးကွယ်တော်မူခြင်း၊ (၂) ဓမ္မစေတီ-မြတ်ဗုဒ္ဓဟောဖော်ပြသည့် တရားဓမ္မ ပိဋကတ်တော်များကို ကိုးကွယ်ခြင်း၊ (၃) ဥဒ္ဒိဿစေတီ- ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းပြီး သက်တော်ထင်ရှားကဲ့သို့ အာရုံပြုကိုးကွယ်ခြင်း (၄) ပရိဘောဂစေတီ- မြတ်ဗုဒ္ဓ၏ သုံးတော်မူခဲ့သည် ပရိက္ခရာ စသည်များကို တည်ထားကိုးကွယ်ခြင်း ဟု လေးမျိုးရှိရာတွင် ဤသဲပုံစေတီတော်သည် ဂုဏ်တော်ထုံမွှမ်းပုံတော်မှန်းပြီး တည်ထားကိုးကွယ်အပ်သော ဥဒ္ဒိဿစေတီ ပင်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ အထူးအရေးကြီးသည်မှာ ကြည်ညိုစိတ်ထားတတ်ဖို့က အရေးကြီးဆုံးဖြစ်ပါ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိသည်ဖြစ် ထင်ရှားမရှိတော့သည်ဖြစ်စေ စိတ်ထားတူပါက အကျိုးလည်း တူညီသောအကျိုးရရှိပါသည်။ တိဌန္တေ နိဗ္ဗုတေစာပိ၊ သမေ စိတ္တေ သမံဖလံ။ စေတောပဏိဓိ ဟေတုဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။ (ဓမ္မပဒ) သက်တော်ထင်ရှား မြတ်ဘုရား၌လည်းကောင်း၊ ပရိနိဗ္ဗာန်စံတော်သွား ကိုယ်စား ရုပ်ပွားဆင်းတုေ တာ် သဲပုံစေတီ ပုထိုးအမျိုးမျိုး၌လည်းကောင်း ရိုသေလေးမြတ် သဒ္ဓါရောင်ဖိတ် ကြည်ညိုစိတ်သည် တူညီခဲ့သည်ရှိသော် လူနတ်နိဗ္ဗာန်သုံးတန်ထင်ရှား အကျိုးတရားသည် မပိုမသာ တူညီမျှပါ၏။ မှန်၏ ။ စိတ်ကိုကောင်းစွာထားတတ်ခြင်းဟူသောအကြောင်းကြောင သို့မဟုတ် စိတ်ဓာတ်၏ ကောင်မြတ်ခြင်းဟူသောအကြောင်းကြောင့် လူနတ်ဗြဟ္မာသတ္တဝါ တို့သည် ကောင်းရာသုဂတိသို့ မှန်စွာရောက်ကြေ လ၏ ။ အထက်ပါဂါထာကို ထောက်ဆသောအားဖြင သက်တော်ထင်ရှားဘုရားများနှင့် စေတီပုထိုးတို့အ ပေါ် ကြည်ညို စိတ်ထားတူညီစွာ ထားတတ်ဖို့ အလွန်ပင်အရေးကြီးလှပါသည်။ သို့မှသာလျှင် အကျိုးပေးတူညီပါလိမ့်မည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ရုပ်ပွား စေတီပုထိုး အမျိုးမျိုးတို့ကို ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျှက် ပူဇော်ကာ ဗုဒ္ဓါနုဿတိ ဘာဝနာများ ပွားများနိုင်ကြပါစေကုန်တည်း။ သုံးလူဘမင်း၊ အာရုံသွင်း၊ ထင်လင်းပေါ်အောင်ပြု။ လျောင်းတော်မူ၌၊ ဝတ်ပြုခိုက်၊ ဆိုက်မြိုက်ဂုဏ် တော်ရှု့။ စေတီရုပ်ပွား၊ ဆင်းတုများကို ဝတ်တွားကြည်ညို၊ များလူဗိုလ်၊ ထိုထိုနည်းမှီပြု။ အရှင်သုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ) နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT