Thursday, January 2, 2014

MIT

MIT

ဝေးခဲ့တဲ့အမိမြေ တမာရွက်ကြွေတွေအောက်က မြေနီလမ်းတွေပေါ်မှာ ငါတို့ ခြေရာတွေရှိတယ်။

Hဆောင် Bဆောင်တွေမှာ ငါတို့ သမိုင်းတွေရှိတယ် ငါတို့ ၀ိုင်းတွေရှိတယ်။

မန်းချယ်ရီမှာ ငါတို့ ဂစ်တာသံတွေ ငါတို့ သီချင်းသံတွေ ငါတို့??တွေရှိတယ်။

ထရံကာ ကပ်မိုးကင်တင်းမှာ ငါတို့ အကြွေးတွေရှိတယ် တွတ်ပီရှိတယ် ရှမ်းမလေးရှိတယ် B & W ရှိတယ် ဆရာမ ရှိတယ် ဒေါ်ဂွက်ကတော့အခုထိရှိသေးတယ်။

ဝပ်ရှော့တွေမှာ ငါတို့ welcome တွေရှိတယ် ငါတို့ ဆရာပူဇော်ပွဲတွေရှိတယ်။

ကျောင်းဆေးခန်းမှာ ဆရာဝန်မရှိတတ်ပေမဲ့ နပ်စ် မလှလှလေးရှိတယ်။

ဆက်သွယ်ရေးရုံးမှာ ငါတို့ စာအဟောင်းတွေရှိတယ် သူ့နံရံက နားတွေမှာ ဖုန်းပြောသံတွေသိမ်းထားတယ်။

ရုံးစိမ်းလေးမှာ တို့ဆရာကြီး ရှိတယ်။

၎ပုံ၃ပုံ main building မှာ ငါတို့ ဘွဲ့နှင်းသဘင်ရှိတယ်။

မြောင်းမကြီးမှာ ငါတို့ အ၀တ်လျှော်သံ ရေကူးသံတွေရှိတယ်။

ရန်ကင်းတောင်ခြေမှာ ငါတို့ ဖောက်သည်တွေရှိတယ်။

ထန်းတောထဲမှာ ငါတို့ ပဲလှော်တွေ ကြွက်ကြော်တွေရှိတယ်။

သရက်တောမှာ ငါတို့ ချစ်သူတွေရှိတယ်။

အခုတော့ ငါတို့ မရှိတောတဲ့နေရာ မှီတွယ်ဘူးတဲ့အမိကျောင်း ပြန်ပြောင်းသတိရရင်း ငယ်ချင်လာတယ်သူငယ်ချင်း။ ။

မိုးနိုင် (2013)

ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးစမ္မခဏ် ဂါထာတော်

ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးစမ္မခဏ် ဂါထာတော်

-ဣတိပိ ပိဋကတ္တယံ အနိစ္စံဒုက္ခံ အနတ္တံ ။ -သတ္တ ဗောဇ္ဈင်င်္ဂေါအဋ္ဌင်္ဂိ ကောမဂ္ဂေါစတု သတိ ပဋ္ဌာနံ ၊ -သဗ္ဗ ဿ ဣန္ဒော သဟဿ သူရိ ယော။ -ဩောင်းနမော ဗုဒ္ဓါနံ ၊ရာဇဘယံ၊ စောရဘယံ၊ ဥဒက ဘယံ၊ အဂ္ဂိဘယံ၊သတ္ထဘယံ၊သဗ္ဗဘယံ ၊ဇယော ဇယတု မင်္ဂလံ ။ -အနိစ္စံ ၊သင်္ခတံ ၊ပဋိစ္စ သမုပ္ပန္နံ၊ ခယဓမ္မံ ၊၀ယဓမ္မံ၊ ၀ိရာဂဓမ္မံ ၊ နိ ရောဓဓမ္မံ ၊ပဏ္ဍိ တာ ခမန္တိ ။

အနက်ဖွင့်ဆိုချက်

ဣတိပိ ပိဋကတ္တယံ အနိစ္စံဒုက္ခံ အနတ္တံ -

ဤသို့ဖြစ်ခြင်းပျက်ခြင်းသဘောရှိ သောကြောင့်  အနိ စ္စ ၊ ဤသို့ မပြတ် နှိ ပ်စက် ခြင်းသဘောရှိ သောကြောင့်  ဒု က္ခ ၊ ဤသို့ မိမိ အလိုသို့ မလိုက်ခြင်း သဘော ရှိသောကြောင့်အနတ္တ မည်၏။

သတ္တဗောဇ္ဈင်င်္ဂေါ– ၇ ပါးသော ဗောဇ္ဈင် တို့ သည်လည်းကောင်း၊

အဋ္ဌင်္ဂိ ကော မဂ္ဂေါ– အင်္ဂါ ရှ စ် ပါးရှိ သော ၊

စတုပဋ္ဌာနံ – ဟေတု အာရမ္မဏ စသည့် ၂၄ပစ္စည်း ဟူသော ပဋ္ဌာန်းသည် လည်းကောင်း၊

သဗ္ဗဿ ဣန္ဒော – တရားအလုံးစုံကိုအစိုးရသော မြတ်စွာ ဘုရားသည်လည်းကောင်း၊

သဟဿသူ ရိ ယော – ရောင်ခြည် တစ်ထောင် ဆောင် သော နေမင်းသည်လည်းကောင်း၊

ဣတိပိ အနိစ္စံ ဒုက္ခံ အနတ္တံ– ဤသို့ ဖြစ်ခြင်းပျက်ခြင်း စသည့် သဘော ရှိသောကြောင့် အနိစ္စ ၊ဒုက္ခ ၊အနတ္တ မည်၏ ။ ဩောင်း( ဗု ဒ္ဓါနံ) – အထူးသဖြင့်မြတ် တော်မူ ကု န် သော ၊

နမော ဗုဒ္ဓါနံ – ဘုရားရှ င်တို့အားရှိခိုးပါ၏ ။ တေသံ အာနု ဘာဝေန– ထို ဘုရားရှင်တို့၏ တန်ခိုးတေဇော်အာနုဘော်ကြောင့် ၊ ရာဇဘယံ – မင်းဘေးကိုလည်းကောင်း ၊ စောရဘယံ – ခိုးသူဘေးကိုလည်းကောင်း၊ ဥဒကဘယံ –ရေဘေးကိုလည်းကောင်း ၊ အဂ္ဂိဘယံ– မီးဘေးကိုလည်းကောင်း၊ သတ္ထဘယံ– လက်နက်ဘေးကို လည်းကောင်း၊ သဗ္ဗဘယံ – ဘေးအားလုံးကိုလည်းကောင်း၊ ဇယော – အောင် မြင် နို င် ပါစေသတည်း ။ ဇယတု မင်္ဂလံ– ကောင်းသောမင်္ဂလာ ဟူသမျှ အောင်မြင်ပါစေသတည်း။

အနိစ္စံ ၊သင်္ခတံ ၊ပဋိစ္စ သမု ပ္ပန္နံ – အကြောင်းကို စွဲ၍ ဖြစ်သော အကျိုးတရားသည် ကံ-စိတ်– ဥတု –အာဟာရ အကြောင်းတရား( ၄)ပါးတို့  ပြုပြင် အပ်သည် ဖြစ် ၍ အမြဲမရှိ ပေ။

ခယဓမ္မံ – ကုန်ခြင်းသဘောရှိ၏ ။ ၀ယဓမ္မံ – ပျက်ခြင်းသဘောရှိ၏ ။ ၀ိရာဂဓမ္မံ – ရာဂ ကင်းခြင်းသဘောရှိသော နိဗ္ဗာန်ကို ၊ ပဏ္ဍိ တာ– ပညာရှိ တို့သည် ခမန္တိ – နှ စ်သက်တော် မူကြသည် ။

“ မောဟ၏ သဘော ”

“ မောဟ၏ သဘော ”
••••••••••••••••••••••
မောဟ၏ သဘောသည် အကုသိုလ်ကိုသာ ဖြစ်စေပြီး အပါယ်ကို ဆွဲချတတ်သည့်သဘောရှိပေသည်။ မည်သည့် အကုသိုလ်အလုပ်ကိုလုပ်စေကာမူ မောဟသည် ပါစမြဲပင်ဖြစ်သည်။ အကုသိုလ်စိတ် ဖြစ်တိုင်း တွင် မောဟစိတ် မပါလျှင်မပြီး ချေ။ လောဘဖြစ်လျှင်သော် လည်းကောင်း၊ ဒေါသ ဖြစ်လျှင်သော် လည်းကောင်း၊ မာနဖြစ်လျှင် သော်လည်းကောင်းအစရှိသည့် အကုသိုလ်စိတ်များသည် မောဟနှင့်အတူ ယှဉ်တွဲ၍ ဖြစ်ကြ ရပေသည်။

ထိုကြောင့် အဘိဓမ္မာတွင် ပြဆိုထားသည်မှာ အကုသိုလ်စေတသိက် (၁၄) ပါး တွင် မောဟ စေတသိက် သည် ထိပ်ဆုံးကပင် နေရာ ယူထားလေသည်။ မောဟ၏ အဓိပ္ပာယ်ကိုတွေဝေခြင်း၊ အမှန်အမှားမခွဲခြားနိုင်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆို ကြသည်။ တွေဝေခြင်းဆိုသည်မှာ အလုပ်တွေ များလွန်း၍ မည်သည့်အလုပ်ကိုစ၍ လုပ်ရမည်ကို မဆုံး ဖြတ်နိုင်ဘဲ တွေဝေနေခြင်းကို ဆိုလိုသည် မဟုတ်ပေ။

ကုသိုလ်၊အကုသိုလ်ကို မသိဘဲတွေဝေနေခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ အမှန်တော့မောဟသည် သတ္တ၀ါများကိုဒုက္ခပေးရာတွင် အဓိကအခရာ ကျပေသည်။

အဘယ်ကြောင့်ဆိုသော် မောဟ၏ အလုပ်တာဝန်သည် အကုသိုလ်ကိုပြုလုပ်ရန်အတွက် သာလျှင် အားပေး အားမြောက်ပြုတတ် သောကြောင့်ဖြစ်လေသည်။ မောဟသည် လူများကို အကုသိုလ်ကို ပြုလုပ်မိမှန်း မသိအောင်ညှို့ယူ ဖမ်းစားထားတတ်သည်။ လူ့လောကတွင် ပြောတတ်ကြသည့်စကားတစ်ခု ရှိသည်။ သိလျက်နဲ့ မကောင်းတာကို လုပ်မိတာပါဟု ပြောတတ်ကြသည်။ ထိုစကားသည်မှန်သည်ဟု ပြောနိုင်သော်လည်း အတိအကျမှန်သည်ဟု ဆိုမူကားမဟုတ်ချေ။

မကောင်းသည့်အရာကို ပြုလုပ်သည် ဆိုကတည်းကပြုလုပ်နေသည့်အချိန်တွင် မသိ၍ သာလျှင် ဖြစ်သည်။ ဆိုလိုသည်မှာ အကုသိုလ် လုပ်နေချိန်တွင် မောဟစိတ် ဦးဆောင်နေခြင်းဖြစ်သဖြင့်ထိုအကုသိုလ်ကို အကုသိုလ်မှန်းမသိခြင်းဖြစ်သည်။ ထိုကြောင့် ကျူးလွန်ခြင်းဖြစ်သည်။

ဥပမာ - အရက်သမားတစ်ယောက်သည် အရက်သောက်ခြင်းကိုမကောင်းမှန်းသိနေသော်လည်း ဆက်၍ သောက်မြဲသောက်သည်။ ထိုအရက်သမားသည် အမှန်လက်တွေ့တွင် အရက်သောက်ခြင်းအကုသိုလ်အား တကယ်မကောင်းဟု ဆိုသည်ကို မသိ၍သာ သောက်နေခြင်းဖြစ်သည်။ မကောင်းသည်ကို မကောင်းမှန်းတကယ်သိလျင် ထိုသူသည် ထိုအကုသိုလ်ကိုပြုလုပ်လိမ့်မည်မဟုတ်ပေ။ အရက်မူးနေသောပုဂ္ဂိုလ်များတွင် မောဟစိတ်သည် လွှမ်းမိုးနေသည်။ ထိုကြောင့်အကုသိုလ် အလုပ်များကို လွယ်ကူစွာပင် ကျူးလွန်မိတတ်ကြပေသည်။

ရူးသွပ်နေသော ပုဂ္ဂိုလ်များတွင်လည်းမောဟစိတ် လွှမ်းမိုးနေသည်။ ထိုကြောင့်အရူးသည်သူ့ကိုယ်တိုင် မည်သည့်အရာများကိုလုပ်ကိုင်နေသည်ကိုမသိနိုင်ပေ။ ထိုကြောင့်ပင် မူးမူးရူးရူးဟု ဆိုသည့် စကားဖြစ်ပေါ်လာဟန်ရှိပေသည်။

မောဟစိတ်နှင့် သေရသည့် အကြောင်းကြောင့် ဖြစ်လာရမည့် အကျိုးဆက်သည်ကား တိရစ္ဆာန်ဘုံ ဘ၀သို့ လားရမည် ဖြစ်သည်။ တိရစ္ဆာန်များသည် မောဟစိတ်များဖြင့် နေထိုင်ကြသည်။ မောဟသည် မကောင်းသည်ကိုလည်းကောင်းသည် ဟု ထင်မြင်နေသည်။ ကောင်းသည်ကိုလည်းမကောင်းသည် ဟုပင် ထင်မြင်နေပြန်သည်။

သို့ဖြစ်သောကြောင့် မောဟသည်မည်သို့နည်းဖြင့်မျှပင် အကောင်းကို အကောင်းဟု၊ မကောင်းသည်ကိုမကောင်းဟု အမှန်အတိုင်းမြင်ဖို့ရာ အကြောင်းမရှိနိုင်ချေ။ တစ်နည်းပြောရလျှင် အကုသိုလ်ကိုကုသိုလ်ဟု မြင်သည်။ ကုသိုလ်ကိုလည်းအကုသိုလ်ဟုမြင်သည်။ ဤသည်ကားမောဟ၏ လှည့်စားနိုင်သော အစွမ်းသတ္တိ ဖြစ်သည်။

အမှန်တရားကို မမြင်နိုင်ခြင်းသည် မောဟ အမှောင်ထုကပိတ်ဖုံးထား၍သာဖြစ်သည်။ မောဟကို မသိမှုအ၀ိဇ္ဖာ ဟုလည်းခေါ်သည်။ မည်သည့်အရာကို မသိသနည်းဟုမေးလျှင် ♦အမှန်တရားကိုမသိမှု။ ♦သစ္စာတရားကိုမသိမှု ဟုပင်ဖြေရမည်။ ♦ဒုက္ခသစ္စာကိုမသိမှု၊ ♦သမုဒယသစ္စာကိုမသိမှု၊ ♦နိရောဓသစ္စာကို မသိမှု၊ ♦မဂ္ဂသစ္စာကို မသိမှု စသည်တို့ကိုရည်ညွှန်းပေသည်။

မောဟ အားကြီးနေသူများသည် နေ့အလင်းရောင်တွင် နေထိုင်နေသော်လည်းမောဟ အမှောင် ဖုံးလွှမ်းနေသည့် အတွက်ကြောင့်အလင်းတွင်နေပြီးမှောင်နေသူများဟု ပင် ဆိုနိုင်သည်။

အမှောင်ထဲတွင် နေထိုင်သူသည်အမှန်ကို အမှန်တိုင်းမြင်နိုင်ဖို့ရာမဖြစ်နိုင်။ မောဟ အ၀ိဇ္ဇာသည် ပညတ် ကိုသာ မြင်သည်။ ပရမတ်ကိုကားမမြင်ချေ။ လောက၏ လှည့်စားထားမှုကိုသာမြင်သည်။ ဉာဏ်ဖြင့်အဆုံးစွန် သော အမှန်တရားကို ထိုးဖောက် မြင်နိုင်စွမ်းမရှိ။ ဥပမာ - လူတစ်ယောက်ကို မြင်လျှင် လူဟူသော ပညတ်ကိုသာ မြင်သည်။ ထိုလူအားခန္ဓာငါးပါးဖြစ်သော ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊၀ိညာဏက္ခန္ဓာ ဟူသော အပေါင်းအစုကြီးဟု မမြင်မိ။ ထိုကြောင့် အ၀ိဇ္ဇာအမှောင်ထုက ကာဆီးထားလျှင် ပရမတ်တရားကိုထိုးထွင်းသိမြင်ဖို့ရန်လွယ်ကူမည် မဟုတ်နိုင်ပေ။

မောဟသည် မသိမသာဒုက္ခပေးနေသည် ဟုဆိုလျှင်လည်းမမှားနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် မသိလို့မသာ (သေခြင်း) ဖြစ်နေကြသည်မှာ ငြင်းနိုင်ဖွယ်မရှိ။ မသိခြင်းသည် မောဟ။ မသာ ဖြစ်ခြင်းသည် ဆင်းရဲဒုက္ခ။ တစ်နည်းဆိုရသော် အ၀ိဇ္ဇာကြောင့်သံသရာမှာ မိမိတို့၏ အသွေးအသားခန္ဓာအသုဘများတောင်လို ပုံနေခဲ့ပေသည်။ ထိုကြောင့်မသိလျှင်မသာ ဖြစ်သည် ဆိုသည့် စကားသည် အမှန်တရားကို ထုတ်ဖော် ပြောကြားထားပေသည်။ သတိ မရှိသော သူသည် သေနေသောသူနှင့်တူပေသည်။ အထူးသတိထားဖို့ ကောင်းလေစွ။ သေခြင်းတရားကင်းရာ လွတ်မြောက်ရာ လမ်းကို မသိသေးသ၍၊ ကျင့်ကြံအားထုတ်မှု မရှိသေးသ၍ သေခြင်းနှင့် ရင်ဆိုင်နေရဦးမည်သာ။

မိမိ၏ စိတ်သန္တာန်တွင်မောဟ မ၀င်ရောက်လာ နိုင်စေရန် ပြုလုပ်ရမည့်နည်းလမ်းမှာ သတိကိုအားကောင်းအောင်ပြုလုပ်ခြင်းပင်ဖြစ်သည်။ သတိစိတ် ဖြစ်နေခိုက်တွင် မောဟစိတ်မဖြစ်ပေ။ သတိသည် အကုသိုလ်စိတ် မ၀င်ရောက်နိုင်အောင် တားဆီးပေးသည်။ ကာကွယ်ပေးသည်။ သို့အတွက်ကြောင့်ဗုဒ္ဓမြတ်စွာဘုရားဟောကြားထားသည့် သတိပဋ္ဌာန်တရားလေးပါးဖြစ်သော ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်စသည့် တရားများသည် မောဟစိတ်ကို မဖြစ်စေရန် ကျင့်ကြံရမည့် နည်းလမ်းများဖြစ်သည်။ အချိန်တိုင်းသတိကပ်ထားနိုင်လျှင် မောဟစိတ်အတွက် နေရာလွတ် ရှိမည်မဟုတ်။ မောဟစိတ် အတွက် နေရာမရှိတော့လျှင်ကုသိုလ်စိတ်များသာ နေရာယူနိုင်ပေတော့မည်။

သံသရာ အစသည်လည်းမသိမှုမောဟ အ၀ိဇ္ဇာပင် စခဲ့ရသည်။ ထိုကြောင့် ဆရာတော်ကြီးများမိန့်ကြားကြသည်မှာ -သံသရာ ဘယ်ကစ၊မသိတာက စ။ သံသရာ ဘယ်မှာဆုံးသိတစ်လုံးမှာဆုံး။

တရားအားထုတ်ကြရာတွင် သတိကိုခိုင်မြဲအောင် ကျင့်ကြံအားထုတ်ရပေသည်။ သတိသည် အလင်းရောင် ဖြစ်သည်။ သတိ အလင်းရောင်ရှိနေလျှင် မောဟ အမှောင် မ၀င်ရောက်နိုင်ပေ။ တရားအားထုတ်သူသည်နေ့အချိန်ဖြစ်ဖြစ်၊ ညအချိန်ဖြစ်ဖြစ် သတိအလင်းနှင့် ရှိနေသည်။ ညအချိန် အမှောင်ထုသည်လောကကြီးကို ကြီးစိုးထားသော်လည်းသတိနှင့် တရားအားထုတ်နေသော သူအတွက် သတိ အလင်းရောင်သည် အမြဲ ရှိနေသည်။ ထိုအလင်းရောင်သည်နိဗ္ဗာန်အတွက် လမ်းပြဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားပရိနိဗ္ဗာန်မပြုခင်နောက်ဆုံး မိန့်မှာခဲ့သည်မှာ သတိတရားဖြင့် နေကြရန် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ ကျေးဇူးတော်ကားကြီးမားလှပါဘိ။

မောဟ၏ ဆန့်ကျင်ဘက်သည် အမောဟ ဖြစ်သည်။ အမောဟသည် ပညာဖြစ်သည်။ ထိုပညာသည် လောကီ ပညာရပ်များကိုဆိုလိုခြင်းမဟုတ်။ လောကုတ္တရာ ပညာကိုသာ ဆိုလိုခြင်းဖြစ်သည်။ ရုပ်နာမ် ဓမ္မ သင်္ခါရတို့ကို ပညာဖြင့် ပိုင်းခြားသိမြင်နေခြင်းဖြစ်သည်။ လောကီပညာသည် တစ်ဘ၀အတွက်အထောက်အကူရနိုင်သည်။ သို့သော်လောကုတ္တရာ ပညာကားသံသရာ တစ်လျှောက်လုံးအတွက်အထောက်အပံ့ရရှိပြီး နိဗ္ဗာန်တိုင်အောင် ပို့ဆောင်ပေးနိုင်သည့်စွမ်းအားရှိသည်။

ယေဘုယျအားဖြင့်ပုထုဇဉ် လူအမျိုးစားနှစ်မျိုးကို တွေ့ရသည်။ “အန္ဓပုထုဇဉ်နှင့် ကလျာဏ ပုထုဇဉ် ” ဟူ၍ ဖြစ်သည်။ အန္ဓပုထုဇဉ် ဆိုသည်မှာပညာမျက်စိ ကန်းနေသည့် ပုထုဇဉ်ကို ခေါ်သည်။ ပညာမျက်စိ ကန်းနေသောသူသည် အမှန်ကိုမမြင်။ လောကကြီး၏ မာယာကို မမြင်။ ထိုပုထုဇဉ်သည် မောဟ အမှောင်တိုက်များကြီးစိုးနေ၍ အကုသိုလ်များကို အချိန်မရွေး ကျူးလွန်နေကြသူများဖြစ်သည်။ ကလျာဏပုထုဇဉ်သည်ပညာမျက်စိ ရှိနေသူဖြစ်သည်။ ထိုသူသည် အရိယာနယ်သို့ မရောက်သေးသော်လည်း ရောက်ရှိရန် အခွင့်အလမ်းများတွေ့ရှိထားသူဖြစ်သည်။ မောဟ အမှောင်ထုကို သတိ ပညာဉာဏ်ဖြင့် အတော်အတန်ဖြိုခွင်းနိုင်သူများဖြစ်သည်။ အရိယာမဂ်လမ်းပေါ်ကိုလည်းပညာက ဦးတည်ခေါ်ဆောင်နေသည်။ မောဟ ဦးဆောင်သော လမ်းသည် အပါယ်လမ်းဖြစ်ပြီး အမောဟ ပညာ ဦးဆောင်သော လမ်းသည် နိဗ္ဗာန်လမ်း ဖြစ်သည်။

ဤလမ်းနှစ်သွယ်သည် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်။ ထိုကြောင့် မောဟ၏ သဘော၊ သဘာဝများကို သိရှိထားလျှင်မိမိတို့ထံသို့ မောဟ မ၀င်ရောက်နိုင်အောင် တားဆီးထားနိုင်ပြီး ပညာဦးစီးသော ကုသိုလ်များကိုသာ ၀င်ရောက်ခွင့် ပေးနိုင်လာပေလိမ့်မည်။ ထိုသို့သာ ကျင့်ကြံပွားများ အားထုတ်လာနိုင်လျှင် အချိန်ပမာဏ တစ်ခု အတောအတွင်းတရားထူး၊တရားမြတ်များကို ပိုင်ဆိုင်လာမည် ဟုဆိုလျှင်မည်သူ ငြင်းနိုင်ပါအံ့နည်း……။

-[အရှင်ဉာဏဒီပ(ဓမ္မရတနာ)] ဒေလီတက္ကသိုလ်၊အိန္ဒိယ

Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm

Wednesday, January 1, 2014

ပရိတ် (သို့) အရံအတား

ပရိတ် (သို့) အရံအတား။ ••••••••••••••••••••• မြန်မာဗုဒ္ဓဘာသာအများ ရွတ်ပွားသရဇ္ဈာယ ပူဇော်လေ့ရှိကြသည့် ပရိတ်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိစကားကို မြန်မာမှုပြုထားသည့် ပါဠိပျက် ဝေါဟာရတစ်ခုဖြစ် သည်။ ပရိတ္တဟူသည် အရံအတားဟု အဓိပ္ပါယ်ရ၏။ မိမိထံသို့ ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်လာစေရန် သစ္စာတရားဖြင့် အဓိဋ္ဌာန်ထားကာ ပရိတ်အရံအတားဖြင တားဆီးကာကွယ်ခြင်းပင် ဖြစ်၏။

ဤပရိတ်တော်များသည် မြတ်စွာဘုရားရှင သက်တော်ထင်ရှား ရှိစဉ်ကပင် ဘုရားရှင်နှင့် တပည့်ရဟန္တာထေရ်ရှင်များက ဘေးရန်အန္တရာယ်များ ကျရောက်နေသည့် အရပ်ဒေသ၊ ပုဂ္ဂိုလ်များထံ ကြွရောက်၍ ရွတ်ပွားချီးမြှင့်တော်မူကာ အန္တရာယ်များ ကင်းရှင်းစေရန် အရံအတားပြုပေးထားသည့် အစစ်အမှန် ဒေသနာတော်များပင် ဖြစ်၏။ ဆိုင်ရာ အခြေအနေသို့လိုက်ကာ သင့်လျော်သည့် ပရိတ်တော်ကို ရွတ်ပွားပေးတော်မူခဲ့သည့် မြတ်ဗုဒ္ဓနှင့် တပည့်သား သံဃာတော်များ၏ ပရိတ်တော်များသည် ပိဋကတ်တော်များတွင် အခိုင်အမာ မှတ်တမ်းအဖြစ် ရှိနေပြီးဖြစ်၏။

ယနေ့ခေတ် မြန်မာဗုဒ္ဓဘာသာဝင်များ ရွတ်ပွားပူဇော်လျက်ရှိသည့် ပရိတ်ကြီး (၁၁)သုတ်ဟူသည် ပိဋကတ်တော်တွင် မှတ်တမ်းတင်ထားသည့် ပရိတ်တော်များအား ရွေးနှုတ်ကာ အလွယ်တကူ ပူဇော်နိုင်ရန် ပြုလုပ်ထားသည့် ဘုရားဟော မူရင်းများပင် ဖြစ်ပါ၏။

ပရိတ်တော်များ၏ အဓိက အချက်မှာ ရတနာသုံးပါး၏ ဂုဏ်တော်များနှင့် ကံစွမ်းများကို အထင်အရှား ထုတ်ဖော်ပူဇော်ရင်း သစ္စာပြုထားချက်များပင် ဖြစ်၏။ “ကတိသစ္စာတည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏”ဟူသော စာဆိုအတိုင်း သစ္စာကို အခြေပြုကာ ကျရောက်လာမည့် ဘေးအန္တရာယ်များက ဂုဏ်တော်အစွမ်း၊ ကုသိုလ်အစွမ်း၊ သစ္စာအစွမ်းများဖြင့် အရံအတားပြု ကာကွယ်ပေးခြင်းပင် ဖြစ်၏။ ပရိတ်တော်များ၏ အကျိုးသက်ရောက်မှုသည် ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်စေရန်နှ င့် ကျရောက်ပြီး ဘေးအန္တရာယ်များ ပပျောက်စေရန် အထူးအကျိုးပြုပေးခြင်းပင် ဖြစ်၏။

ထို့ကြောင့်လည်း ဗုဒ္ဓဘာသာ မြန်မာများက မိမိတို့ အိမ်ဂေဟာများသို့ ပင့်ဖိတ်ကာ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူပူဇော်ပြီး အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်း၍ ကောင်းကျိုးချမ်းသာ ဖြစ်ပါစေရန် ပရိတ်တော်များကို ရွတ်ပွားသရဇ္ဈယ်စေခြင်း ဖြစ်၏။ မိမိတို့ အိမ်ဂေဟာ အနီးဝန်းကျင် အတွင်းရှိ မြင်အပ်၊ မမြင်အပ်သည့် အနှောက်အယှက်များ၊ အန္တရာယ်များ မကျရောက်စေရန် ပရိတ်တရား ရွတ်ပွားစေကြခြင်း ဖြစ်၏။

သတိပြုရမည်မှာ အန္တရာယ်ဟူသည် အပြင်အန္တရာယ်နှင့် အတွင်းအန္တရာယ်ဟူ၍ နှစ်မျိုးရှိရာတွင် ပရိတ်တော်များကား အပြင်အန္တာရာယ်ကိုသာ အထူးသဖြင့် အရံအတားပြု ကာကွယ်ပေးခြင်း ဖြစ်ပြီး အတွင်းအန္တရာယ်များကိုကား မိမိ၏ သတိ၊ ပညာများဖြင့်သာ မိမိကိုယ်တိုင် အရံအတားပြု ကာကွယ်ကြရမည်သာ ဖြစ်ပါ၏။ အတွင်းအန္တရာယ်ဟူသည်ကား မိမိကိုယ်ကို ပူလောင်စေသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည့် ကိလေသာတရားများပင် ဖြစ်ပါ၏။ ထိုအတွင်းအန္တရာယ်များ အတွက်ကား ပရိတ်တရားများထက် မိမိ၏ သတိပညာတရားများက ပို၍လိုအပ်လှသည်သာ ဖြစ်၏။ သို့သော် ပရိတ်ရွတ်ကာ သမထအကျင့်အဖြစ် သမာဓိများ တိုးပွားနေလျှင် ကား အတွင်းရန်ဖြစ်သည့် ကိလေသာ တရားမျးကို အတိုင်းအတာ တစ်ခုအထိ အရံအတား ပြုပေးနေမည်သာ ဖြစ်ပါ၏။

ပရိတ်တော်များ၏ ဖွင့်ဆိုမှုများသည် မေတ္တာတရားကို အခြေခံကာ ဂုဏ်တော်များဖြင ထုံလွှမ်းထားသည့် ဖွင့်ဆိုမှုများ ဖြစ်သဖြင့် ရွတ်ပွားပူဇော်သူများကို အပြင်အန္တရာယ်များဖြစ်သည့် မကောင်းသည့် နတ်များ၊ နာနာဘာဝများ၏ နှောက်ယှက်မှုများမှ တားဆီးပေးပြီး သူတော်ကောင်းများ၏ တန်ပြန်ချစ်ခင်နှစ်သက် မြတ်နိုးမှုကို ရရှိစေနိုင်ပေ၏။ ပရိတ်ဒေသနာတော်များသည် မည်သည့်သတ္တဝါကိုမျှ ဆင်းရဲဒုက္ခရောက်စေသည့် အကြောင်းအရာ ဖွင့်ဆိုချက်များ မပါရှိသဖြင့် ပရိတ်ရွတ်ခြင်းအားဖြင့် ရွတ်ဆိုသူများအား တစ်စုံတရာ ဆိုးကျိုး ဖြစ်ပေါ်နိုင်ဖွယ်အကြောင်း မရှိလှပေ။ ထို့အပြင် ဤပရိတ်ဒေသနာတော်များ၏ ထူးခြားမှုအဖြစ် ရွတ်ဆိုပူဇော်သူ၏ စိတ်စေတနာနှင့် မေတ္တာတရားအပေါ်အေ ခြခံကာ သိသာသည့် တန်ပြန်အကျိုးပေး သက်ရောက်မှုများကိုပင် ရရှိခံစားနိုင်မ ည်မှာ အသေအချာပင် ဖြစ်၏။ ဤသည်မှာ လက်တွေ့ကျင့်ကြံသူများ လက်တွေ့ခံစားနိုင်သည့် တရားတော်၏ သန္နိဋ္ဌိကဂုဏ်တော် အဖွင့်အတိုင်းပင် ဖြစ်၏။

သို့သော် ပရိတ်တရား ရွတ်ပွားပူဇော်ခြင်းအားဖြင့် ဓမ္မာနုဿတိ ဘာဝနာဖြစ်နေပြီး အပြင်ရန်များကို မေတ္တာတရားဖြင့် အရံအတား ပြုပေးနေမည် ဖြစ်သော်လည်း မိမိ၏ အတွင်းရန်များဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည့် ကိလေသာတရားများကိုကား ပရိတ်ရွတ်ပေးသည့ သံဃာတော်များ၊ ပရိတ်ရွတ်ပေးသည့ ပုဂ္ဂိုလ်များက ကင်းငြိမ်းသွားစေရန် အရံအတား အကာအကွယ် ပြုပေးနိုင်မည်မဟုတ်ဘဲ မိမိ၏ အတွင်းရန်များကို မိမိ၏ သတိတရား၊ ပညာတရား သမထ၊ ဝိပဿနာ ကျင့်စဉ်များဖြင့်သာ အရံအတားပြု ကားကွယ်ပေးနိုင်မည်ဖြစ်၏။

ဆိုလိုသည်မှာ ပရိတ်တော်များ ရွတ်ပွားသရဇ္ဈာယ်ခြင်းနှင့် ပတ်သက်၍ ပရိတ်တော်ဟူသည် အပြင်ပမှ ကျရောက်လာမည့် မြင်အပ်မမြင်အပ် သည့် အန္တရာယ်များကို အရံအတားပြု တားဆီးကာကွယ်ပေးနိုင်သည့် ဓမ္မဒေသနာများ ဖြစ်သဖြင့် ရွတ်ပွားသူများ၊ ရွတ်ပွားပေးသူများ အနေဖြင့် အပြင်အန္တရာယ်များကို ပရိတ်တော်များဖြင့် အကာအကွယ် အရံအတား ပြုထားနိုင်သော်လည်း အတွင်းအန္တရာယ်များ ဖြစ်သည့် ကိလေသာရန်များကိုကား တစ်စုံတယောက်က မကျရောက်စေရန် အရံအတား ကာကွယ်မှုများ မလုပ်ပေးနိုင်ဘဲ မိမိကိုယ်တိုင်သာ သတိကို အခြေခံသည့် သီလ၊ သမာဓိ၊ ပညာ အကျင့်တရားများဖြင့် အရံအတားပြု ကာကွယ်ကြရမည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မိမိသည်သာ မိမိ၏ အတွင်းအန္တရာယ်များကို ကာကွယ်ရမည်သာ ဖြစ်ပါ၏။

ထို့ကြောင့် မြတ်ဗုဒ္ဓ၏ ပရိတ်တရား ဒေသနာတော်များကို ရွတ်ပွားပူဇော်ကာ အန္တရာယ်များမှ အရံအတားပြု ကာကွယ်လိုကြသည့်သူများအနေဖြင့် အတွင်းအပြင် အန္တရာယ်များကို ပရိတ်တရား ရွတ်ပွားပူဇော် နာယူခြင်း အားဖြင့်လည်းကောင်း သီလကို အခြေခံသည့် သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာများကို ဆောက်တည်ကျင့်ကြံခြင်း အားဖြင့်လည်းကောင်း ကာကွယ်ကြရမည် ဖြစ်ပါကြောင်း ပရိတ် (သို့) အရံအတားအကြောင်း တစ်စိပ်တစ်ဒေသ အသိမျှလိုက်ရပါသည်။

( မနာပဒါယီ အရှင်ဝိစိတ္တ - ဒိုက်ဦး )

“ ဂုဏ်အလှ “ ( ဆရာဇော်ဂျီ )

“ ဂုဏ်အလှ “ ( ဆရာဇော်ဂျီ )

ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း မင်း၏သားငယ် သက်နှစ်ဆယ်သည် ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း ။

ရွှေဂုဏ်ငွေဂုဏ် ရာထူးဂုဏ်သည် လူ့ဘုံလောက အကာမျှတည့် သူကငြူစူ မကြည်ဖြူ၍ ခွာယူလိုက ခွာ၍ရ ။

ရိုးဂုဏ်ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည် လူ့ဘုံလောက နှစ်သာရတည့် သူကငြူစူ မကြည်ဖြူလည်း ခွာယူမရ ကွာမကျ ။

ဝိပဿနာ ပွါးများခြင်း၏ အကျိုးတရားများ

ဝိပဿနာ ပွါးများရာ အကျိုးများစွာ ရရှိမှာ...

ဝိပဿနာ ပွါးများခြင်း၏ အကျိုးတရားများကား,

ရောဂါကြီးမူ ညည်းညူမရှိ မြဲဂတိနှင့် သတိမ မေ့ ချိန်နေ့သိပြန် မျက်လှန်ကြောဆွဲ မရှိဘဲလျက် သေလဲတောင့်တင်း ပုတ်နံ့ကင်းသည် ကျိုးရင်းဝိပဿနာ တန်ခိုးပေတည်း။ လက် ရှိ ခန္ဓာ မတွယ်တာနှင့် နောင် လာဘဝ မ တောင့်တဘဲ ကြောင့်ကြစွဲဖြင့် အမြဲမပြတ် ဝိပဿနာ လေ့လာကြိမ်ကြိမ် အာစိဏ္ဏကံ ဖြစ်ကြောင်းဖန်မူ ထိုသည့်သူကား အယူမလွဲ ဂတိမြဲ၏။ မီးစွဲ လောင် မှ ရေကိုတ သော် မရဖြစ်အင် ပုံနှိုင်းယှဉ်၍ မဂ္ဂင် သ န္ဓေ တည်မြဲ နေ အောင် မ သေခင် က ပြင် ဆင် တောက် လျှောက် မေ့ မပျောက်နှင့်။ ချွေးပေါက်ယိုစီး သေခါနီးဝယ် အပြီးမုချ မဂ္ဂင် ရလိမ့်။ ကိစ္စ မလျော် အ ကြောင်းပေါ်၍ မ တော်တဆ မဂ်မရအုံး ဘဝအစွန် တမလွန်တွင် ထူးချွန်အံ့လောက် နတ်ပြည် ရောက်၍ မ ဖေါက်မပြန် သောတာပန်စစ် ဧကန်ဖြစ်မည် မလစ် ဝိပဿနာ အကျိုးတည်း။

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT