" သပိတ်သွတ်လွတ်တရား "
--------------------------------
သီတင်းကျွတ်ပြီဆိုတော့ လသာသာ မီးထွန်း ပူဇော်ရလို့ ပျော်ကြ ရွှင်ကြတယ်။ မိဘ ဆရာသမားတွေ ကန်တော့ရလို့လည်း ဝမ်းသာရတယ် ဆိုတာတော့ ကောင်းတဲ့ စေတနာတွေ အမှန်ပါပဲ။ ဒါပေမဲ့ တို့ခန္ဓာကြီးကတော့ သီတင်းမကျွတ်ခင် ဝါဆိုဦးကထက် ယခု သီတင်းကျွတ်က သေဖို့ရာ ပိုနီးသွားတယ်။ ဘယ်လိုများ ထင်နေကြသလဲ ဝမ်းနည်းစရာပဲလား ဝမ်းသာစရာပဲလားလို့ မေးရင်ဖြင့် သြော်.. သေခါနီး သွားတာပဲလို့ မှတ်ပါ။
ဒီတော့ မသေရာ ရှာဖို့ရာ အလုပ်သည် ခရီး ရောက်ထားဖို့ အရေးကြီးတယ်။ ဒီဘဝတော့ အတိတ်က ဆုတောင်း အဝိဇ္ဇာ သင်္ခါရတွေကို ကျုပ်တို့ မကျော်လွှားနိုင်ခဲ့လို့ အခုဘဝမ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ ခန္ဓာငါးပါး ရထားတော့ ဇာတိ ဇရာ မရဏ ကလည်း လားရတော့မှာပဲ။ ဒီအို နာ သေ လားရငြားသော်လည်းတဲ့.. မသေရာ ရှာတဲ့အလုပ်ကို တွေ့ရလို့ ဝမ်းသာကြပါလို့လည်း သတိပေးလိုက် ပါတယ်။
ကဲ.. ဒီနေ့ ဟောတဲ့ တရားက အဂုတ္တိုရ် ပါဠိတော်ကြီးမှာ ဘုရားကိုယ်တိုင် ဟောလို့ သစ္စာသိပြီး သေတဲ့ပုဂ္ဂိုလ်များမှာ ဘာမှပူစရာ မရှိပုံကို ပြန်လည် ဟောကြားခြင်း ဖြစ်တယ်။ အတိတ်ဘဝက သစ္စာလေးပါး မသိတော့ အဝိဇ္ဇာနဲ့ နေခဲ့ကြတယ်။ အကုသိုလ်အလုပ်တွေလည်း လုပ်ခဲ့ကြတယ်ဆိုတော့ သင်္ခါရတွေပေါ့ဗျာ။ ဗုဒ္ဓဘာသာ ဆိုပေမဲ့ သစ္စာကိုမသိတော့ ကုသိုလ်ရိုးရိုး လုပ်တာလား နောက်ဘဝ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်လို့ လုပ်တာလားလို့ မေးရင် ဘယ့်နှယ် ဖြေမလဲ.. (လူချမ်းသာနတ်ချမ်းသာ ဖြစ်ချင်လို့ပါဘုရား)
ဒါဖြင့် ကုသိုလ်ကံနဲ့ တဏှာနဲ့ ရောနေတယ်။ ကုသိုလ်လုပ်တာက ကုသိုလ်ရမယ် လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်တာက တဏှာပေါ့ဗျာ။ ဒီလိုရောတယ် ဆိုကထဲက အဝိဇ္ဇာ ပစ္စယာ သင်္ခါရ ဖြစ်မသွားဘူးလား... ။ အတိတ်က အဝိဇ္ဇာဆိုတာ ကိလေသဝဋ် သင်္ခါရဆိုတာ ကမ္မဝဋ် ဒီ ၂ပါးကို လုပ်ခဲ့တယ်။ မသိတဲ့ အဝိဇ္ဇာက ကိလေသဝဋ် ကုသိုလ်ပြုပြီး လူချမ်းသာ နတ်ချမ်းသာ ဆုတောင်းတာက ကမ္မဝဋ်။ ကိလေသဝဋ် ကမ္မဝဋ်တွေ ပြုပြီး စုတေ မနေ သေလွန်တဲ့အခါ ဝိညာဏ်ဆိုတဲ့ ပဋိသန္ဓေ ဝိညာဏ်ကို ရပါတယ်။
ပဋိသန္ဓေ ဝိညာဏ်ရရင် နာမ်ရုပ် ပေါ်ရမယ်။ နာမ်ရုပ် ပေါ်လို့ရှိရင် မျက်စိ နား နှာ လျှာ ကိုယ် စိတ်မပေါ်ဘူးလား။ ပေါ်လာရင် ဖဿ ဝေဒနာ ပေါင်းလိုက်တော့ ခန္ဓာငါးပါးဟာ ဘာသစ္စာတုံး... (ဒုက္ခသစ္စာပါဘုရား) ဒီဒုက္ခသစ္ဇာကိုတော့ ဝိပါကဝဋ်ထဲ သွင်းလိုက်ပါ။ ခန္ဓာကိုယ်ကြီးသည် ကောင်းကောင်း ရထားတာလား ဝဋ်သင့် နေတာလား။ ခန္ဓာကြီးဟာ ဝိပါကဝဋ်လို့ မှတ်လိုက်စမ်းပါ။
ဒုက္ခကို ပင်လယ် ဝေနေပြီး သားပူ သမီးပူ ဆွေပူ မျိုးပူ မင်းပူ စိုးပူတွေနဲ့ ဝိပါကဝဋ်ကြီးဟာ ဘာသစ္စာပါလိမ့်.. (ဒုက္ခသစ္စာပါဘုရား) သားပူလည်း ဒုက္ခသစ္စာပဲ သမီးပူလာရင်လည်း ဒုက္ခသစ္စာပဲလို့ ဉာဏ်နှလုံးသွင်းပြီးနေ။ ဒီလိုနှလုံးသွင်း လိုက်ရင် ဒါသစ္စာသိတာပဲ။ သစ္စာသိစေချင်လွန်းလို့ တိုက်တွန်းတာကို ဘုန်းကြီးလွန်တယ်လို့ မဆိုနဲ့။ ကိုယ်က ကိစ္စ မပြီးသေးလို့ ဒီလောက် တိုက်တွန်း နေတာလို့မှတ်ပါ။ ဒီဘဝတွင် ကိစ္စပြီးစေချင်လွန်းလို့ သစ္စာသိပြီး ပုဂ္ဂိုလ်ဟာ သုဂတိမှတစ်ပါး ဘယ်မှ မသွားဘူး ဆိုတာ ပေါ်ပြီလား။
ငါသေရင် ဘာများဖြစ်ဦးမလဲဆိုတာ ဘယ်တော့မှ မတွေးနဲ့။ တို့ခန္ဓာပေါ်သ၍ ဒုက္ခသစ္စာပဲဆိုတာ သိတဲ့ ပုဂ္ဂိုလ်သေရင် နတ်ရွာ သုဂတိမှ တစ်ပါး ဘယ်မှ မသွားဘူးဆိုတာ ဧကန် ဆုံးဖြတ်ချက်ချ။ အားပေးစကားလား သစ္စာသိရင် သံသရာမလည်ဘူး ဆိုတာ သေချာတဲ့တရားလား။ (သစ္စာသိရင် သံသရာ မလည်တဲ့တရားပါဘုရား)
အလောင်းကောင် အသုဘကြီးတစ်ခု မလွှဲသာလို့ ဒီကျောင်းပေါ် ထားမယ်ဆိုပါတော့.. ဒီအသုဘကြီးထဲက ဘာတွေထွက်လာမှာလဲ မေးရင် နားထဲကထွက်လည်း သုဘထွက်မလား အသုဘ ထွက်မလား.. ပါးစပ်ထဲက နှာခေါင်းထဲက မျက်စိထဲက ထွက်တာ သုဘထွက်မလား အသုဘထွက်မလား။ (အသုဘပါဘုရား) နဂိုက ဘာမို့လို့ ဘာထွက်တာတုံး.. (အသုဘမို့လို့ အသုဘထွက်ပါတယ်ဘုရား) ဒီတော့ ခန္ဓာကိုယ်ထဲ ဘာသစ္စာတုံး.. (ဒုက္ခသစ္စာပါဘုရား)။
အသုဘကြီးထဲက ကျင်ကြီးထွက်လာ ကျင်ငယ် ထွက်လာ ချွေးထွက်လာ ရောင်ဖောလာ သွေးပြည် တွေထွက်လာ အသုဘတွေ ထွက်လာတာပဲ။ ငြိမ်နေတဲ့စိတ်ကရော ကြံနေတဲ့စိတ်ကရော ဒုက္ခသစ္စာပါပဲ။ ပစ္စုပ္ပန်ဘဝမှာ ပေါ်ချင်ရာပေါ် ဒုက္ခသစ္စာချည်ပဲဆိုတာ မသေချာဘူးလား။ ဒါဖြင့် ဒုက္ခသစ္စာ မသိသေးဘူးလို့ ဆိုကြမှာလား။ ဒီအသိနဲ့ သေရင် အပါယ်မကျဘူး ဆိုတာ လက်ကိုင် ထားရမယ်။ မပျင်းနဲ့.. ဒီအသိရပြီးရင် သေချင်းဆိုး မရှိတော့ဘူး။ သစ္စာသိသူအတွက် ပဋိစ္စသမုပ္ပ့ဒ် မရှိတော့ဘူး။
သစ္စာသိတဲ့ ပုဂ္ဂိုလ်မှာ ဒီခန္ဓာကနေ နောက်ခန္ဓာ မလိုချင် မစွဲလန်းတော့ဘူး။ တစ်ခါတည်း မဂ်ပေါ်သွားတယ်။ ဒုက္ခသစ္စာက အမှန်သိတာ မဂ္ဂသစ္စာက ဖြတ်ချတာ သေသေချာချာ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်သိရင်ဖြင့် "ငါသေရင် ဆွမ်းမသွတ်နဲ့ဟေ့" လို့ အိမ်မှာ မှာခဲ့။ ဘယ်လိုမှာမတုန်း... (ငါသေရင် ဆွမ်းမသွန်နဲ့ပါ ဘုရား) သစ္စာသိတွှဲသူ သံသရာပြတ်တယ်။ အောက်အပါယ်လေးပါး ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ် ရောက်မှ ဆွမ်းသွတ်ရမှာကိုးဗျ။
ခုတော့ သစ္စာသိတဲ့ပုဂ္ဂိုလ်တွေ ဆွမ်းသွတ်စရာ ရှိသေးရဲ့လား... (မရှိပါဘုရား) ကိုယ့်တိုင်လည်း သိအောင်လုပ်ပါ။ ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဘာသစ္စာတုံး... (ဒုက္ခသစ္စာ) သိတာက... (မဂ္ဂသစ္စာ) သေသွားတာက... (သမုဒယသစ္စာ) နောင်ခန္ဓာ မလာတာက... (ဒုက္ခနိယောဓသစ္စာပါဘုရား)။ ဒါဖြင့် ငါသေရင် သပိတ်မသွတ်နဲ့လို့ မှာရဲပြီလား.. (မှာရဲပါပြီဘုရား) မှာဖြစ်အောင်မှာပါ သေမှ အရှက်ကွဲ မခံပါနဲ့။
၁၃၂၄ သီတင်းကျွတ်လပြည့်နေ့ 12.10.1962 တွင် မိုးကုတ်ဆရာတော်ဘုရား ခန္ဓာဝန်မချမီ ၄ရက်အလို ဟောကြားခဲ့သော ငါသေရင် သပိတ်မသွတ်နဲ့ တရားတော်မှ ဓမ္မ သုတ မျှဝေပါ၏။
ဓမ္မ သုတ
Monday, October 2, 2017
သပိတ်သွတ်လွတ်တရား***မိုးကုတ်ဆရာတော်ကြီး
Subscribe to:
Post Comments (Atom)
-
မြန်မာ့ ဓားအမျိုးမျိုး ✏ ✏ ✏ ✏ ဓါးတွေရဲ့အကျဉ်းချူံးးလေးပါ ဓားမ၊ ဓားနှီး၊ ဓားချွန်၊ ဓားကုပ်၊ ဓားရှည်၊ ဓားမြှောင်၊ ဓားမရှည်၊ ဓားပါး၊ ဓားပေါက...
-
"ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။ သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော” ♠ဒုက္ခရောက်နေကြသူအားလုံးဒုက္ခကင်းကြပါစေ၊ ♠ ဘေးတွေ...
-
" အတိတ်နိမိတ် ယုံကြည်မှု " ★★★★★★★★★★★★★★ ပုထုဇဉ် မှန်သမျှ နိမိတ်ကောက်တဲ့သူတွေ များတယ်။ ယုတ်စွအဆုံး မျက်ခုံးလှုပ်တာေ တာင် လာဘ်ရမယ...
No comments:
Post a Comment